သုံးရလွယ်ကူစေသည့် Link များ

ကုလအဖွဲ့တွေ ရခိုင်မြောက်ပိုင်း ခရီးစဉ်စတင်


 ပြန်လည်လက်ခံရေးစခန်းများ (MOI)
ပြန်လည်လက်ခံရေးစခန်းများ (MOI)

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာအကဲခတ်ဖို့ ကုလသမဂ္ဂ အေဂျင်စီက တာဝန်ရှိသူတွေရဲ့ ခရီးစဉ် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာပေါင်း ၂၃ ရွာကျော်နဲ့ ကျေးရွာအုပ်စု ၃ ခုကို စတင် ကွင်းဆင်းလေ့လာ မှာဖြစ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေဘက်ကလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် မမေခက ပေးပို့ထားပါတယ်။

ကုလသမဂ္ဂဝန်ထမ်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ကျေးရွာ တွေကို ခရီးသွားလာခွင်ပြုလိုက်တာဟာ အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးUNHCR နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့အကြား လက်မှတ်ရေးထိုးထားတဲ့ MOU ခေါ် နားလည်မှု စာချွန်လွှာကို စတင်အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။

ကနဦးအဆင့်အနေန့ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာပေါင်း ၂၃ရွာကျော်ကို စတင်ကွင်းဆင်းနေပြီဖြစ်တဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံUNHCRပြောခွင့်ရအမျိုးသမီး Aoife McDonnell ကVOA ကိုအခုလို ပြောပါတယ်။

“ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်အဖွဲ့တွေရခိုင်ပြည်နယ်အတွင်း လေ့လာအကဲဖြတ်မယ့်ကနဦးအစီအစဉ်ကိုဒီနေ့စတင်ပါပြီ။ မြန်မာအစိုးရဘက်ကအကြံပြုထားတဲ့၊ရွာပေါင်း၂၃ရွာကအခြေအနေကို လေ့လာမှာဖြစ်သလိုရခိုင်မြောက်ပိုင်းက ကျေးရွာအုပ်စု၃စုကိုလည်းသွားရောက်ကြည့်ရှု့မှာပါ။ဒါဟာပထမအဆင့်အစပျိုးတဲ့အဆင့်ပဲရှိပါသေးတယ်။ဒုက္ခသည်တွေ နေရပ်ကိုလုံခြုံဘေးကင်းပြီးသူတို့သဘောဆန္ဒနဲ့အညီ ပြန်လာနိုင်မယ့်အခြေအနေမျိုးရှိမရှိ လေ့လာမှာဖြစ်ပါတယ်။လူမှုရေးအရအတူတကွပူးပေါင်းရပ်တည်နိုင်တဲ့အခြေအနေတည်ဆောက်နိုင်ရေးအတွက်လည်း လေ့လာအကဲဖြတ်မှာပါ။ဘယ်ရွာတွေဆိုတာသိဖို့၊ဘာတွေလိုအပ်သလဲဆိုတာသိဖို့၊နားလည်နိုင်အောင်ကြိုးစားသွားမှာဖြစ်သလို၊ ဒေသခံတွေနဲ့ထိတွေ့ဆက်ဆံပြီးဘယ်လိုအထောက်အပံ့တွေပံ့ပိုးပေးနိုင်မလဲဆိုတာကိုသိဖို့ကြိုးစားသွားမှာပါ။အဓိကကတော့ယုံကြည်မှုတည်ဆောက်နိုင်ဖို့လုပ်ကိုင်သွားမှာပါ။” လို့ ပြောဆိုသွားတာပါ။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှုး ဒေါက်တာ အောင်သူရိန်က တော့ ကုလသမဂ္ဂအရာရှိတွေရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လေ့လာအကဲဖြတ်မယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလိုပြောပြတာပါ။

“ အခုက လုပ်ငန်းတွေမလုပ်ခင်မှာ မြေပြင် ပကတိအခြေအနေ မြေပြင်အနေအထားကို ကွင်းဆင်း ကြည့်တဲ့ သဘောပေါ့။ အဲဒါကို UNDP နဲ့ UNHCR ပေါင်းလုပ်နေပြီ။ ဟိုရက်ထဲကနေစလုပ်နေပါပြီ။ ကျနော်တို့က Phase By Phase လုပ်ရတာပေါ့။ အခုက Phase 1အနေနဲ့သွားနေတာပေါ့။ အဲဒါပြီးရင် သူတို့လုပ်ခဲ့တဲ့ အခြေအနေကနေ စည်းဝေးလုပ်မယ်။ ဒါပြီးမှ Phase 2 ဆက်သွားမှာပါ”

အခုလို ကုလသမဂ္ဂ အရာရှိတွေ ကွင်းဆင်းလေ့လာရာမှာ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်မလဲလို့ မေးမြန်းရာမှာမှာတော့ ဒေါက်တာ အောင်သူရိန် က

“ မြေပြင်ကွင်းဆင်းတာက ကျနော်တို့သဘောတူထားတာ ကျေးရွာအုပ်စု ၁၃စုမှာပါတဲ့ ကျေးရွာ ၂၃ရွာ ပေါ့။ အဲဒါဘူးသီးတောင်မောင်တောမှာပါတာတွေပေါ့။ နောက်မောင်တောက တောင်ပြိုက ကျေးရွာ အုပ်စု ၃စုပေါ့ ဒါက Phase ၁ မှာ သဘောတူထားတာတွေပါ။ ကွင်းဆင်းလုပ်တာမှာ လွတ်လပ်စွာပြော ဆိုလုပ်ကိုင်ခွင့် Independence လုပ်ပိုင်ခွင့်ပေးထားတယ်။ လုံခြုံရေးပိုင်းကူညီပေးတယ်။ မေးတာမြန်း တာမှာ သူတို့ လူတွေနဲ့ဘဲ လုပ်ကိုင်ခွင့်ပေးပါတယ်”

ကုလသမဂ္ဂအရာရှိတွေကတော့ ဒီ ကနဦး အကဲဖြတ် စစ်ဆေးချက်တွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဂျုလိုင်လကတည်းက ဆွေးနွေးနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ စီမံချက်တွေရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ချက်ခြင်း သက်ရောက်မှု ရှိနိုင်တဲ့၊ ခရီးစဉ်မှာ လိုအပ်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်နိုင်ရေး အကဲဖြတ် လေ့လာမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG