သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအကြမ်းဖက်ခံရမှု ဥပဒေအရ ကာကွယ်ပေးဖို့ အစိုးရ ပျက်ကွက်


ဓါတ်ပုံ- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
ဓါတ်ပုံ- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

(Zawgyi / Unicode)

မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဟာ တနှစ်ထက်တနှစ်တိုးလာနေပြီး၊ ဒီအခြေအနေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေပြဌာန်းဖို့ အစိုးရဘက်က ပျက်ကွက်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ထောက်ပြဝေဖန်ပါတယ်။

ဒီပြင် အကြမ်းဖက်သူများမှာ တရားမျှတစွာ ဥပဒေကြောင်းအရ အရေးယူခြင်းမခံရဘဲ ပြစ်ဒဏ်ကနေလွတ်ကင်းနေတဲ့အပြင် ကျူးလွန်ခံ အမျိုးသမီးတွေကို ပြန်လည်ရန်မှုတာတွေ ကြောင့် အမျိုးသမီးတွေ ဘဝလုံခြုံမှု အားနည်းနေတာကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထောက်ပြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

မြန်မာအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဟာ စစ်မက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနေရာတွေမှာသာမကဘဲ ဥပဒေ စိုးမိုးမှုရှိတဲ့ မြို့ပေါ်နေရာတွေအထိ ဖြစ်နေတယ်လို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးရေး နိုင်ငံတကာနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်ပြောဆိုခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရဆုံးဟာ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပြီး၊ တချို့သော အမျိုးသမီးတွေ ကိုယ်တိုင် အိမ်တွင်းအကြမ်းဖက်ခံရမှုကို ကောင်းကောင်းနားမလည်ပဲ ကျူးလွန်သူတွေလည်း ဆက်လက်ကျူးလွန်နေတာရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“အမျိုးသမီးတွေက တနိုင်ငံလုံး ခြုံကြည့်မယ်ဆိုရင် အကြမ်းဖက်ခံရတဲ့ အကြောင်းတွေ များတယ်ပေါ့နော်။ များတဲ့အပြင် လက်တွေ့အကောင်အထည်ဖော်မှု ၊ ထိရောက်စွာအရေးယူဆောင်ရွက်မှုကလည်း မရှိဘူးပေါ့နော်။ ဆိုတော့ အဲဒါကြောင့် ကျမတို့ တနေ့ထက် တနေ့ ပိုပိုပြီးတော့ အကြမ်းဖက်မှုတွေက အမျိုးသမီးတွေ ခံရတယ်ပေါ့နော်။ စစ်ပွဲဒေသမှာ ၊ လူမှုအသိုင်းအဝိုင်းမှာ တချို့ဆိုရင်လည်း မူးယစ်ဆေးဝါးအသိုင်းအဝိုင်းမှာ အဲလိုမျိုးပေါ့နော် သူ့ဒေသနဲ့ သူ ဒီလိုမျိုး နည်းမျိုးစုံနဲ့တော့ အကြမ်းဖက် ခံရတာရှိတယ်။ အဓိက ဒီမှာ Highlight လုပ်ချင်တာကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်ခံရတာတွေ ပိုပြီးများလာတာ တွေ့ရတယ်။”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ကောက်ယူထားတဲ့ အကြမ်းဖက်မှုမှတ်တမ်းအရ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အကြမ်းဖက်ခံရမှု အမှုပေါင်း ၂၅၀ကျော်ရှိတဲ့အထဲမှာ ထက်ဝက်နီးပါးလောက်က ဥပဒေအရ အရေးယူခံရခြင်းမရှိတာ၊ အရေးယူခံရတာမှာလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ် မပေးနိုင်ဘဲ ကင်းလွတ်ခွင့်ရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ကျူးလွန်မှုတွေကြောင့် အမျိုးသမီး တွေနဲ့ ကလေးသူငယ်များစွာ ထိခိုက်ဒဏ်ရာရှိပြီး အသက်ပေါင်းများစွာ သေဆုံးခဲ့ရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေအပေါ် လိင်ပိုင်းစော်ကားတာအပါအဝင် အကြမ်းဖက်မှုအမျိုးမျိုးဟာ အစိုးရ ထုတ်ပြန်တဲ့ ရာဇဝတ်မှုကိန်းဂဏန်းတွေအရ တိုးလာတာကြောင့် ဒီအခြေအနေကို ဥပဒေအရ ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ နော်ဆဲဆဲက ပြောပါတယ်။

“Survivor တွေပဲ ဖြစ်ဖြစ် Victims တွေပဲ ဖြစ်ဖြစ်ပေ့ါနော် သူတို့ဘ၀ ပြန်လည်ထူထောင်နိုင်ဖို့ ၊ သူတို့ဘ၀ ပြန်လည်ရပ်တည်နိုင်ဖို့အတွက်က အစိုးရရဲ့ အဓိက တာဝန် ဝတ္တရားဖြစ်တယ်။ သက်ငယ် မုဒိမ်းမှုကိုရင်ဆိုင်နေရတဲ့ ကလေးငယ်တွေဆိုရင် တဆင့်တဆင့်ပေါ့နော် အရှက်သိက္ခာရော ၊ ဘ၀ ရှင်သန်ဖို့အတွက်ရော ၊ ဒီလူတွေကြားမှာ ခွဲခြားဆက်ဆံဖို့မရှိဖို့အတွက်ရော၊ ဒါအစိုးရတွေက တကယ့်အရေးကြီးတဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ဆောင်ရမှာဖြစ်တယ်။ စီမံကိန်း ဖြစ်ဖြစ် တကယ် priority ချပြီးတော့ လုပ်ဆောင်ရမယ့်အရာ ဖြစ်တယ်။”

အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ မခင်လေးကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ပေးဖို့ ဥပဒေပြုရေးပိုင်းရော တရားရေးပိုင်းမှာပါ အားနည်းချက်တွေရှိနေတယ်လို့ ထောက်ပြပါတယ်။

“ အဓိကတော့ အစိုးရတာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှု ၊ ဦးဆောင်မှုက အရမ်းကို ထပ်ပြီးလုပ်ဖို့ လိုနေတာမြင်ရပါတယ်။ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပြောက်ရေးအတွက်

တကယ်ကောင်းမွန်တဲ့ဥပဒေတွေကို အမြန်ဆုံး ထိထိရောက်ရောက် ပြဌာန်းပေးဖို့လိုတယ်။ ဒီ ဥပဒေကြမ်းတခုလည်း ကျမတို့ ရေးဆွဲနေတာကြာပြီ ဒါပေမယ့် အခုအချိန်အထိ မပြဌာန်းနိုင်သေးတဲ့အတွက် ဒီမှာ ပိုပြီးတော့ အားနည်းချက်တွေ ဖြစ်နေပြီးတော့ နိုင်ငံတော်ကိုယ်တိုင်က အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေသလို ဖြစ်နေတာကိုတွေ့ရတယ် ။အဲဒီအတွက် ပိုပြီးတော့ ကျမတို့အတွက်က စိတ်မကောင်းစရာဖြစ်တယ်။ ဒါပေမယ့် အဲလို ပြဿနာဖြစ်လာလို့ တိုင်ကြားမယ် အရေးယူဖို့အတွက် ဆောင်ရွက်မယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို သဘောထားတာက အင်မတန်မှ ပေါ့ပျက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ တကယ့် ရှေ့နေ ၊ တရားရုံး ၊ ကျန်းမာရေးဌာန ဒါတွေရဲ့ ဆောင်ရွက်ပေးမှုက ဒီထက်ပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့ လိုနေတယ်လို့ ကျမတို့ မြင်ပါတယ်။”

ပဋိပက္ခဒေသတွေမှာ တပ်မတော်အထက်အရာရှိကြီးများ၊ အစိုးရအာဏာရှိသူများ နဲ့လုံခြုံရေးအမှုထမ်းတွေက အမျိုးသမီးတွေအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှု ရာဇဝတ်မှုများကို ကျူးလွန်နေတာတွေ ဖော်ထုတ်အရေးယူဖို့ကိုလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဒီကနေ့လုပ်တဲ့ အခမ်းအနားမှာ တိုက်တွန်းတောင်းဆိုပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေ အကြမ်းဖက်မှုကနေ ပပျောက်လျော့နည်းအောင် နိုင်ငံတကာအကူအညီတွေ ရယူပြီး အသိပညာပေးတာတွေနဲ့ အကြမ်းဖက်ခံ ရသူတွေကို ကူညီပေးတာတွေလုပ်သွားမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...................


( Unicode)













XS
SM
MD
LG