မြန်မာနိုင်ငံ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကြပ်အလုပ်ခိုင်းစေခံရတဲ့ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတည်းက ထိုင်းနိုင်ငံက ပြန်ပို့နေပြီး မနေ့က တနင်္ဂနွေနေ့ Tak ခရိုင်ကနေ နောက်ဆုံး ၇၁ ယောက် ပါတဲ့ လေယာဉ်ထွက်ခွာသွားကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ကြာသာပတေးကနေ တနင်္ဂနွေနေ့အထိ နေ့စဉ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို တရုတ် နိုင်ငံ Southernလေကြောင်းလိုင်းနဲ့ Jiangsu ပြည်နယ် Nanjing မြို့ကို ပြန်ပို့လိုက်ကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အဓိကရှိတဲ့နယ်မြေကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့် တပ် BGF က လောင်းကစားရုံတွေမှာ အလုပ်လုပ်တဲ့လူတွေ ထောင်နဲ့ချီဖမ်းဆီးပြီး အသုတ်လိုက် ထိုင်းနိုင်ငံကနေ ပြန်ပို့ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံသား (၁,၄၀၀) ကျော်ကို ပြန်ပို့ခဲ့ကြောင်း The Nation သတင်းစာမှာလည်းရေးပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာက လူတွေကို အွန်လိုင်းကနေ လိမ်ညာဖို့ ကြိုးပမ်းခဲ့သူတွေဟာ အခုတော့ ကရင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာက ထောင်နဲ့ချီပြီး လူတွေပြည့်သိပ်ကြပ်နေတဲ့ အခန်းကျဉ်း ထဲမှာ ချုပ်နှောင်ခံဘဝကို ရောက်သွားတဲ့အကြောင်းကိုလည်း AP သတင်းက ရေးပါတယ်။ ဖမ်းဆီးခံထားရတဲ့ လူ (၈၀၀) လောက်ဟာ ညစ်ပတ်ပေရေနေတဲ့ အိမ်သာဆယ်လုံးလောက်နဲ့အခန်းကျဉ်းထဲ ကျန်းမာရေးစောင့်ရှောက် မှု မရှိတဲ့အခြေအနေမှာ နေထိုင်ရတဲ့အကြောင်းလည်း အိန္ဒိယနိုင်ငံသားတယောက်က ပြန်ပြောပြတာကို သတင်းကဖော်ပြပါတယ်။
အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် အာရှဒေသတွင်း ၂၀၂၃ ခုနှစ်တနှစ်ထဲမှာ ဒေါ်လာငွေ (၁၈) ဘီလျံကနေ (၃၇) ဘီလျံအထိ ဆုံးရှုံးခဲ့တဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က ခန့်မှန်းထားပါတယ်။
Forum