သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်အရေးအကြမ်းဖက်ဝါဒခြိမ်းခြောက်မှု ဒေသတွင်းရိုက်ခတ်နိုင်ဟု ဒေါ်စုထောက်ပြ


မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှု ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ဒေသတွင်းကိုပါ ရိုက်ခတ်လာနိုင်ကြောင်း စင်္ကာပူမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကြပ်အတည်းတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို အစပြုခဲ့တဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေဟာ ဒီကနေ့ အချိန်အထိ ရှိနေဆဲဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှာ ဒီနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်သမျှ လူမှုအသိုင်းအ၀န်းတွေကြား ပဋိပက္ခတွေ ကြုံရနိုင်တဲ့ အန္တရာယ်ရှိသလို၊ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းကိုပါ ကျော်လွန် ရိုက်ခတ်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ရာမှာ လူမျိုးစုအလိုက် ရှင်းလင်းရာ ရောက်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ပြောဆိုထားကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ခန့်မှန်းချေ ဒုက္ခသည် ၇ သိန်းလောက်ကို ပြန်လည်လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ သဘောတူလက်မှတ် ရေးထိုးထားတာတွေ ရှိပေမဲ့ အစီအစဉ်တွေ မစနိုင်သေးတဲ့အတွက်လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒုက္ခသည်တွေ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြန်ပို့ရေးအစီအစဉ်တွေ စတင်မှသာ မြန်မာနိုင်ငံဘက်က လက်ခံတဲ့ လုပ်ငန်းတွေ စနိုင်မှာဖြစ်ကြောင်းလည်း ဒီနေ့စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေစဉ်မှာပဲ တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG