သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် မြန်မာနိုင်ငံထဲ သွားရောက်နိုင်ရေး ကြိုးပမ်းဆဲ


ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)
ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)

(Zawgyi/Unicode)

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ ဆက်လက်ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ မစ္စ Schraner Burgener က မြန်မာနိုင်ငံထဲသွားရောက်နိုင်ဖို့ ဆက်ကြိုးစားနေပါတယ်။ သူ့ကို မြန်မာစစ်တပ်က နိုင်ငံတွင်းဝင်ရောက်ခွင့်ရော၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံနေရတဲ့ ခေါင်းဆောင်တွေနဲ့ပါ တွေ့ခွင့်ပြုမယ်လို့ သူက မျှော်လင့်ထားကြောင်း" ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ပြီး ငြိမ်းချမ်း တည်ငြိမ်စေဖို့ အတွက် မြန်မာစစ်တပ်နဲ့ ပြန်ဆွေးနွေးဖို့ အသင့်ပြင်ထားသလို မြန်မာနိုင်ငံကို အချိန်မရွေး သူသွားရောက်ဖို့ အသင့် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

မစ္စ Burgener ဟာ ဒီသီတင်းပတ်ထဲမှာပဲ အာရှဒေသကို သွားရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သူ့ခရီးစဉ်မှာ ပထမဆုံး ထိုင်းနိုင်ငံကို သွားရောက်တဲ့အခါ ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေ၊ ဒေသဆိုင်ရာ ကုလသမဂ္ဂအရာရှိတွေနဲ့ ဘန်ကောက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက သံအမတ်တွေနဲ့ တွေ့ဆုံဖို့ရှိကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ပြန်ရစေဖို့ အတွက် ဒေသတွင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍ အရေးပါသလို အိမ်နီးချင်းနိုင်ငံတွေ ညီညီညွတ်ညွတ်နဲ့ ကြိုးစား ဖြေရှင်းဖို့ လိုအပ်နေကြောင်း မစ္စ Burgener က ထပ်တလဲလဲ ထောက်ပြပြောဆိုနေသလို သူ့အနေနဲ့ ဆက်လက်ပံ့ပိုးပေးနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ရှမ်းပြည်နယ်နဲ့ အရှေ့တောင်ပိုင်းက ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြီးအကျယ်ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်းနဲ့ အဲဒီဒေသတွေမှာ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးနေကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG