သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှု အားကောင်းပြီး လေပြင်းထန်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မြေပြင်လေတိုက်နှုန်းဟာဆိုရင် ၁ နာရီကို မိုင် ၄၀ အထိ တိုက်ခိုက်နိုင်တယ်လို့လဲ သတိပေးထား ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်တည်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးအားကောင်းပြီး လေပြင်းတိုက်ခိုက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးတာပါ။

“လောလောဆယ်တော့ လက်ရှိမှာတော့ ခုနကပြောတဲ့ မုန်တိုင်းငယ်နဲ့ တိုက်လာတဲ့ လေတွေရှိတာပေါ့နော်၊ နောက်ပြီးကျတော့ မုတ်သုံအင်အားကလည်း တအားအားကောင်းနေတဲ့အတွက် ရခိုင်ကမ်းရိုးတန်းတလျောက်မှာတော့ လေကတော့ ပြင်းလာနိုင်တဲ့အနေအထားရှိတယ် အဲဒါကြောင့်မို့လို့ ကျနော်တို့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ လေပြင်းတိုက်ခိုက်မှုအတွက်ကို ရခိုင်ကမ်းရိုးတမ်းဒေသတွေမှာ ကျနော်တို့ မိုင် ၄၀ နဲ့ ထုတ်ထားပါတယ်။”

မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံတွင်းကို ၀င်ရောက်လာနိုင်ခြင်းမရှိပေမဲ့ အဲဒီမုန်တိုင်းငယ်ရဲ့အရှိန်နဲ့ တစ်နာရီကို မိုင်လေးဆယ်အထိ လေပြင်းတိုက်ခိုက်လာနိုင်တာကြောင့် ရခိုင်ကမ်းရိုးတန်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေက သဘောင်္တွေကိုလည်း မထွက်ဖို့ကိုလည်း ဒေါက်တာကျော်မိုးဦးက သတိပေးထားပါတယ်။

“အဓိကတော့ ကမ်းရိုးတန်းဒေသတွေမှာ မိုင် ၄၀ ပေးထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ သဘောင်္တွေမထွက်ဖို့ပေါ့နော် ။နောက်တခုကတော့ မိုင်၄၀ ဖြစ်တဲ့အတွက် ကမ်းရိုးတမ်းဒေသတွေမှာ လေပြင်းတိုက်တဲ့ ဖြစ်စဉ်တွေအတွက်ကို ကြိုတင်သတိပြုနိုင်ဖို့အတွက်ပေါ့နော် ကျနော်တို့ထုတ်ထားတာရှိတယ်။”

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဇွန်လ ၁၁ ရက်ညနဲ့ ၁၂ ရက် နံနက်အစောပိုင်းတွေမှာ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီ ကမ်းရိုးတန်း တလျှောက် မိုးကြီးပြီး လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း ရိုးတရုပ်ကျေးရွာမှာတော့ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက လေပြင်းမုန်တိုင်း ၀င်ရောက်တိုက် ခတ်သွားပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်၊ ရိုးတရုပ်ကျေးရွာမှာတော့ ၁၂- ၆- ၂၀၁၇ မှာ မွန်းလွဲ ၂ နာရီက လေဆင်နှာမောင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၈ လုံးပျက်စီးသွားပြီးတော့မှ အိမ်ထောင်စု ၁၈ စုပေါ့နော် လူဦးရေ ၈၆ ဦးရှိတယ်ပေါ့ အဲဒီအထဲမှာ ကျား ၁ ဦး၊ မ ၁ ဦးသေဆုံးခဲ့တယ်၊ ကျား ၁ ဦး မ ၃ ဦး ဒဏ်ရာရရှိတယ်။ စုစုပေါင်း သေဆုံး ၂ ဦး၊ ဒဏ်ရာရသူ ၄ ဦး ၊ ဘေးဒဏ်ခံစားရသူကတော့ ၈၆ ဦးပေါ့နော် အိမ်ထောင်စု ၁၈ စုကပေါ့နော်။”

ဒေါက်တာကျော်မိုးဦးကတော့ ဒီရက်ပိုင်းအတွင်း ရခိုင်ကမ်းရိုးတန်းဒေသတလျှောက်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးရွာနိုင်ပေမဲ့ အားလျော့ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသတစ်လျှောက်ကိုတော့ လေပြင်းအန္တရာယ် ဆက်ပြီး သတိပေးထားပါတယ်။

XS
SM
MD
LG