သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တဝှမ်း မုတ်သုံလေအားကောင်းနေဆဲ


ရန်ကုန်ရေကြီးမှုဖြစ် (MOI)
ရန်ကုန်ရေကြီးမှုဖြစ် (MOI)

မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေ ဆက်လက်အားကောင်းနေတဲ့အတွက် ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းအတော်များများမှာ မိုးများပြီး ရေကြီးရေလျှံဖြစ်နိုင်တာကြောင့် မြေပြိုကျမှုအန္တရာယ်ကို အထူးသတိထားကြဖို့ မိုးလေဝသပညာရှင်က သတိပေးလိုက်ပါတယ်။ ဒီအထဲ ရန်ကုန်မြို့မှာတော့ မိုးကြီးပြီး ရေလျှံတဲ့ဒဏ် အတော်ဆိုးဆိုးရွားရွား ခံလိုက်ရတာဟာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနဲ့စနစ်ကျတဲ့ ရေစီးရေလာစနစ်မရှိတာကြောင့်ဖြစ်တဲ့အတွက် စနစ်ကျတဲ့မြို့ပြစီမံကိန်းစနစ်ကို ရေရှည်စီမံကိန်း စနစ်တကျဆောင်ရွက်သင့်တယ်လို့လည်း မြို့ပြပညာရှင်က အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေတဲ့အတွက် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းအတော်များများမှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနိုင်ခြေရှိပါတယ်။ ဒီနှစ်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မုတ်သုံမိုး အတော်လေး အားကောင်းမယ့်နှစ်ဖြစ်တယ် လို့လည်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အခုမုတ်သုံက လောလောဆယ်မှာ တောင်ပိုင်းမှာ အားကောင်းနေတာကနေ ဒီတပတ်ကျတော့ အပေါ်ကိုပြန်တက်လာမယ်ဆိုတော့ ဒီတပတ်လုံး ဟိုမြောက်ပိုင်းအစွန် ကချင်ကလွဲရင်တော့ တပြည်လုံး မိုးရွာဖို့ရှိတယ်။ နောက်ပြီးဇွန်လတလလုံးမှာ မိုးရွာသွန်းမှုကလည်း ဒီကချင်နဲ့ တနင်္သာရီကလွဲရင် တပြည်လုံးမှာ ရွာသွန်းမြဲထက်ပိုမယ်။ ဒီနှစ်က မိုးကောင်းမယ့်နှစ်လို့ အဖြေထွက်နေတယ်ခင်ဗျ၊ ဇွန်လ၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ တွေမှာ ရွာသွန်းမြဲထက်ပိုမယ်လို့ အဖြေထွက်တဲ့အတွက် ဒီနှစ်ကတော့ မိုးကောင်းပြီးတော့ ရေကြီးတဲ့ အန္တရာယ်ကိုတော့ တော်တော်သတိထားရမယ့်နှစ်လို့ ကျနော်ပြောချင်ပါတယ်။”

အခုလိုမုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာ မြေပြိုကျမှုအန္တရာယ်တွေကို အထူးသတိထားရမယ်လို့ ဦးထွန်းလွင်ကသတိပေးပြောဆိုပါတယ်။

“တနိုင်ငံလုံးမှာ မိုးက သူ့ဒေသအလိုက် အသီးသီးရှိတဲ့ Normal ထက်ကျော်မယ်လို့ အဖြေထွက်ပါတယ်။ ချင်းတို့၊ ရှမ်းတို့ ၊ စစ်ကိုင်း၊ ကချင် ဒါတွေက အစဉ်အလာအရ မြေပြိုတတ်တာရှိတော့ အဲဒီဒေသမှာနေထိုင်တဲ့လူတွေက မိုးလေဝသ သတင်းကိုနားစွင့်ပြီးတော့ တောင်ကျချောင်းရေရယ်၊ မြေပြိုတာရယ်၊ နောက်အနိမ့်ပိုင်းမှာဆိုရင် ရေဖုံးလွှမ်းတာကို သတိထားဖို့လိုပါတယ်။ ခြုံပြောရရင်တော့ ဒီမိုးတွင်းတခုလုံး ရှေ့လျောက် သဘာဝဘေးအန္တရာယ် နံပတ် ၁ ဦးစားပေးကတော့ ရေကြီးတဲ့ အန္တရာယ် ပါပဲ။ နံပတ် ၂ ကတော့ မြေပြိုတာနဲ့ တောင်ကျချောင်းရေ ကြောင့် အနိမ့်ပိုင်းတွေရေမြုပ်တာ ဒါကို ကျနော်တို့ အထူးကြည့်ရပါမယ်ခင်ဗျ။”

ရန်ကုန်မြို့မှာတော့ တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နေရာတော်တော်များများမှာ မကြုံစဖူး ရေကြီးရေလျှံတဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံလိုက်ရပါတယ်။စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေနဲ့ မြို့ရဲ့ရေထွက်ပေါက် ရေစီးရေလာစနစ်မကောင်းလို့ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။

ဒီလိုဆိုးရွားတဲ့ ရေကြီးရေလျှံတာမျိုးမဖြစ်အောင် ခေတ်မှီစနစ်ကျတဲ့မြို့ပြစီမံကိန်းစနစ်ကို ရေရှည်စီမံကိန်းချပြီး သက်ဆိုင်တဲ့တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျဆောင်ရွက်သင့်တယ်လို့လည်း မြို့ပြစီမံကိန်းအကြံပေး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က အကြံပြုပါတယ်။

“ကျနော်တို့က ဘာလုပ်သင့်သလဲလို့ပြောလို့ရှိရင် ဒီကိစ္စကြီးက နှစ်ပေါင်းများစွာ လွတ်လပ်ရေးရပြီးကတည်းက ကျနော်တို့က တိတိကျကျ အဲဒီလို ရေမြောင်းတွေနဲ့ ဘာနဲ့ဖော်တဲ့စနစ်ဆိုတာ စီမံကိန်းတွေ မရှိခဲ့ဘူးခင်ဗျ။ ရေရှည်အားဖြင့် ကျနော်တို့ တမြို့လုံးကို စီမံကိန်းချပြီးတော့ ဒီမြို့ကို အခုလက်ရှိအခြေအနေဘယ်လိုရှိသလဲ ၊ နောင်ဘယ်ဘက်ကို တိုးချဲ့ကြမလဲ၊ တိုးချဲ့လို့ရှိရင် အဲဒီအခြေအနေက ဘယ်လိုရှိမလဲ။ အဲဒါတွေလည်း ပေါင်းပြီးတော့ ရေပေးစနစ် ၊ ရေမြောင်းစနစ်တွေ မိလ္လာစနစ်တွေ လျှပ်စစ်စနစ်တွေကို ရေရှည်စီမံကိန်းကြီးရေးဆွဲဖို့ လိုအပ်နေတယ်။ အဲလိုမလုပ်ပဲနဲ့ အခုက ရေကြီးလို့ ဒီကနေပိတ်လိုက်တယ်၊ ဒီကနေရေကြီးလို့ ဟိုဘက်က ပိတ်လိုက်တယ် ဆိုရင်တော့ ဘာဖြစ်မလဲဆိုရင် တနေရာမှာ တချို့မြို့နယ်မှာ ဟိုဘက်ကပိတ် ဒီဘက်ကပိတ်လို့ နည်းနည်းလေး သက်သာတာရှိချင်ရှိမယ်၊ တခြားမြို့နယ်တွေမှာ ပိုပြီးတိုးလာတာတို့ ပိုပြီးဆိုးသွားတာတို့ ဖြစ်လိမ့်မယ်၊ အဲဒီတော့ မြို့ပြ စီမံကိန်းနဲ့တွဲပြီးတော့ တခါတည်း မိလ္လာစီမံကိန်း ၊ ရေပေးရေး စီမံကိန်း၊ လျှပ်စစ်စီမံကိန်း၊ လမ်းပန်းဆက်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး အဲဒီလိုပေါင်းပြီးတော့ ကျနော်တို့ comprehensive Planning ဘက်စုံစီမံကိန်းပေါ့နော်။ အဲဒီလို လုပ်ကြရင်တော့ အခုချက်ချင်းကြီးမဟုတ်ပေမယ့် နောင် ၅ နှစ် ၁၀ နှစ်ဆိုရင်တော့ ဖြေးဖြေးအကောင်အထည်ဖော်ရင်တော့ ဖြစ်လာကြမယ်လို့ ပြောချင်ပါတယ်။”

အခုလို ရန်ကုန်မြို့ကြီးမှာ မိုးတွင်းကာလ ရေပြည့်ရေလျှံမှုဖြစ်ရတဲ့အပေါ် ရေဝင်ရေလွှဲ ရေမြောင်းတွေမှာ စနစ်ကျတဲ့ ရေစီးရေလာစနစ်မရှိတာကြောင့် ဖြစ်ရတဲ့ ရန်ကုန်မြို့ရဲ့ လက်ရှိ မြို့ပြတည်ဆောက်ထား အနေအထား အခြေအနေကိုလည်း သူက ရှင်းပြပါတယ်။

“မနေ့က မိုးအကုန်လုံးရွာလိုက်တဲ့အခါကျတော့ ဖြစ်သွားတဲ့ သဘောမျိုးပေါ့။ အဓိကမြောင်းတွေ အမရယ်၊ မြောင်းတွေထဲမှာ အမှိုက်တွေ ပိတ်တာကနေစပြီးတော့ မြောင်းတွေကို စနစ်တကျ မထိန်းသိမ်းတဲ့ အခါကျတော့ ၊ မြောင်းတွေပိတ်ပြီးတော့ ရေလျှံတက်လာတယ်။ မနေ့ကတော့ ဒီဘက်ကလည်း တက်တာနဲ့ အကုန်လုံးတိုက်ဆိုင်သွားတယ်။ ဒီနေ့မနက်တော့ အကုန်ရေပြန်ကျသွားပြီ။”

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့အချိန်နဲ့တပြေးညီထုတ်ပြန်ချက်တွေအရတော့ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ မိုးသည်းထန်စွာ ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ အလားတူ မန္တလေး၊ နေပြည်တော်နဲ့ အနီးတဝိုက်တွေမှာလည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ပါတဲ့။ မိုးဇလရဲ့ နောက် ၂ရက်အထိခန့်မှန်းချက်ကတော့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ကယားနဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး၊ နေပြည်တော်၊ မန္တလေး ချင်း ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်တယ် ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG