သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကမ်းရိုးတန်းအနီး မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်


(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မြစ်ဝကျွန်းပေါ်ကို ဖြတ်တိုက်ခတ်လာမယ့် လေဖိအားနည်းရပ်ဝန်းတခုဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီနဲ့ကရင်၊ မွန်ပြည်နယ်တွေမှာ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ၂၄နာရီအတွင်း မိုးကြီးနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မိုးသက်လေပြင်း ကျရောက်ချိန် လေတိုက်နှုန်းပြင်းထန်တဲ့အတွက် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ငါးဖမ်းလုပ်ငန်းတွေ သင်္ဘောတွေကိုလည်း မုန်တိုင်းသတိပေးချက်တွေထုတ်ပြန်ထားသလို မိုးလေပြင်းထန်ချိန် မုန်တိုင်းသတိပေး ကြေညာချက်တွေကို ဂရုစိုက် နားထောင်ကြဖို့နဲ့ ရေလမ်းခရီးသွားမယ့်ပြည်သူတွေ အထူးသတိထား သွားလာကြဖို့ မိုးဇလပညာရှင်က သတိပေးပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်စုံစမ်းတင်ပြထားပါတယ်။

၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ ညနေပိုင်း တိုင်းတာချက်တွေအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ နောက် ၁၈နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်ပြီးတော့ (၃၆)နာရီ အတွင်းမှာတော့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ကျော် ဝင်ရောက်နိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ရဲ့ အရှိန်ကြောင့်လည်း နောက်(၂၄)နာရီအတွင်း ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး တနာရီကို မိုင်(၄၀) နှုန်းအထိ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်နိုင်ခြေရှိတယ်လို့လည်း ဦးကျော်မိုးဦးက ခန့်မှန်းပါတယ်။

"ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ နောက် ၁၈ နာရီအတွင်းမှာတော့ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ် ။ နောက် ၃၆နာရီ အတွင်းမှာတော့ မြစ်ဝကျွန်းပေါ်ဒေသ တွေကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရတယ်။ မြစ်ဝကျွန်းပေါ်ဒေသ တွေကိုဖြတ်သွားမယ် ပြီးသွားရင်သူက ရေထဲကို ပြန်ဆင်းသွားပြီးတော့ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းကို ရခိုင်ကမ်းရိုးတန်းတွေကို ရွှေ့သွားမယ့်အနေအထားလေးတွေ့ရတယ်။ သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ ရလမ်းပို့ဆောင်ရေးဝန်ကြီးဌာနတို့ သူတို့ကနေပြီးတော့ သွားလာခွင့်တွေကို ပိတ်ထားတယ် ဒီရက်ပိုင်းမှာ။"

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအမြင့်ပေက ၉ပေကနေ ၁၂ပေအထိမြင့်တက်လာနိုင်တဲ့အတွက် မိုးဇလဘက်ကနေ အထူးသဖြင့် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေ သင်္ဘောတွေနဲ့ ရေလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ မိုးဇလတာဝန်ရှိသူက ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ တနင်္သာရီကမ်းရိုးတန်းကနေ အစပြု တည်ရှိနေတဲ့အရှေ့လေပွေလှိုင်းဟာ ဒီနေ့ အောက်တိုဘာ ၂၁ရက်ကနေ နောက်နှစ်ရက်အတွင်းမှာတော့ တနင်္သာရီကမ်းလွန်နဲ့ရခိုင်ကမ်းရိုးတန်းဒေသတွေကိုဖြတ်သန်းသွားနိုင်တဲ့အတွက် ဖြတ်သန်းသွားရာ လမ်းတလျောက်က ရေလမ်းခရီးသွားပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ကိုလည်း မိုးလေဝသဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

"ကျနော်တို့အခေါ်တော့ အရှေ့လေပွေလှိုင်းလို့ခေါ်တာပေါ့နော်။ မုန်တိုင်းငယ်တခုဝင်ပြီးတော့ မွန်ကရင် တနင်္သာရီဖြတ်ပြီးတော့ မုတ္တမကွေ့ကနေပြီးတော့ ဧရာဝတီတိုင်းကို ဖြတ်ပြီးတော့ ရခိုင်ဘက်ကို သွားမယ့်လမ်းကြောင်းပေါ့နော် ။ အဲဒါက တခုပြီးတခု ဖြတ်နေတာပေါ့နော် လောလောဆည် တခုဖြတ်ဖို့ရှိတယ် ၊ မနေ့က တခုဖြတ်သွားတယ်ပေါ့နော်။ နောက်ပိုင်းအရေးကြီးတာက ကျနော်တို့ စိုးရိမ်တာက ဖြတ်လာရင် မိုးရွာလေတိုက်တာပေါ့ ဒါပေမယ့် ဘင်္ဂလား ပင်လယ်အော်ထဲရောက်ရင် မုန်တိုင်းပြန်ဖြစ်တတ်တော့ မုန်တိုင်းဖြစ်မလားလို့ စောင့်ကြည့်နေတယ်။ လောလောဆည် လေပွေလှိုင်းတွေနဲ့ မုန်တိုင်းကြွင်းအကျန်လို့ပြောလို့ရတယ်။အဲဒါတွေဖြတ်နေတာပါ။

မေး။ ။ အဲဒီတော့ လူထုကိုရော လက်တလော မိုးလေဝသအခြေအနေနဲ့ ပတ်သက်ပြီးတော့ သတိပေးစကား ဘာများပြောချင်တာရှိပါသလဲရှင့်။

ဖြေ။ ။ ကျနော်တို့ကတော့ ပြောနေတာပဲလေ။ လေတိုက်မယ် မိုးရွာမယ် ဒါကပြောနေတာပဲလေ။ အဲဒီတော့ ကိုယ်သွားမယ့်လမ်းကြောင်းကတော့ ဧရာဝတီတိုင်း ကမ်းရိုးတမ်းပါနေတော့ ငပလီရော၊ ချောင်းသာရော၊ ငွေဆောင်ဘက်ကို ဒီလေကတော့ ရောက်မယ်ဆိုတာ ခန့်မှန်းချက်မှာ ပါတော့ အဲဒီကိုသွားတဲ့လူတွေ သတိထားသွားဖို့ အဲဒါတွေ သတိပေးထားပါတယ်။"

မနေ့ညပိုင်းက ရုတ်တရက်ဆိုသလို ရန်ကုန်တိုင်းနဲ့ ပြည်နယ်အချို့မှာ ပြင်းပြင်းထန်ထန် လေပြင်းတိုက်ခတ်သွားခဲ့တဲ့အတွက် ရန်ကုန်မြို့နေပြည်သူတွေလည်း အတော်လေးကို စိုးရိမ်ခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ ကိုစိုးမိုးမြင့်က သူ့အတွေ့အကြုံ အခုလိုပြောပြပါတယ်။

" ၈ နာရီနဲ့ ၉ နာရီပတ်ဝန်းကျင်မှာ ရုတ်တရက်ကြီးဖြစ်တာခင်ဗျ ။ ပထမကတော့ နေ့လည်ပိုင်းမှာ မိုးလေဝသက အဲလောက်ဆိုးဆိုးကြီးမဟုတ်ဘူး။ ဒါပေမယ့် ညဘက် အဲဒီအချိန်မှ လေတိုက်ပြီးတော့ တခါတည်းမိုးရွာတာ ။ တချို့ ကျနော့်မိတ်ဆွေတွေဆိုရာ ချောင်းသာသွားတယ်၊ သွားပြီးမှ မိုးရွာနေတဲ့အခါကျတော့ အဆင်မပြေမှုလေးတွေရှိတာပေါ့လေ။ ဘာပဲပြောပြောမုန်တိုင်းလည်းရှိနေတဲ့အခါကျတော့ ဖုန်းဆက်ဘာဆက်နဲ့ ခရီးကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားလို့မရတဲ့အနေအထားလေးတွေလည်းရှိတယ်။ တချို့ကတော့ အလှူတွေလုပ်မယ်ဆိုတော့ မိုးက ပွဲဖျက်လိုက်ရင် သိတဲ့အတိုင်းပဲ ကျနော်တို့ အကုန်လုံး ဒုက္ခရောက်မယ် ။ အဆင်မပြေမှုတွေကတော့ အဲလို မျိုးတွေတော့ ရှိပါတယ်ခင်ဗျ။"

နောက် ၂ရက်အထိ မိုးလေဝသ ခန့်မှန်းချက်အရတော့ အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက်(၁၈)နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ခြေရှိနေပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ရာသီချိန်မှာတော့ ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ မိုးများနိုင်ခြေရှိသလို မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက် မိုးဇလဦးစီးဌာနကနေ မိုးလေဝသသတိပေးကြေညာချက်တွေကို အချိန်နဲ့တပြေးညီထုတ်လွှင့်ပေးနေတာမို့ ပြည်သူအများ မိုးလေဝသအသိပေးကြေညာချက်တွေကို သတိထားစောင့်ကြည့်ကြဖို့ကိုလည်း တာဝန်ရှိသူတွေက တိုက်တွန်းသတိပေးပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG