သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချစ်ကြည်ရေးမြို့တော် အစီအစဉ်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Fort Wayne မြို့ရောက်


ချစ်ကြည်ရေးမြို့တော် အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Fort Wayne မြို့တော်ဝန် Tom Henry နဲ့ တွေ့ဆုံစဉ်
ချစ်ကြည်ရေးမြို့တော် အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Fort Wayne မြို့တော်ဝန် Tom Henry နဲ့ တွေ့ဆုံစဉ်

ချစ်ကြည်ရေးမြို့တော်တွေ ရဲ့ ပထမဆုံးအကြိမ် ကျောင်းသားအပြန်အလှန်လဲလှယ်ရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ကို မော်လမြိုင်နဲ့ မွန်တက္ကသိုလ်က ကိုယ်စားလှယ် (၆) ဦးရောက်ရှိပြီး သတင်းနှစ်ပတ်ကြာ လေ့လာနေကြပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ကစပြီး ချစ်ကြည်ရေးမြို့တော်တွေဖြစ်ခဲ့ကြတဲ့ ဖို့ဒ်ဝိန်းမြို့နဲ့ မြန်မာနိုင်ငံ မွန်ပြည်နယ်က မော်လမြိုင်မြို့ နှစ်မြို့ရဲ့ ပညာရေး အစီအစဉ်ကိုစတင်အကောင်အထည်ဖေါ်နေပြီး မကြာခင်နှစ်များအတွင်း ညီအမ မြို့တော်တွေဖြစ်လာအောင်ကြိုးပမ်းနေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဒီအစီအစဉ်မှာ ပါဝင်တဲ့ မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိကဆရာမ ဒေါ်မော်မော်သန်းကဖို့ဒ်ဝိန်းမြို့မှာရှိတဲ့ IPFW ခေါ် Indiana နဲ့ Purdue တက္ကသိုလ် တွေမှာ သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“IPFW ကလည်း International school ဆိုတော့လေ ၊ ကျမတို့ မော်လမြိုင် University နဲ့ဆိုရင် တော်တော်လေးကို လေ့လာစရာတွေအများကြီးတွေ့ပါတယ်။ အဓိကတော့ ကျောင်းသားတွေအနေနဲ့လည်း ကျမအနေနဲ့ ကြည့်မယ်ဆိုရင် ဒီမှာရှိတဲ့ ကျောင်းသားတွေက Self Study သဘောမျိုးပေါ့နော်၊ စာသင်ခန်းထဲမှာလည်း ဆရာမတွေနဲ့ သူတို့စကားပြောနိုင်ကြတယ်၊ ဆွေးနွေးကြတယ်၊ သူတို့ ချက်ချင်းမသိတာတွေမေးတယ်။ နောက်ပြီး Class Size ကလည်းပြောမယ်ဆိုရင် ၂၀ ကနေ ၃၀အထိပဲ အများဆုံးဆန့်တဲ့ Class size တွေကို IPFW မှာတွေ့ရတယ်ပေါ့နော်။ ကျမတို့ မော်လမြိုင်တက္ကသိုလ်အနေနဲ့ ဆိုရင် ကျောင်းသားအနေအထားက တခန်းကို ၁၀၀ ပတ်ဝန်းကျင်လောက်ရှိတဲ့သဘောပေါ့။ ၁၀၀ ပတ်ဝန်းကျင်လောက်ရှိတော့ ဆရာမအနေနဲ့ ကျောင်းသားတွေကို တဦးချင်းရဲ့ လိုအပ်ချက်တွေကို သိပ်အသေးမစိတ်နိုင်ဘူးပေါ့နော်။ ဒီမှာဆိုရင်တော့ ချက်ချင်းအသေးစိတ်ကြည့်တယ်၊ အဲလိုမျိုးလေးတွေကလည်း လေ့လာစရာပေါ့နော်။”

မော်လမြိုင်တက္ကသိုလ်မှာ အင်္ဂလိပ်စာ အထူးပြု မဟာဝိဇာဘွဲ့ကျောင်းသူ မခိုင်ဇင်သိန်းကတော့ အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လူမှုရေးနဲ့ ဝါသနာအလိုက်ဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်ကလပ်အသင်းလိုဟာမျိုးအပါအဝင် စာကြည့်တိုက်ကို များများအသုံးချတဲ့ အလေ့အကျင့်တွေဟာ အတုယူစရာကောင်းကြောင်း အခုလိုပြောပါတယ်။

“ကိုယ့်အငယ်တန်းတွေဆိုရင်လည်း ပြောပြဖို့ရှိတာပေါ့၊ ဒီဘက်ကလူတွေ ဘယ်လိုမျိုး စာလုပ်ကြတယ်၊ နောက်ပြီး ဘယ်လိုမျိုး Library ကိုကောင်းကောင်းအသုံးပြုကြတယ်။ ဒီမှာဆိုရင် ကျောင်းသားတွေက Part time Job တွေလည်း လုပ်ကြတယ်။ ကျောင်းမှာလည်း အလုပ်လုပ်တယ်၊ စာလည်းသင်တယ်၊ ဟိုမှာလည်း အဲဒီလိုမျိုးလုပ်နိုင်အောင်ဆိုပြီးတော့ တတ်နိုင်သလောက် ကူညီဖို့ရှိပါတယ်။”

ကျောင်းသားအပြန်အလှန် လဲလှယ်ရေးအစီအစဉ်မှာ သူတို့နှစ်ဦးအပြင် မော်လမြိုင်တက္ကသိုလ်မှာ မဟာဝိဇာဘွဲ့ တက်နေတဲ့ အင်္ဂလိပ်စာ အထူးပြုကျောင်းသားတဦးနဲ့ ကျောင်းသူ ၂ ဦး၊ မွန်တက္ကသိုလ်က သံဃာတော်တပါး၊ မွန်တက္ကသိုလ်ကျောင်းသားလူငယ်ခေါင်းဆောင်တဦး စုစုပေါင်း (၆)ဦး ပါဝင်တယ်။ ဒီအစီအစဉ်မှာပါဝင်သူတွေကို မော်လမြိုင် တက္ကသိုလ်က စီစဉ်ရွေးချယ် စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ် (၆)ဦးကို Fort Wayne မြို့တော်ဝန် Tom Henry ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပါတယ်။ တခါ Fort Wayne မြို့ IPFW တက္ကသိုလ် ဘက်ကလည်း မကြာခင်မှာ မော်လမြိုင်မြို့ကို ကျောင်းသူကျောင်းသား (၆)ဦးစေလွှတ်ဖို့ စီစဉ်နေကြောင်း Fort Wayne မြို့ ညီအမမြို့တော် ကော်မတီ ဥက္ကဌ ဒေါ်မင်းမြင့်နန်းတင်က ပြောပါတယ်။

“ဒီလကုန် ၂၅ ရက်နေ့ IPFW ကကျောင်းသား ၃ ယောက်ရယ်၊ ဆရာမ ၂ ယောက်ရယ်၊ ပြီးတော့ စာရေးဆရာ ၁ ယောက်ရယ် သူတို့ ၆ ယောက်သွားကြမယ်။ မော်လမြိုင်ကို ဟိုမှာ ၂ ပတ် ၃ ပတ်ရှိမယ်။ အခုလက်တလော ကတော့ ကျမတို့ ပြီးခဲ့တဲ့အပတ်ကနေ ပြန်လာတော့ အင်္ဂလိပ်စာ ဆရာမ တယောက်ထားခဲ့ပေးတယ်၊ ဒီမော်လမြိုင် University ရဲ့ အင်္ဂလိပ်စာ Department မှာ သူအခု အဲဒီမှာ ၈ ပတ် ရှိမယ်ပေါ့။ ဟိုက မော်လမြိုင် တက္ကသိုလ်ကနေပြီးတော့ သူတို့ တာဝန်ယူပြီးတော့ဆောင်ရွက်သွားပေးမယ်။”

ချစ်ကြည်ရေးမြို့တော်တွေရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ နှစ်နိုင်ငံ မြို့နှစ်မြို့ရဲ့ ကူးလူးဆက်ဆံမှု၊ နိုင်ငံသားချင်း ချစ်ကြည်ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှု အပြန်အလှန်လဲလှယ်ရေးအရ ဦးစားပေးအနေနဲ့ ပညာရေးအစီအစဉ်ကို အကောင်အထည်ဖေါ်နေတာဖြစ်ကြောင်း ဒေါ်မင်းမြင့်နန်းတင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG