သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးလေယာဉ်မှူးတယောက်ရဲ့ ကိုဗစ်ကာလ အတွေ့အကြုံ


(Zawgyi/Unicode)

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် ပြည်ပနိုင်ငံတွေမှာ ထွက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာနိုင်ဖို့အတွက် အစိုးရက အထူးလေယာဉ်တွေစီစဉ်ပြီး ပြန်ခေါ်ပေးခဲ့တာမှာ ဒီလို ခရီးစဉ်တွေကို မောင်းနှင်ရတဲ့ လေယာဉ်မှူးတွေအတွက်လည်း ရောဂါကူးစက်မှုတွေ မဖြစ်ရအောင် အထူး သတိထားကြရသလို၊ ခရီးစဉ်ကပြန်လာတဲ့ အခါမှာလည်း ရောဂါ စောင့်ကြည့်ထိန်းချုပ်တဲ့အနေနဲ့ အနည်းဆုံး ၂၁ ရက် သီးခြား ခွဲနေကြရပါတယ်။ ဒီလို ကိုဗစ်-၁၉ ကာလ လေယာဉ်မောင်းခဲ့ကြသူတွေထဲမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒု- လေယာဉ်မှူးကြီး မအိချောဖြူလည်း ပါ ပါတယ်။ ကိုဗစ်-၁၉ ကာလအတွေ့အကြုံတွေနဲ့အတူ အမျိုးသမီးလေယာဉ်မှူးတယောက်ရဲ့ ဖြတ်သန်းမှုတချို့ ကို ဒု-လေယာဉ်မှူးကြီး မအိချောဖြူကိုမေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မေး။ ။ ကျမ သိထားတာကတော့ မအိချောဖြူက ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်နေတဲ့ကာလမှာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ၊ နေရပ်ပြန်လာကြမယ့်သူတွေအတွက် အထူးလေယာဉ်တွေ စီစဉ်ပြီး သွားခေါ်တဲ့အခါမှာ လေယာဉ်မောင်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါက ကိုယ်က တာဝန်အရ မောင်းခဲ့ရတာလား။ ဒါမှမဟုတ် ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် မောင်းတာလား။ ဒီလို သွားခဲ့တဲ့အကြောင်းကို အရင်ဆုံးပြောပြပါလားရှင့်။

ဖြေ။ ။ တာဝန်အရလား။ ရွေးချယ်မှုအရလား ဆိုရင်တော့ ဒါက နှစ်မျိုးလုံးပေါ့နော်။ ညီမတို့အခု နောက်ဆုံးပိတ် သွားခဲ့တဲ့ relief flight (ကူညီကယ်ဆယ်ရေးလေယာဉ်) ပေါ့နော်။ စင်ကာပူမှာသွားခေါ်ခဲ့တဲ့ လေယာဉ်ဆိုလို့ရှိရင်တော့ rostering pattern (အလှည့်ကျတာဝန်) နဲ့ schedule အရ သွားခေါ်ပေးရတာပေါ့။ ဒါပေမဲ့ volunteer (ကိုယ့်ဆန္ဒနဲ့ကိုယ်) လုပ်ပြီးတော့ သွားခဲ့တဲ့ လေယာဉ်တွေလည်း ရှိပါတယ်။ ဥပမာ - ဘန်ကောက်ကို ကိုဗစ်မှာ ကုန်ပစ္စည်းတွေသယ်တဲ့ cargo only flight တွေဘာတွေ ဆိုရင် ညီမ သက်သက်ကို request လုပ်ပြီး လိုက်ချင်တယ်ဆိုပြီးတော့ volunteer လုပ်ပြီးတော့ သွားခဲ့တဲ့ flight တွေလည်း ရှိပါတယ်။

မေး။ ။ အဲ့ဒီတော့ ကိုယ်က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် သွားတာပဲဖြစ်ဖြစ်၊ တာဝန်အရ သွားတဲ့အခါမှာပဲဖြစ်ဖြစ် အခုလို ကိုဗစ်ကာလ ဖြစ်နေတဲ့အချိန်မှာ၊ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ကလည်း အရမ်းသတိထားနေရတဲ့ အချိန်ဆိုတော့ အခုဆိုရင် အထူးလေယာဉ်တွေဆိုရင် ဒီအထဲမှာ ရောဂါ ကူးစက်ခံထားရသူတွေလည်း ပါနိုင်တယ်။ ပါချင်မှလည်း ပါမှာပေါ့လေ။ ဒီလိုအနေအထားမျိုးမှာ ပြောရရင်တော့ သာမန် ပုံမှန် အလုပ်ချိန်နဲ့တော့ မတူဘူးပေါ့လေ။ အဲ့ဒီအချိန်မှာ ပိုပြီးတော့ ဘာတွေကို သတိထားရသလဲ။ အခက်အခဲ ကြုံရတာရော ရှိပါသလား။

ဖြေ။ ။ ဘာတွေပိုပြီး သတိထားရသလဲဆိုတော့ အစ်မပြောသလိုပဲ ပုံမှန်အချိန်နဲ့တော့ မတူဘူးပေါ့နော်။ အဓိက ကိုယ်က လိုက်ချင်တာက ဒါက ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်လည်း ဖြစ်တယ်။ ကိုယ် ကိုယ်တိုင် ဝါသနာပါပြီးတော့ အရမ်း ရူးသွပ်တဲ့အလုပ်လည်း ဖြစ်တယ်။ အဲ့ဒီတော့ မမောင်းရတာကြာရင် မောင်းချင်နေတာပေါ့နော် လေယာဉ်ကို။ ပြီးတော့ ဒီ relief flight ဆိုလို့ရှိရင်လည်း ဘာပဲပြောပြော အဓိက က ဒီလိုမျိုး အခက်အခဲတွေ ဖြစ်နေတဲ့အချိန်၊ နည်းနည်း အဆင်မပြေတာတွေ ရှိနေတဲ့အချိန်မှာ လူတိုင်း အိမ်ပြန်ချင်ကြတာချည်းပဲလေ။ ဆိုတော့ ဒီလိုမျိုး ကိုယ်ချင်းစာတာပေါ့နော်။ အနည်းဆုံး ကိုယ် တတ်နိုင်တဲ့ဘက်က တထောင့်တနေရာ ကူညီရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ အဲ့ဒီလိုမျိုး လိုက်ဖြစ်တာပေါ့နော်။ အခက်အခဲကတော့ ပုံမှန်အချိန်နဲ့မတူတာကတော့ ဘာတွေရှိလဲဆိုရင် ပုံမှန်လိုမျိုး အရင်လို ပေါ့ပေါ့ဆဆတော့ နေထိုင်လို့တော့ မရဘူးပေါ့။ ကိုယ် အလွန်ဆုံး ကိုယ် ထိတွေ့ရမယ့် ပစ္စည်းတွေကအစ အရမ်း ဂရုစိုက်ရတယ်။ ညီမတို့ဆိုရင် ဒီ operation ကနေ သူတို့ မဖြစ်မနေထုတ်ရမယ့် flight သွားခါနီး item တွေကို စာရင်းထုတ်ပြီး ပေးထားတယ်။ နှာခေါင်းစည်း mask တွေ၊ လက်အိပ်တွေ၊ ပိုးသေစေတဲ့ sanitizer တွေ အစုံပဲပေါ့နော်။ cabin crew (လေယာဉ်ဝန်ထမ်း) တွေဆိုလို့ရှိရင် PPE တွေပါ ဝတ်ပြီး သူတို့ လိုက်ရတယ်ပေါ့။ operation စပြီး သွားပြီဆိုတာနဲ့ အကုန်လုံး ခုနက ပြောထားတဲ့ဟာတွေ အကုန် တပ်ထားရတယ်။ ပြီးတော့ cockpit (လေယာဉ်မောင်းခန်း) ထဲမှာဆိုရင် အရင်ဆုံး ပိုးသေအောင်လုပ်တာတွေ အရင်လုပ်တယ်။ လုပ်ပြီးတော့မှ ဝင်တယ်။ ပြီးတော့အခန်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ တတ်နိုင်သလောက် နောက်ကို မထွက်တော့ဘူးပေါ့နော်။ passenger boarding (လေယာဉ်ပေါ် ခရီးသည်တွေ စတက်ပြီ) ဆိုတာနဲ့ ညီမတို့ နောက်ကိုလုံး၀ မထွက်တော့ဘူးပေါ့။ ရှေ့ကိုလည်း cabin crew တွေကို မလာခိုင်းတော့ဘူး။ ညီမတို့လည်း နောက်ကို မထွက်တော့ဘူးပေါ့။ အဲ့ဒီလိုမျိုးနဲ့ပဲ ပြန်လာတာပေါ့။

မေး။ ။ ဆိုတော့ ကိုယ့်ကိုရော ကူးစက်လာခဲ့ရင် ဆိုတာမျိုး တွေးမိပြီး အဲ့ဒီအတွက် ကြိုတင်ပြီးတော့ စိုးရိမ်တာပဲဖြစ်ဖြစ်၊ ကူးလာရင်တော့ ဘယ်လိုလုပ်မယ် ဘယ်လိုဖြတ်သန်းမယ်ဆိုတာမျိုးရော တွေးမိပါလား။

ဖြေ။ ။ လူပဲနော်။ အဲ့ဒီလိုကူးခံရမှာကိုတော့ စိုးရိမ်တာပေါ့နော်။ ဒါပေမဲ့လည်း ခုနကလိုမျိုး ပြန်တွေးကြည့်လိုက်တဲ့အခါကျတော့ - ကိုယ့်ကိုယ်ကို ဖြစ်လာခဲ့ရင်တောင်မှ ကိုယ့်ဟာကိုယ် လျှောက်သွားပြီး ဖြစ်တာမျိုး မဟုတ်ဘဲ၊ ဒါက ကိုယ့်ရဲ့တာဝန် ကိုယ့်ဟာကိုယ်ထမ်းဆောင်ပြီးတော့ တကယ်ကို ကိုယ်တာဝန်ကျေပြီး တကန့်တနေရာကနေ ကိုယ်လုပ်ပေးနိုင်တဲ့နေရာကနေ ပါဝင်တဲ့ အနေအထားမျိုးမှာတော့ ဘာပဲပြောပြော ကျေနပ်ပါတယ်။ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင်တောင်ပေါ့။ ဒါကတော့ ညီမတို့ အခုလိုမျိုး ပြန်လာပြီးပြီဆိုရင် home quarantine (နေအိမ်မှာပဲ သီးခြားခွဲနေ) ၂၁ ရက်ဝင်ရတယ်။ တကယ်လို့ ညီမတို့ခေါ်လာပေးခဲ့တဲ့ လေယာဉ်ပေါ်က ခရီးသည်တွေသည် သူတို့ဟိုမှာ ဆေးစစ်လိုက်လို့ ရောဂါကူးနေတဲ့သူ ပါလာတယ်ဆိုရင်တော့ ညီမတို့ကလည်း home quarantine ကနေ hotel quarantine လိုမျိုး တဆင့် ထပ်တက်ပြီးတော့ သီးခြားနေရာတခုမှာ သွားနေပေးရမှာပေါ့နော်။ အဲ့ဒီလို အချက်အလက်လေးတွေတော့ ကြိုသိထားပါတယ်။

မေး။ ။ အခု အဲ့ဒီတော့ ခုလို ကူညီကယ်ဆယ်ရေး လေယာဉ်တွေကိုရော ဘယ်နှစ်ခေါက်လောက် ပြေးဆွဲပြီးပြီလဲ။

ဖြေ။ ။ ဘယ်နှစ်ခေါက်လောက်လဲ ဆိုတော့ ညီမကတော့ အခု တခေါက်ပဲ လိုက်ရသေးတယ်ပေါ့နော်။ သူတို့အနည်းဆုံး စင်ကာပူဆိုလို့ရှိရင် ၃ ခေါက်လောက် ရှိသွားပါပြီ။ ဘန်ကောက်ကိုလည်း သွားပေးပါတယ်။ နောက် အိန္ဒိယ ဂါယာ တို့၊ ကာလက္ကတားတို့ အဲ့ဒီလိုမျိုးပေါ့။

မေး။ ။ ဒါကတော့ အခုလက်ရှိ ကိုဗစ်ကာလမှာ ကိုယ် ထမ်းဆောင်နေတဲ့ တာဝန်တွေပေါ့နော်။ တဆက်တည်း မေးချင်တာတခုက လေယာဉ်မောင်း အမျိုးသမီးတယောက် အနေနဲ့ပါ။ ဒီအလုပ်က တကယ်တော့ မြန်မာနိုင်ငံမှာတင်မဟုတ်ပါဘူး။ နိုင်ငံတကာမှာပဲကြည့်ကြည့် လေယာဉ်မောင်းတဲ့ အမျိုးသမီးတွေက အင်မတန် နည်းပါတယ်။ ဆိုတော့ ဒီလိုအလုပ်မျိုးကိုလုပ်ဖို့ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ညီမ အရင်တုန်းက ဒီ pilot တယောက် မဖြစ်လာခင်မှာ flight attendant လုပ်ခဲ့ဖူးသေးတယ်။ ၃ နှစ်လောက်ပေါ့။ အစ ကတော့ ကိုယ့်ဟာကိုယ် ဒီလိုပဲ cockpit ကို service ဝင်တယ်။ pilot တွေ တနေ့တနေ့ ဘာတွေမှန်းတော့ မသိဘူးပေါ့နော်။ သူတို့တွေ ခလုပ်တွေ နှိပ်တယ်။ အောက်တွေနဲ့ပြောတယ်ပေါ့။ လေယာဉ်မောင်းတယ် ဆင်းတယ်ပေါ့။ အဲ့ဒီလောက်ပဲ ကိုယ်က သိတယ်။ ဘာမှနားမလည်ဘူး။ သူတို့ကို နေ့တိုင်း ဒီအလုပ်မှာ လေယာဉ်ပေါ်မှာ မြင်တွေ့ပါများလာတဲ့အခါကျတော့ နည်းနည်း စိတ်ဝင်စားမှုတွေက ဖြစ်လာတယ်။ သူတို့ ဘာတွေလုပ်နေတာလဲ သိချင်လာတယ်။ တဖြည်းဖြည်း စူးစမ်းရင်း လေ့လာရင်းနဲ့ ဝါသနာပါမှန်းမသိ ပါလာရင်းကနေ ဒါဆိုရင် ငါရော မလုပ်နိုင်ဘူးလား ဆိုတဲ့စိတ်နဲ့။ အဲ့ဒီလိုဖြစ်လာရင်းကနေ ဆုံးဖြတ်ချက်ချပြီးတော့ pilot school (လေယာဉ်မောင်းသင်တန်းကျောင်း) ကို သွားတတ်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုမျိုးပါ။ အဲ့ဒီတုန်းကတော့ မြန်မာနိုင်ငံမှာ သိပ်ပြီးတော့တောင်မှ အမျိုးသမီးတွေ သိပ်မရှိသေးဘူးပေါ့နော်။

မေး။ ။ သင်တန်းကျောင်းတက်တော့ရော အချိန် ဘယ်လောက် ပေးရလဲ။ လေယာဉ်မောင်းတဲ့သူ တယောက်ဖြစ်လာဖို့အတွက်။

ဖြေ။ ။ သူတို့ သင်တန်း သတ်မှတ်ထားချိန်ကတော့ ၂ နှစ်ပေါ့နော်။ ၂ နှစ်အတွင်းမှာ subject တွေ အကုန်လုံး၊ flying နဲ့ပတ်သက်တဲ့ skill test တွေ အကုန်လုံး၊ သူနဲ့ပတ်သက်တဲ့ စာမေးပွဲတွေပေါ့။ အဲ့ဒါတွေအကုန်လုံးကို ဖြတ်နိုင်တယ်ဆိုရင်တော့ အဲ့ဒီ ၂ နှစ်အတွင်းမှာ ပြီးတယ်ပေါ့နော်။ တချို့ကျတော့လည်း နည်းနည်း ကြာနေတဲ့ဟာတွေ ရှိတာပေါ့ အခက်အခဲလေးတွေနဲ့။

မေး။ ။ ကိုယ်ကတော့ ဒါကို အောင်အောင်မြင်မြင်ပြီးသွားပြီးတော့မှ လေယာဉ်မောင်းသူတယောက် ဖြစ်လာတယ်ဆိုတော့ အမျိုးသမီးတယောက်အနေနဲ့ ဒီအလုပ်မှာ စောစောကပြောသလို အမျိုးသား အများစုရှိနေတဲ့ အလုပ်ခွင်မှာ လုပ်ရတာဖြစ်တဲ့အတွက် အမျိုးသမီးတယောက် အနေနဲ့ အဓိက အခက်အခဲ ဘာတွေကြုံရတာရှိပါသလဲ။ အခက်အခဲတွေ ကြုံရတာရှိတယ်ဆိုရင် ပြောပြပါဦး။

ဖြေ။ ။ အဓိက အခက်အခဲက လေယာဉ်မောင်းခြင်းနဲ့ပတ်သက်လို့တော့ အခက်အခဲရယ်လို့ မကြုံခဲ့ရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ယောကျ်ားလေးလည်း ဒီ cockpit ထဲရောက်ပြီး ဒီထိုင်ခုံမှာထိုင်ရင် ဒီအလုပ်ကိုပဲ လုပ်ရတယ်။ မိန်ကလေးလည်း ဒီ cockpit ထဲရောက်ပြီးတော့ ကိုယ့်ရဲ့ထိုင်ခုံမှာထိုင်လိုက်ရင် ဒီအလုပ်ပဲလုပ်ရတယ် ဆိုတော့ လုပ်ရတဲ့အလုပ်က ယောကျာ်း မိန်းမ ခွဲခြားထားတာ မဟုတ်ဘူး။ အဲ့ဒီလိုတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ ညီမတို့ဆိုလို့ရှိရင် စစချင်း အလုပ် ဝင်ခါစမှာတော့ တချို့က ဟာ...ဒီကောင်မလေး လုပ်ကောလုပ်နိုင်ပါ့မလား - ဆိုတဲ့ ပုံစံမျိုးတွေနဲ့ အမြင်ခံရတာမျိုးတွေလည်း ရှိတယ်။ အထင်သေးတာမျိုးပေါ့။ မိန်းကလေး ဆိုတော့ လုပ်နိုင်ပါ့မလား ဆိုတဲ့ အဲ့ဒီလို စကားတွေနဲ့ အပြောခံရတာ၊ အကြည့်တွေနဲ့ အကြည့်ခံရတာ အဲ့ဒီလို အခြေအနေလေးတွေတော့ ကြုံခဲ့ရတာပေါ့နော်။ ဒါတွေအကုန်လုံးကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်လာတဲ့ အနေအထားမျိုးမှာတော့ သူတို့လည်း တဖြည်းဖြည်းနဲ့ အချိန်ပေါ့နော်။ အချိန် အနေအထား တခုမှာ ကိုယ်အခု တဖြည်းဖြည်းနဲ့ အတွေ့အကြုံလည်း ရလာတယ်။ လုပ်လာတဲ့ အနေအထားမျိုးမှာတော့ အဲ့ဒါမျိုးတွေ မရှိတော့ဘူးပေါ့။ အစတုန်းက အရင်တုန်းကတော့ အဲ့ဒီလိုမျိုးလေးတွေ ရှိတာပေါ့။

မေး။ ။ အခု လေယာဉ်မောင်းလုပ်တာ သက်တမ်း ဘယ်လောက် ရှိသွားပြီလဲ။

ဖြေ။ ။ ၂၀၁၅ ကနေ စလုပ်တာပါ။ ဆိုတော့ ၅ နှစ်ပေါ့။

မေး။ ။ ၅ နှစ်ဆိုတဲ့ အတွေ့အကြုံက မနည်းတော့ပါဘူး။ ဆိုတော့ တခြား ဒီအမျိုးသမီးတွေ၊ လူငယ်တွေ နောက်ပိုင်း ဒီအလုပ်ကို စိတ်ဝင်စားတဲ့ အမျိုးသမီးတွေ အတွက်ရော ကိုယ်က ရှေ့ကနေ ဘယ်လို အကြံဉာဏ်တွေ ပေးနိုင်ပါမလဲ။ သူတို့အတွက် ဘာတွေများ ပြောပြပေးနိုင်မလဲ။

ဖြေ။ ။ ပြောချင်တာကတော့ ဒီအလုပ်က ဝါသနာနဲ့ အရင်းခံရတဲ့အလုပ်ပေါ့နော်။ ဒီအလုပ်မှ မဟုတ်ပါဘူး။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဝါသနာပါပြီးတော့ လုပ်လို့ရှိရင်တော့ ပိုပြီးတော့ အောင်မြင်တာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ passion နဲ့ profession (ဝါသနာနဲ့အလုပ်) တထပ်တည်းကျပြီးတော့မှ အဆင်ပြေမယ့် အလုပ်မျိုးလည်း ဖြစ်တယ်ပေါ့နော်။ ပြီးတော့ အလုပ်လုပ်ရတဲ့အချိန်မှာလည်း တခြား အလုပ်တွေထက် ပိုပြီးတော့ စိတ်ဖိစီးမှု ပိုများတယ်။ တာဝန်ယူထားရတာတွေကလည်း များတယ်။ အမှားလည်း မခံဘူး။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းလေးမှာ ဆုံးဖြတ်ချက်ချပြီး လုပ်ရတဲ့ဟာတွေလည်း ရှိတယ်။ အရေးပေါ် အခြေအနေတွေ ဘာတွေ ဆိုရင်ပေါ့။ အဲ့ဒီလိုဟာမျိုးတွေအတွက် ကိုယ် ကိုယ်တိုင်က သေချာလေးကို ဝါသနာပါပြီး သေချာကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်။ ကျွမ်းကျင်တယ်ဆိုတာလည်း ကိုယ် ဝါသနာပါ လေ့ကျင့်ပြီးတော့မှ ကျွမ်းကျင်တာဆိုတော့။ တကယ်ကို စိတ်ပါဝင်စားစွာနဲ့ အသက်မွေးဝမ်းကြောင်း တခုရယ်လို့တင် မဟုတ်ဘဲနဲ့ တကယ်ကို flying လုပ်ရတာကို ရူးသွပ်ပြီးတော့ လေယာဉ်မောင်းရတာကို ကျေနပ်ပြီး ပျော်နေတဲ့လူမျိုး တယောက်ဖြစ်မှ pilot ကောင်းတယောက် ဖြစ်မယ်လို့တော့ ယုံကြည်တယ်။ ကိုယ် ကိုယ်တိုင်လည်း အခုထိကြိုးစားနေတုန်းပါပဲ။ ကိုယ့်ရဲ့ ဆရာကြီးတွေ၊ အခု အလုပ်က အနားယူသွားတဲ့ ရှေ့က ဆရာကြီးတွေ သူတို့ဆုံးမခဲ့တဲ့စကားတွေ အရ ဒါကို ပြောပြတာပေါ့နော်။ ပြီးတော့ အင်္ဂလိပ်စာလည်း လေ့လာပေါ့နော်။ အင်္ဂလိပ်စာ နည်းနည်းကောင်းတော့ အဆင်ပြေတာပေါ့။ အင်္ဂလိပ်စာလည်း လေ့လာပြီးတော့ ကိုယ် ကိုယ်တိုင် တကယ် ဝါသနာပါတယ် မပါဘူး ဆိုတာကို ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ပြီးတော့မှ ဝါသနာပါတယ်ဆိုပြီးတော့ သေချာ လုပ်လို့ရှိရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ အခက်အခဲလေးတွေကတော့ အဓိက ကတော့ အဲ့ဒီစိတ်နဲ့ကျော်ဖြတ်ရင်တော့ ဘာမှ မကျော်လွှားနိုင်ဘူးဆိုတာ မရှိဘူးပေါ့နော်။

မေး။ ။ အဓိက ကတော့ ယုံကြည်မှုကတော့ အများကြီးလိုအပ်မယ်ထင်ပါတယ်။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ဒါကို လုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှုမျိုးပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံပါ။ ကိုယ်လုပ်နိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို ယုံပါ။ ပြီးတော့ အဲ့ဒီ ကိုယ်ယုံထားတဲ့အတိုင်း အပတ်တကုတ် ကြိုးစားပါ။ အဲ့ဒီလိုဆိုရင်တော့ မဖြစ်နိုင်ပါဘူးဆိုတာ မရှိပါဘူးလို့။

ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

တိုက်ရိုက် လင့်ခ်


==============================

[Unicode Version]
























XS
SM
MD
LG