ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင်မြစ်ဝှမ်းတလျှောက်က နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ၆၆ ဘီလျံ ပမာဏ ရင်းနှီးမြှပ်နှံမှု အစီအစဉ်တရပ်နဲ့ ပတ်သတ်ပြီး သဘောတူညီခဲ့ကြပါတယ်။ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ဒီကနေ့ ဆွေးနွေးပွဲကနေ အခုလို သဘောတူညီမှုရခဲ့တာဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် ADB က ၇ ဘီလျံနဲ့ ကျန်ပမာဏကိုတော့ အစိုးရတွေ တခြားစီးပွါးရေးလုပ်ငန်းတွေက ထည့်ဝင်မှာပါ။
ဒီ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လော၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပါတယ်။ မဟာမဲခေါင်မြစ်ဝှမ်းဒေသ စီးပွါးရေးပူးပေါင်းဆောင်ရေး အစီအစဉ်ကို အာရှဖွံ့ဖြိုရေးဘဏ်က ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခြေခံအဆောက်အအုံနဲ့ တခြားကိစ္စရပ်တွေ အတော်မျာများအတွက် ငွေကြေးနဲ့ နည်းပညာပံ့ပိုးပေးခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၂၀၀၀ လောက်လည်း တက်ရောက်ခဲ့ပြီး ဒေသတွင်း စီးပွါးရေးလုပ်ငန်းတွေ အပြန်အလှန် ချိတ်ဆက်ခွင့်လည်း ရရှိစေခဲ့တာပါ။ ဒီမဲခေါင်မြစ်ဝှမ်း နိုင်ငံများအစည်းအဝေးကို မြန်မာ ဒုသမ္မတ ဦးဟန်နရီ ဗန်ထီးယူလည်း တက်ရောက်ပါတယ်။