သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးနှံဖျက် အခါမဲ့မိုး နိုင်ငံအနှံ့ ဆက်လက်ရွာသွန်းနိုင်


မြန်မာနိုင်ငံက နေရာတချို့မှာ မကြာသေးခင် ရက်တွေကစလို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိခဲ့သလို၊ နောက်ထပ်လည်း ရွာသွန်းနိုင်တဲ့ အလားအလာတွေ ရှိနေကြောင်း မိုးလေဝသကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။ အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရာသီပေါ်သီးနှံတွေ၊ စိုက်ပျိုးလုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆောင်းတွင်းကာလ အခုရက်ပိုင်းတွေမှာ အအေးပိုလာနေသလို၊ မိုးရွာသွန်းမှုတွေနဲ့လည်း ကြုံနေရပါတယ်။ ဆောင်းတွင်းကာလမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေဟာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့်ဖြစ်ပြီး၊ နောက်ထပ်လည်း ရွာသွန်းမယ့် အလားအလာတွေ ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင် ကပြောပါတယ်။

" ဒီနှစ်က မိုးရွာတဲ့ အကြောင်းတွေက အများကြီး ရှိတယ်ဗျ။ နံပတ် ၁ ကတော့ စွတ်စိုတဲ့ ဆောင်းရာသီလေ လာနီညာကလည်း ဖြစ်နေတယ်။ နောက်ပြီးတော့လည်း မုန်တိုင်းတွေက တောင်တရုတ် ပင်လယ်ပြင်ကလည်း မပြတ်သေးဘူး။ ဘင်္ဂလား ပင်လယ်အော်ဘက်ကိုလည်း ကူးကူးလာတယ်။ အခု အရှေ့လေပွေလှိုင်းပေါ့ အဲဒီ ထိုင်းပင်လယ်ကွေ့က ဝင်လာတဲ့ အရှေ့လေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော်ထဲမှာ ပြန်ပြီးတော့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပြီးတော့ မိုးရွာနေတာပေါ့ဗျာ။ ကျနော်တို့ ခန့်မှန်းချက်ကတော့ နောက်ထပ် သုံးရက်ဘဲဗျာ။ ဒီကနေ့ တရက်ပြီး နောက်နှစ်ရက်လောက်တော့ ရွာအုံးမယ် ထင်ပါတယ်။ "

နောက် ၂ရက်လောက်အထိ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တဲ့ နေရာတွေထဲမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမြောက်ပိုင်းဒေသတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ သီးနှံရိတ်သိမ်းချိန်မှာ အခုလို အချိန်အခါမဟုတ် မိုးကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ဦးထွန်းလွင်က သတိပေးပါတယ်။

" စိုက်ပျိုးရေးပါဘဲနော်။ သီးနှံတွေက ရိတ်ချိန် သိမ်းချိန်ဆိုတော့ ဒီမိုးက ဖျက်မိုး ဖြစ်မှာပေါ့။ အဲဒါတော့ အဓိက အကျဆုံးပါဘဲဗျ။ ကျန်တာတော့ သိပ် ဆိုးဆိုးရွားရွား မရှိပါဘူး။ "

မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူဒေသမှာတော့ အခုလိုဆောင်းရာသီမှာ မိုးရက်ဆက်ရွာသွန်းတာမျိုး အရင်တုန်းက မကြုံခဲ့ရဖူးလို့ ကောက်ပဲသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးတင်ဝင်း ကပြောပါတယ်။ ဒီအတွက် သီးနှံရိတ်သိမ်းချိန်မှာ တောင်သူတွေ အခက်ကြုံရနိုင်တယ်လို့လည်း ဆိုပါတယ်။

" သီးနှံလေးတွေ ထိခိုက်နိုင်တာ ပေါ့ဗျာ။ ဆိုလိုတာက ကျနော်တို့ ချောင်းနား ချောင်းစပ်တွေမှာ စိုက်တဲ့ ကြက်သွန်တို့ စိုက်ပြီးသား သီးနှံပင်တွေ ပိုးတွေ ဘာတွေ ကျနိုင်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဒီလို ကြုံတွေ့ရတော့ လက်ရှိမိုးကြောင့် ပဲစဉ်းငုံပင်မျိုးကလည်း နည်းနည်း ထိခိုက်နိုင်တယ်ဗျ။ အပွင့်ကြွေတာတို့ တချို့ သက်ကြီးပင်တွေက အခုမှ အပွင့်တွေနဲ့လေ။ အပွင့်ကြွေတာတို့ နောက် သီးနေတဲ့ အသီးလေးတွေ ပိန်သွားတယ်။ အဲလို ဖြစ်တတ်တယ် ဟိုတုန်းကတော့လေ။ အခုတော့ ဘယ်လို ဖြစ်မယ် မသိသေးဘူး။ ကျနော်တို့ သီးနှံ အနေနဲ့တော့ ဒီမိုးက စိုးရိမ်စရာတော့ ရှိတာပေါ့ဗျာ။ "

ဒီဇင်ဘာလ ၃၁ ရက်နေ့ညနေ ပိုင်းကနေ ဒီကနေ့အထိ မကွေးတိုင်းအတွင်း ချိန်ခါမဲ့မိုးရွာသွန်းခဲ့ပြီး၊ ပခုက္ကူမြို့နယ်မှာ သီးနှံရိတ်သိမ်းရေး အခက်အခဲ ကြုံနေရကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အချိန်ခါမဲ့မိုးကြောင့် သီးနှံများထွက်နှုန်းကျဆင်းခြင်း၊ အရည်အသွေး ကျဆင်းခြင်းများဖြစ်ပေါ်နိုင်သလို၊ အလားတူ ဆောင်းသီးနှံ ကြက်သွန်စိုက်ခင်းတွေလည်း ထိခိုက်နိင်တဲ့ အလားအလာတွေ ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG