သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာစစ်ဘက်ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ အရပ်သားအစိုးရနဲ့ ညှိနှိုင်းမည်


အမေရိကန်ပြည်ထောင်စု ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုဒ် နှင့်အဖွဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ (US Embassy Rangon)
အမေရိကန်ပြည်ထောင်စု ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုဒ် နှင့်အဖွဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ (US Embassy Rangon)

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ စစ်ဖက် ဆက်ဆံရေး တိုးမြင့်ဖို့ကိစ္စရပ်ကို မြန်မာအရပ်ဖက်အစိုးရနဲ့ ညှိနှိုင်းပြီးသာ လုပ်ဆောင် မှာဖြစ်တယ် လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောလိုက်ပါတယ်။ မြန်မာစစ်ဖက်ကို အရပ်ဖက်အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အနေအထားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုလားတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ရဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ မြန်မာ့အရေးမူဝါဒဆိုင်ရာ ရှင်းလင်းပြောဆို ပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။ အဲဒီကို သွားရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားတာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မူဝါဒမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဖြစ်ထွန်းမှု၊ အမျိုးသားရင်ကြားစေ့ရေးအောင်မြင်မှု၊ တိုးတက်ဖွံဖြိုးမှု၊ နိုင်ငံတကာနဲ့ ဝင်ဆန့်မှု စတဲ့ မိတ်ဆွေနိုင်ငံ တနိုင်ငံရဲ့အောင်မြင်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ကန် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောခဲ့ပါတယ်။ Mr.Ben Rhodes ဟာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှာ ဒီကနေ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေနဲ့တွေ့ပြီး မေးမြန်းချက်တွေကို ဖြေဆိုသလို၊ သတင်းထောက်တွေရဲ့ အမေးကိုပါ တပါတည်း ဖြေဆိုခဲ့တာပါ။

Ben Rhodes (US Embassy Rangon)
Ben Rhodes (US Embassy Rangon)

ဒီမိုကရေစီအခြေခံကောင်းတွေပေါ်မှာ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးတိုးမြင့်ဖို့ကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သုံးသပ်နေတယ်လို့ Ben Rhodes က ပြောပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အရပ်ဖက်အုပ်ချုပ်ရေးပိုင်းနဲ့ ညှိနှိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ စစ်ဖက်နဲ့ ဆက်ဆံရေးတိုးမြင့်ဖို့ကိစ္စမှာ သတ်မှတ်ချက်တခုကတော့ အရပ်ဖက်အစိုးရနဲ့ညှိုနှိုင်းဆောင်ရွက်ရမယ်ဆိုတာပါ။ စစ်တပ်နဲ့ဆက်ဆံဖို့ရာ အရပ်ဖက်နဲ့ ညိနှိုင်းဆောင်ရွက်ရမယ်ဆိုတာပါပဲ။ အရပ်ဖက်အာဏာပိုင်တွေကို အရေးပေးတယ်ဆိုတာ ပြတာပါ။”

လက်ရှိအားဖြင့်တော့ တပ်မတော်နဲ့ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စ တရားဥပဒေစိုးမိုးရေးကိစ္စရပ်ပိုင်းတွေဖြစ်ပြီး၊ ဆက်ဆံရေးတိုးချဲဖို့ သုံးသပ်ရာမှာ အရပ်ဖက်အုပ်ချုပ်ရေးပိုင်းနဲ့ညှိုနှိုင်းမယ်ဆိုတဲ့ သဘောပါ။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက မူဝါဒကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေတဲ့ အစိုးရရဲ့ လုပ်ငန်းတွေ အောင်မြင်စေရေး အကူအညီပေးသွားဖို့ဖြစ်တယ်လို့လည်း Ben Rhodes က ပြောပါတယ်။

“ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိ အခြေခံရည်မှန်းချက်ကတော့ အစိုးရရဲ့ဆောင်ရွက်မှုတွေ အောင်မြင်စေရေး အကူအညီပေးဖို့ပါ။ အစိုးရရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆောင်ရွက်ချက်တွေ အောင်မြင်စေဖို့၊ စီးပွားရေးဖွံဖြိုးမှုတွေ ဟာ မြန်မာပြည်သူအားလုံးခံစားခွင့်ရရှိစေဖို့၊ ပြည်သူတွေ ပိုပြီး လွတ်လပ်ခွင့်ရဖို့၊ အမျိုးသားရင်ကြားစေ့ရေးအောင်မြင်ဖို့နဲ့ မြန်မာအနေနဲ့ နိုင်ငံတကာနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ထိစပ်ဆက်ဆံလာနိုင်ဖို့ဖြစ်ပါတယ်။”

မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်မှု၊ စီးပွားရေးဖွံဖြိုးမှု၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးမှု စတဲ့ ဖွံဖြိုးရေးကိစ္စရပ်တွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ထပ် ဒေါ်လာ၂၁ သန်း အကူအညီပေးသွားမယ်လို့လည်း Ben Rhodes က ပြောပါတယ်။ တချိန်တည်းမှာတော့ လက်ရှိ ရှိနေတဲ့ အမေရိကန်ရဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုပိုင်းမှာ အချို့အကန့်အသတ်တွေရှိနေနိုင်တာကို နားလည်ပြီး၊ ဒီအတွက် အမေရိကန်ဘက်က မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေ ကို ပြန်လည်သုံးသပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာလည်းပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ GSP ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးပေးဖို့ စဉ်းစားဆောင်ရွက်နေပြီး၊ မြန်မာနိုင်ငံရဲ့ အလုပ်သမားအခွင့်အရေး အခြေအနေဟာဒီအတွက် အရေးပါတဲ့ သတ်မှတ်ချက်ဖြစ်တယ်လို့ ပြောသွား ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းနဲ့ပတ်သက် လို့လည်း အခက်အခဲတွေ ရှိဦးမယ်ဆိုတာ အမေရိကန်ပြည်ထောင်စုအနေနဲ့ နားလည်သဘောပေါက်ထားပြီး၊ အောင်မြင်ရေးအတွက် တတ်နိုင်သမျှ အကူအညီပေးမယ်လို့ဆိုပါတယ်။ တချိန်တည်းမှာတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ပြည်သူချင်းဆက်ဆံရေးပိုင်းကိုလည်း အလေးထား တိုးမြင့်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးအနာဂတ်ကို ပုံဖော်မယ့် မြန်မာလူငယ်တွေနဲ့ ထိစပ်မှုကို အလေးထားပြီး၊ ဒီအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ လူငယ်အစီအစဉ်အတော်များများ ကို ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ Mr. Ben Rhodes ရဲ့ ဒီကနေ့ ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနက ကျောင်းသားတွေ တတ်ရောက်ပြီး၊ မေးမြန်းရာမှာတော့ လက်ရှိ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒကိစ္စတွေအပြင် လက်ရှိ အမေရိကန်ပြည်တွင်းက အကြမ်းဖက်ဝါဒစွဲကိုင် တိုက်ခိုက်မှုအခြေအနေ ၊နိုင်ငံတကာ အထူးသဖြင့် အာရှဒေသတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဆိုင်ရာတွေကိုပါ မေးမြန်းသွားတာတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG