သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ရှေ့တိုးနိုင်ဖို့ အကူအညီလိုဆဲ


ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ
ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် တတိယမြောက်နေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကူအညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောကြားရင်း မပြီးဆုံး သေးတဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆက်လက် ကူညီကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်နေပြီဖြစ်သည့်တိုင်အောင် ရှေ့ကို တဆင့်လှမ်းနိုင်မယ့် အကူအညီတွေလိုအပ်တယ်လို့ အမေရိကန်အောက်လွှတ်တော် ဒီမိုကရေစီရေးရာ မဟာမိတ်အဖွဲ့ရဲ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းအယ်ဒီတာ ဦးသိန်းထိုက်ဦးက ပြောပြပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် Nancy Pelosi နဲ့ တခြားလွှတ်တော်ခေါင်းဆောင်တွေကို တွေ့ဆုံပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံအရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ NewYork ပြည်နယ် အမတ် Joe Crowley နဲ့အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးအောင်လင်း တို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အခုလိုလွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်းဟာ မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အထိနာစေတဲ့ ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုထားတဲ့အချိန်ဖြစ်ပြီး လွှတ်တော်အမတ်တွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ NewYork ပြည်နယ် ဒီမိုကရက်အောက်လွှတ်တော်အမတ် Joe Crowley နဲ့ Ohio ပြည်နယ် အောက်လွှတ်တော်အမတ် Steve Chabot တို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားမယ်ဆိုရင် စိုးရိမ်တဲ့အကြောင်းကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

တချိန်ထဲမှာ မေရီလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben cardin နဲ့ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် John McCain တို့ကတော့ ဒီမိုကရေစီတိုးတက်ရေးကို ဘယ်လိုထောက်ခံအားပေးမလဲ ဥပဒေကြမ်းတရပ်တင်သွင်းထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေးမှာ ဒီမိုကရက်တစ်ပါတီရော ၊ရီပတ်ပလင်ကန်ပါတီ ခေါင်းဆောင်တွေကပါ ထောက်ခံအားပေးခဲ့တာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အခုလိုလာရောက်တဲ့အပေါ်မှာ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ်ကူညီပေးခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်က အောက်လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေး မိတ်ဖွဲ့အဖွဲ့များ National Democratic Institute (NDI) နဲ့ International Republican Institute (IRI) နဲ့ ဖွံ့ဖြိုးရေး အကူညီပေးနေတဲ့ USAID အဖွဲ့က အရာရှိတွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် John McCain က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအစိုးရသစ်က ဆက်လက်လုပ်ဆောင်နေတဲ့ လူမှုရေး၊ နိုင်ငံရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားလှတဲ့ တိုးတက်ပြောင်းလဲမှု လမ်းခရီးမှာ သူရဲကောင်းတွေ အများကြီးရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ စံနမူနာအဖြစ်ပြသရပ်တည်မှုမရှိခဲ့ရင် ဒီခရီးစဉ်က ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ်ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ကလည်း အခုလိုပြောဆိုသွားပါတယ်။

“ကျမတို့ အမေရိကန်တွေအနေနဲ့ မြန်မာနိုင်ငံ ဘယ်လမ်းကိုသွားရမယ်ဆိုတာ ရွေးချယ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် တတ်နိုင်တဲ့အချိန်တက်နိုင်တဲ့နေရာမှာ ကူညီဖို့ရာ တာဝန်ရှိပါတယ်။ ဒီအတွက် ကျမတို့ဟာ ဒီနေရာကို ဒီကနေ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ သူတို့တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမူဟာ ပြီးပြည့်စုံခြင်းမရှိသေးဘူး၊လုပ်စရာတွေအများကြီးကျန်သေးတယ်လို့ ဒေါ်စုကပြောတဲ့အတွက် ကျမတို့ ဖြစ်စေချင်တဲ့အတိုင်း လွတ်လပ်ပြီးတော့ ဖိနှိပ်ချုပ်ချယ်မှုကင်းတဲ့ စည်းလုံးညီညွတ် သာယာဝပြောတဲ့ နိုင်ငံဖြစ်လာအောင် ကျမတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူတို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံအပေါ်အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားရေးမှာ သဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့အရေးကို ဆက်လက်ပြီးထောက်ခံအားပေးဖို့ မိတ်ဆွေကောင်း ပီသစွာ ရပ်တည်ပေးကြဖို့ ပန်ကြားသွားပါတယ်။

“ကျမတို့ဟာ အဆင့် သစ် တရပ်ကို မရောက်ရှိသေးဘူးလို့ပြောချင်ပါတယ်။ ဒါကိုကျမက အောက်လွှတ်တော်က မိတ်ဆွေတွေနဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ထဲက တယောက်က Empowerment စွမ်းရည်မြင့်တင်ရေးဆိုတဲ့ စကားကို သုံးသွားပါတယ်။ ဒါမှန်ပါတယ်။ အခုကျမတို့လိုတာက စစ်မှန်သော လုပ်နိုင်စွမ်း ရရှိရေးဖြစ်ပါတယ်။ ကျမတို့ဟာ ချိုင်းထောက် မလိုတော့ပါဘူး။ ချိုင်းထောက်ဆိုတာ ကိုယ့်ခြေထောက်မှာ ကိုယ်မရပ်နိုင်တုန်း ကူညီဖေးမတဲ့ အရာပါ။ အခုအခါမှာတော့ ကျမတို့ဟာ ကိုယ့်ခြေကိုယ် ရပ်နိုင်တဲ့အချိန်ရောက်လာပါပြီ။ ဆက်လက်ရပ်တည်ဖို့နဲ့ ရှေ့ကိုလှမ်းသွားနိုင်ဖို့စွမ်းရည်လိုပါတယ်။ ဒီနေရာမှာ လူကြီးမင်းတို့နဲ့အတူ တခြားမိတ်ဆွေတွေကို ကျမတို့နဲ့ အတူရှိစေချင်ပါတယ်။ ကျမတို့အရေးအတွက် အတူ ရှိစေချင်ပါတယ်။ ကျမတို့နဲ့ သဘောမတူညီနိုင်ရင်တောင်မှ မိတ်ဆွေတွေပါပဲ။ မိတ်ဆွေဆိုတာဟာ အမြဲတမ်း သဘောထားခြင်းတူညီနေရမယ်လို့ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေစတင်လုပ်ဆောင်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစလို့ အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖယ်ရှားပေးခဲ့ပေမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အဟန့်အတားဖြစ်အောင်လုပ်တဲ့သူတွေလို့ ယူဆရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတချို့အပေါ်မှာတော့ ပစ်မှတ်ထား အရေးယူမှုတွေ ဆက်လက်ချထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ အတွက်လမ်းဖွင့်ထားနိုင်ပြီဖြစ်လို့ ကျန်တဲ့ပိတ်ဆို့ ဒဏ်ခတ်မှုအားလုံးကို ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တိုက်တွန်းပေးခဲ့တာပါ။

နေ့ခင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်ဒီစီက Theodore Roosevelt အထက်တန်းကျောင်းကိုသွားရောက်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တလျှောက်လုံးမှာ မြန်မာ့အရေးထောက်ခံအားပေးတဲ့သူတွေလည်း စောင့်ဆိုင်းကြိုဆိုခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard တက္ကသိုလ်က ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် Harvard Humanitarian of the Year (လူသားချင်းစာနာမှုဆိုင်ရာဆု ) ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ Newyork ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်ပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့အစဉ်အစဉ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG