(Zawgyi/Unicdoe)
မေလ ၁၂ ရက်နေ့ဟာ ခေတ်သစ် သူနာပြုနည်းပညာတွေကို နောင်လာနောင်သားတွေ အတွက် မျိုးစေ့ချ ပေးခဲ့တဲ့၊ ဂရုဏာရှင် မီးအိမ်ရှင်မအဖြစ် ကမ္ဘာက ဂုဏ်ပြု ခေါ်ဆိုခံရသူ သူနာပြုဆရာမ Florence Nightingale ရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ ဖြစ်သလို၊ သူ့ကိုဂုဏ်ပြုတဲ့ ကမ္ဘာ့သူနာပြုများနေ့လည်း ဖြစ်ပါတယ်။ ဝေဒနာသည်တွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ စေတနာ မေတ္တာရှေ့ထားပြီး အထိရောက်ဆုံး ကုသပေးနိုင်မယ့် နည်းစနစ်တွေကို ချမှတ်ပေးခဲ့သလို၊ ရောဂါပိုး ကူးစက် ပြန့်ပွားမှုတွေ ထိန်းချုပ်နိုင်အောင် လက်ကို မကြာမကြာ သန့်ရှင်းစင်ကြယ်အောင်ဆေးကြောဖို့ ဆိုတဲ့ အလေ့အထ ကောင်းတွေကို လေ့ကျင့် ပျိုးထောင် ပေးခဲ့တာကြောင့် ကမ္ဘာ့ ဆေးဘက်ဆိုင်ရာ သမိုင်းမှာတော့ ထင်ရှားတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။
ပုံမှန် လက်ဆေးကြဖို့ ဆိုတာ အပါအဝင် သူချမှတ်ခဲ့တဲ့ သူနာပြုစုနည်းလမ်းတွေက ဒီကနေ့အထိ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုနေဆဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ သူနာပြု အမျိုးသမီး အမျိုးသားတွေနဲ့အတူ မေလထဲမှာ ကျရောက်တဲ့ မီးအိမ်ရှင် ဖလောရန့်စ် နိုက်တင်ဂေးရဲ့ အနှစ် ၂၀၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုက်တင်ဂေးရဲ့ ဘ၀ တစိတ်တပိုင်းနဲ့ သူ့ရဲ့ သမိုင်းဝင် စွမ်းဆောင်ချက် တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ ကမ္ဘာတဝှမ်း လူတွေသန်းနဲ့ချီ ကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက လူတွေရဲ့ ကျန်းမာရေးအသိနဲ့ တကိုယ်ရည် သန့်ရှင်းရေး ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို နိုးဆော်လိုက်တာပဲ ဖြစ်ပါတယ်။ လက်ကို ပုံမှန်ဆေးခြင်းအားဖြင့် ပိုးမွှားတွေကို သေစေ နိုင်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေနဲ့ ပြခဲ့ပြီး လူတွေအတွက် တကိုယ်ရည် သန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ၂၀၀ နီးပါးကတည်းက ညွှန်ကြား လမ်းပြခဲ့သူကတော့ မီးအိမ်ရှင်မလေး နိုက်တင်ဂေးလို့ ကမ္ဘာကသိကြတဲ့ ဗြိတိန်နိုင်ငံက သူနာပြု ဆရာမ ဖလောရန့်စ်နိုက်တင်ဂေးပဲ ဖြစ်ပါတယ်။
၁၈၅၃ ခုနှစ်က ဗြိတိန်၊ ပြင်သစ်နဲ့ တူရကီ မဟာမိတ်တပ်ဖွဲ့တွေနဲ့ တဘက်မှာ ရုရှားအင်ပါယာ အကြား ခရိုင်းမီးယားစစ်ပွဲဖြစ်ပွားနေတဲ့အချိန်၊ ဒီကနေ့ခေတ်တူရကီနိုင်ငံ အီစတန်ဘူလ်မြို့က Scutari ဆေးရုံမှာ ဒဏ်ရာရ စစ်သားတွကို သွားရောက် ကုသပေးခဲ့တဲ့ သူနာပြု နိုက်တင်ဂေးဟာ ဒဏ်ရာရစစ်သားတွေနဲ့ပြည့်နေတဲ့ ဆေးရုံမှာ ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားလို ကူးစက်ရောဂါတွေ ကြုံနေရတဲ့အချိန် လူနာတွေကို ပြုစုစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပါတယ်။ ဆေးရုံကိုရောက်လာတဲ့ ဗြိတိန်စစ်သားတွေဟာ စစ်ပွဲဒဏ်ရာကြောင့် သေဆုံးရတာထက် ကူးစက်ရောဂါတွေကြောင့် သေဆုံးတာက ၁၀ ဆလောက် ပိုများနေတာကို နိုက်တင်ဂေးက သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် လူနာတွေရဲ့ တကိုယ်ရေသန့်ရှင်းရေး နဲ့ မိလ္လာစနစ် ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့သလို၊ လူနာခုတင် အိပ်ယာတွေကို သန့်ရှင်းမှုရှိအောင်၊ လေဝင်လေထွက် ကောင်းအောင်၊ လိုအပ်တဲ့ အစာအာဟာရ ရရှိအောင် စသဖြင့် ပြုပြင် ပြောင်းလဲမှုတွေကို အဘက်ဘက်က လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်က နိုက်တင်ဂေးရဲ့ ကြိုးပမ်းမှုတွေဟာ အခုချိန်ထိ အရေးပါ အရာရောက်နေတုန်းပဲလို့ လန်ဒန်မြို့မှာရှိတဲ့ Florence Nightingale ပြတိုက် ညွှန်ကြားရေးမှူး David Green က ပြောပါတယ်။
“နိုက်တင်ဂေးဟာ သူ့ရဲ့ ရှေ့ဆောင်လမ်းပြ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဒီကနေ့ ကျနော်တို့ခေတ်အထိ အကျိုးပြုနေဆဲပါပဲ။ တကိုယ်ရည် သန့်ရှင်းရေးအတွက်၊ အထူးသဖြင့် လက်တွေ ပုံမှန်ဆေးဖို့ လမ်းညွှန်ခဲ့သလို၊ လူနာတွေကို အကောင်းဆုံး ပြုစုစောင့်ရှောက်နိုင်ဖို့၊ ဘယ်လိုလူနာမျိုးပဲဖြစ်ဖြစ် ပြုစုစောင့်ရှောက်တဲ့အခါမှာ ကောင်းမွန်တဲ့အလေ့အထတွေကို လိုက်နာဆောင်ရွက်ကြဖို့၊ တာဝန် ကျေပြွန်မှုနဲ့ မြင့်မားတဲ့ စံတန်ဖိုးတွေ ထားရှိနိုင်ဖို့အတွက် ရှေ့ဆောင်လမ်းပြခဲ့လို့ပါပဲ။”
၁၉ ရာစုခေတ်လယ်ကာလဖြစ်တဲ့ အဲ့ဒီအချိန်က ဆေးရုံတွေဟာ ညစ်ပတ်ပေရေပြီး အသည်းအသန် နာမကျန်းဖြစ်နေသူတွေနဲ့ ပြည့်နေတဲ့နေရာတွေ ဖြစ်ပြီး ဘယ်သူမှ အဲ့ဒီလိုနေရာမျိုးမှာ အလုပ် မလုပ်ချင်ကြပါဘူး။ လူ့အဖွဲ့အစည်းအတွင်း အနိမ့်ဆုံးအလွှာကလူတွေသာ လုပ်ကြတဲ့အလုပ်မို့၊ သူနာပြုအလုပ်ဆိုရင် နိမ့်ကျတဲ့အလုပ်တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ နိုက်တင်ဂေးက ဒီအယူအဆေ ပြောင်းလဲသွားတဲ့အထိ သူနာပြုအတတ်နဲ့ နည်းစနစ်တွေ အဆင့်အတန်းမြင့်မားအောင် လုပ်ပေးခဲ့ပြီး အရေးပါတဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းကြီးတခုဖြစ်လာအောင် မျိုးစေ့ချပေးခဲ့ပါတယ်။
ဒီနေရာမှာ နိုက်တင်ဂေး မွေးဖွားကြီးပြင်းခဲ့ပုံကို အတိုချုံး ပြောရရင်တော့ ဖခင်က ဗြိတိန် မြေပိုင်ရှင်သူဌေး၊ မိခင်ကလည်း မျိုးရိုးစဉ်ဆက် ကုန်သည်မိသားစုက ဆင်းသက်လာတဲ့ ချမ်းသာကြွယ်ဝသူ တဦးဖြစ်ပြီး နိုက်တင်ဂေးကိုတော့ အီတလီနိုင်ငံ Florence မြို့မှာ ၁၈၂၀ ခုနှစ် မေလ ၁၂ ရက်ေနေ့မှာမွေးဖွားခဲ့တာပါ။ သူမွေးတဲ့မြို့ကို ယူပြီး Florence Nightingale ဆိုတဲ့ နာမည်ရခဲ့တာပါ။ ပညာတတ် လူချမ်းသာမိသားစုကနေ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပေမဲ့လို့ အဆောင်အယောင် ပကာသနတွေမှာ ပျော်မွေ့မနေဘဲ၊ နာကျင် ဝေဒနာ ခံစားနေရသူတွေ၊ နွမ်းပါးနိမ့်ကျသူတွေ အတွက် လိုအပ်တဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ သူ့ဘဝတလေ ျှာက် ကြိုးပမ်းခဲ့ပါတယ်။
နိုက်တင်ဂေးဟာ ခရိုင်းမီးယားစစ်ပွဲကာလအတွင်း ညဘက် အိပ်ချိန်မှာတောင် မနားမနေဘဲ မီးအိမ်တလုံးနဲ့ လူနာတွေကို လိုက်လံ ကြည့်ရှုပြီး ပြုစု စောင့်ရှောက်ပေးခဲ့တာကြောင့် "The Lady with the Lump" မီးအိမ်ရှင်မလေး နိုက်တင်ဂေး ရယ်လို့ အမည်တွင်လာခဲ့ပါတယ်။ နိုက်တင်ဂေးပြတိုက် ညွှန်ကြားရေးမှူး David Green ကတော့ နိုက်တင်ဂေးဟာ တိုင်းပြည်အတွက် သူရဲကောင်းတယောက်ပါပဲလို့ ပြောပါတယ်။
“ဗြိတိန်နိုင်ငံအတွက် အစစ အရာရာ အင်မတန်ကိုမှ ဆိုရွားနေတဲ့အချိန်၊ ခရိုင်းမီးယားစစ်ပွဲကာလအတွင်းမှာ သူဟာ နိုင်ငံအတွက် သူရဲကောင်းတယောက်ပါပဲ။ အဲ့ဒီစစ်ပွဲမှာ စစ်သူရဲကောင်း ဆိုတာလည်း မရှိခဲ့ဘူး။ နိုင်ငံရေးသူရဲကောင်းဆိုတာလည်း မထွက်ပေါ်ခဲ့ပါဘူး။ အဲ့ဒီလိုအချိန်မှာ နိုက်တင်ဂေးက သူရဲကောင်းတယောက်အဖြစ် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။”
နိုက်တင်ဂေးရဲ့ အပင်ပန်းခံကြိုးပမ်းမှုတွေကြောင့်ပဲ Scutari ဆေးရုံံမှာ ကူးစက်ရောဂါတွေကြောင့် သေဆုံးတဲ့ လူနာတွေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေကိုလည်း တာဝန်ရှိသူတွေ သိရှိအောင် နိုက်တင်ဂေးက ကြိုးပမ်းခဲ့ပါတယ်။ အခြေအနေတွေ ဘယ်အချိန်မှာ ဘယ်လို တိုးတက် ပြောင်းလဲသွားခဲ့တယ် ဆိုတာကို စနစ်တကျ စာရင်းပြုစုပြီး မှတ်တမ်းတင်ခဲ့သလို၊ သူရေးခဲ့တဲ့ မှတ်တမ်းစာတိုတွေ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ ကူးစက်ရောဂါတွေကို ထိန်းချုပ်နိုင်အောင် နိုက်တင်ဂေး လမ်းညွှန်ပေးခဲ့တဲ့ အလေ့အကျင့်ကောင်းတွေက ဒီကနေ့ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်နေချိန်မှာ ဘယ်လောက် အရေးပါသလဲ သိနိုင်တယ်လို့ လန်ဒန်မြို့က Guys and St Thomas' NHS Foundation Trust အဖွဲ့က သူနာပြုအကြီးအကဲ Eileen Sills က ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်တုန်းကလိုပဲ ဒီအခြေခံစည်းမျဉ်းတွေက ဒီကနေ့ခေတ်မှာလည်း ပြောင်းလဲမသွားပါဘူး။ လက်ကို ပုံမှန်ဆေးရမယ်။ ကိုယ် အလုပ်လုပ်တဲ့ နေရာ ပတ်ဝန်းကျင်က သန့်ရှင်း သပ်ရပ်နေရမယ် ဆိုတာတွေ။ ပိုပြီး အရေးကြီးတာကတော့ လူနာတွေကြားမှာ နေရာတခု ခြားထားဖို့ နဲ့ ဆေးရုံတွေမှာ လေဝင်လေထွက် ကောင်းဖို့ လိုအပ်တယ်ဆိုတာတွေပါပဲ။”
လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်ကနဲ့ အခုအချိန်မှာ ခေတ်တွေ နေရာတွေ မတူတော့ဘူး ဆိုပေမဲ့လည်း အခြေခံလုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကတော့ အတူတူပါပဲ။ အရင်ခေတ်က နိုက်တင်ဂေးနဲ့ သူနာပြုတွေ စစ်ပွဲကြားမှာ လူနာတွေကို ပြုစုခဲ့ရပြီး၊ ဒီကနေ့အချိန်မှာတော့ သူနာပြုတွေဟာ COVID-19 ဆိုတဲ့ မမြင်နိုင်တဲ့ရန်သူကို ရင်ဆိုင် တိုက်နေကြရတာပါ။ ဒါပေမဲ့ မတူတော့တာကတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ၂၀၀ နီးပါးက အမျိုးသမီးတွေဟာ ဒီကနေ့ခေတ် အမျိုးသမီးတွေလို လူမှုအသိုင်းအဝိုင်းအတွင်း တန်းတူညီမ ျှ ဆက်ဆံတာ မခံရတဲ့ကြားကနေ သူတို့ကို အသိအမှတ်ပြုလာအောင် ရုန်းကန် ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။
“သူနာပြုအလုပ် ဆိုတာ ဒီလိုပဲ ဆေးရုံတွေမှာ လူနာတွေ ထိခိုက်နာကျင်မှု မခံစားရအောင်၊ ကူးစက်ရောဂါတွေ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အလေးထားပေးရတယ် ဆိုတာမျိုးတွေ။ ခုချိန်မှာ ကျမတို့ ပြောရတာတော့ လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေ့ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ တန်းတူညီမ ျှမှုမျိုး အဲ့ဒီအချိန်က အမျိုးသမီးတွေမှာ မရှိခဲ့ကြပါဘူး။ တကယ့်ကို လေးစား အံ့သြစရာကောင်းတဲ့ အမျိုးသမီးတယောက်၊ တကယ့် ကြီးမားတဲ့ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူတယောက်ပါ။ ဒီကနေ့အချိန် သူသာ ရှိနေမယ်ဆိုရင် ဘယ်လို ပေးဆပ်မှုတွေနဲ့ ဘယ်လောက် စွမ်းဆောင်ပြမလဲဆိုတာ တွေးကြည့်ရင် တကယ့်ကို ချီးကျူးစရာပါ။”
ခရိုင်းမီးယားစစ်ပွဲအတွင်း သူ့ရဲ့စွမ်းဆောင်ချက်တွေကြောင့် အသိအမှတ်ပြုခံခဲ့ရတဲ့ နိုက်တင်ဂေးဟာ ဗြိတိန်အစိုးရက သူ့ကိုဂုဏ်ပြုပေးအပ်တဲ့ လှူဒါန်းငွေတွေကို ကိုယ်ကျိုးအတွက်မသုံးဘဲ ၁၈၆၀ ခုနှစ်မှာ နိုက်တင်ဂေးသူနာပြုကျောင်းကို တည်ထောင်ခဲ့ပါတယ်။ လန်ဒန်မြို့ St. Thomas' ဆေးရုံမှာ အခြေစိုက်တဲ့ ဒီ သူနာပြုကျောင်းကနေ သူနာပြုပေါင်းများစွာ မွေးထုတ်ပေးခဲ့သလို၊ ဒီကနေ့ခေတ်အထိ အဆင့်အတန်းမီနေဆဲဖြစ်တဲ့ သူနာပြည်အတတ်ပညာတွေနဲ့ နည်းစနစ်တွေကို မျိုးစေ့ချေပေးခဲ့ပါတယ်။ စစ်ပွဲတွေအတွင်း လူနာတွေကို ပြုစုစောင့်ရှောက်ရာကနေ ရောဂါကူးစက်ခံရပြီး နာမကျန်းဖြစ်တဲ့တိုင်အောင် နိုက်တင်ဂေးကတော့ အနားမယူခဲ့ပါဘူး။ ဆေးရုံက မှတ်တမ်းများ “Notes on Hospitals” နဲ့ သူနာပြုစုနည်းမှတ်တမ်းများ “Notes on Nursing” ဆိုတဲ့ မှတ်တမ်းစာပေတွေ ရေးသားခဲ့ပြီး နောင်လာနောက်သားတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို မ ျှေ၀ ပေးခဲ့ပါတယ်။ ၁၉၁၀ ခုနှစ်၊ အသက် ၉၀ အရွယ် ကွယ်လွန်ခဲ့ချိန်အထိ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကို လုပ်သွားခဲ့ပါတယ်။
လူသားတွေအတွက် ကျန်းမာရေး ကောင်းကျိုးချမ်းသာ ခံစားရစေနိုင်မယ့်နည်းလမ်းတွေကို လမ်းပြ ပေးခဲ့တဲ့ နိုက်တင်ဂေးဟာ ဆေးပညာသမိုင်း၊ သူနာပြုသမိုင်းမှာတော့ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့်သူတယောက် မဟုတ်ပါဘူး။ သူ့ကိုဂုဏ်ပြုတဲ့နေနဲ့ သူ့ ရဲ့ မွေးနေ့ မေလ ၁၂ ရက်နေ့ကို ကမ္ဘာ့သူနာပြုများနေ့အဖြစ် ကမ္ဘာက သတ်မှတ်ခဲ့သလို၊ အများပြည်သူ ကျန်းမာရေးနဲ့ သူနာပြု အတတ်ပညာတွေမှာ ထူးချွန်သူတွေ၊ စံပြထိုက်တဲ့ စွမ်းဆောင်မှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ သူနာပြုတွေကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့မှာ ဖလောရန့်စ်နိုက်တင်ဂေးဆု ချီးမြင့်လာခဲ့တာ ၁၉ ၁၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဆုချီးမြှင့်ခံထားရသူ ၄ ဦးရှိပါတယ်။
ခေတ်သစ်သူနာပြုစနစ်ကို စတင်ပေးခဲ့တဲ့ သူနာပြုမိခင်ကြီး ဖလောရန့်စ် နိုက်တင်ဂေးဟာ ဆေးဘက်ဆိုင်ရာသမိုင်းမှာ အရေးပါလှသလို၊ တချိန်က လူမှုရေး မညီမျှမှုတွေနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်ပြီး အမျိုးသမီးတယောက်ရဲ့ စွမ်းဆောင်မှုတွေကို ထူးထူးခြားခြား ပြသနိုင်ခဲ့သူ ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါ ရှင်။
============================
[Unicode Version]