သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလား ပင်လယ်အော် ဒေသမှာ မိုရာ ဆိုင်ကလုံး ဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရခိုင်နဲ့ ချင်း ပြည်နယ်တွေမှာ မိုးကြီး ရေလျှံမှုတွေ နဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွါးခဲ့ သလို တနင်္ဂနွေနေ့မှာတော့ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ တာမွေ နဲ့ ရန်ကုန်မြို့တွင်း နေရာအနှံ့ အပြားမှာ ရေကြီးတဲ့ ဒဏ်ကို ခံနေကြရပါတယ်။

လေပြင်းဒဏ်ကြောင့် အိမ်ခေါင်မိုး သွပ်ပြားတွေ လန်ပြီး ပျက်စီးမှုတွေရှိနေသလို ပြည်လမ်းမှာ ကတ္တရာလမ်းတွေ ပျက်စီးတာနဲ့ တာမွေမှာ မြေကျွံတာတွေပါ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ စနစ်တကျ အမှိုက်မစွန့်ပစ်တာနဲ့ ရေနှုတ်မြောင်း စနစ်မကောင်းတဲ့အတွက် ပိတ်ဆို့မှုတွေ နဲ့အတူ ရေကြီးရေလျှံမှုတွေ ခံစားကြရတာ ဖြစ်ပါတယ်။ မန္တလေးမှာလည်း ရေကြီးပြီး အသွားအလာတွေ ခက်ခဲမှု ကြုံကြရပါတယ်။

ဘင်္ဂလားပင်လယ်အော်ဒေသမှာ တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုံး မိုရာ ကြောင့် ဒေသတွင်းမှာ အနည်းဆုံး ကလေးငယ်ပေါင်း ၁.၃ သန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ UNICEF က သတိပေးခဲ့ပါတယ်။

UNICEF က ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ နိုင်ငံတွေနဲ့ အတူ မြန်မာနိုင်ငံထဲက သဘာဝ ဘေးဒဏ်ခံရသူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေ တိုးမြှင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာတော့ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ပျက်စီးဆုံးရှုံးမှုတွေ လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် ရှာဖွေစုဆောင်းပေးတဲ့ အပြင်၊ ရေသန့်ဆေးပြားတွေ၊ ပလပ်စတစ်ပုံးတွေ နဲ့ တာပေါ်လင်စတွေ ဖြန့်ဝေပေးတာနဲ့ စာသစ်နှစ်အစပိုင်း ကလေးငယ်တွေ ယာယီ စာသင်ကြားနိုင်ရေး အတွက်ပါ ပံ့ပိုးပေးနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG