သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မုန်တိုင်းအန္တရာယ်သတိပြုဖို့ မိုးဇလနှိုးဆော်


(ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မေ ၁၄၊ ၂၀၂၀)
(ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မေ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်သလို ဒီလ ၁၆ ရက်နေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်တယ်ဆိုတဲ့ နောက်ဆုံးရ မိုးလေဝသ သတိပေးချက်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ တည်ရှိနေပြီး လာမယ့် သောကြာနေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOA ကို ပြောပါတယ်။

“နေ့ခင်း ၁နာရီခွဲအကျော် တိုင်းထွာချက်အရဆိုရင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အရှေ့တောင်ပိုင်းမှာပဲ ဆက်ပြီးတည်ရှိနေပါတယ်။ သူဟာ တဖြည်းဖြည်းတော့ အနောက်မြောက်ဘက်ထဲကို ရွှေ့နေပြီးတော့မှ ပိုမိုအားကောင်းလာပြီးတော့မှ နောက် ၂၄ နာရီမှာတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ ပြီးသွားရင်တော့ နောက် ၄၈ နာရီအတွင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။”

မုန်တိုင်းငယ်အဆင့်ရောက်ရှိချိန် အစပိုင်းမှာတော့ အနောက် မြောက်ဘက်ကိုရွှေ့ပြီး ၁၇ ရက်နေ့လောက်ကျရင် မြောက်၊ အရှေ့မြောက်ဘက်ကို ဦးတည်ရွှေ့လျားနိုင်တာကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဟာ မုန်တိုင်းအန္တရာယ် သတိထားရမယ့် အခြေအနေ ရှိနေပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်ခဲ့ရင်တောင် ရခိုင်ကမ်းရိုးတန်းဒေသမှာ မိုးသက်လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာ ကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

“သူက နောက်ဆုံးတောင်မှ မုန်တိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်တော့မယ်ဆိုရင် ကျနော်တို့ ရခိုင်ကမ်းရိုးတန်းမှာတော့ အဲဒီရက်ပိုင်းတွေမှာတော့ လေပြင်းတိုက်တာတို့ ဘာတို့ ရှိလာနိုင်တာပေါ့။ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့်မို့လို့ပေါ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျတာတို့ ဘာတို့ ဒီဟာမျိုးတွေတော့ ရှိလာနိုင်ပါတယ်။”

နိုင်ငံတကာမိုးလေဝသ ဌာနတွေအနေနဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ် ပြောင်းလဲပြီး ဦးတည်ရွှေ့လျားမယ့် နေရာကို ခန့်မှန်းတွက်ချက်တာတွေဟာ လောလောဆည်အချိန်မှာ ကွဲလွဲတာတွေ ရှိနေကြောင်းလည်း ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနကတော့ ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်း ရပ်ဝန်းဟာ ဒီသတင်းပတ်အကုန်မှာ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနှစ် မိုးကြိုကာလမှာ ဒုတိယအကြိမ်ဖြစ်ပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပါတယ်။ဒီလဆန်းပိုင်းကလည်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပေမဲ့ မုန်တိုင်းအဖြစ်ကို မရောက်ရှိဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီနှစ် မိုးရာသီမှာတော့ အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို ဒီလ ၁၆ ကနေ ၂၁ ရက်နေ့၊ မြစ်ဝကျွန်းပေါ်ဒေသကို ၂၁ ကနေ့ ၂၆ ရက်နေ့၊ မြန်မာပြည်အလယ်ပိုင်းကိုတော့ လကုန်ရက်ပိုင်းလောက်မှာ ဝင်ရောက်နိုင်ကြောင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံတဝှမ်းမှာ မိုးရရှိနိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG