သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမဂ္ဂဝင်အလုပ်သမားတွေ ကိုဗစ်အကြောင်းပြ အလုပ်ထုတ်ခံရ


ရန်ကုန်မြို့ ရွှေပြည်သာက အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား တချို့။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)
ရန်ကုန်မြို့ ရွှေပြည်သာက အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား တချို့။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

[Zawgyi/Unicode]

COVID 19 ကပ်ရောဂါကာလအတွင်း အလုပ်သမားသမဂ္ဂ လှုပ်ရှားသူတွေ အလုပ်ထုတ်ခံရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

လှိုင်သာယာ စက်မှုဇုန်က သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို တိုင်ကြားထားတယ်လို့ မြန်မာယူနီဗျူး စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်လှိုင်ဖြိုးက VOA ကိုပြောပါတယ်။ ILO ဘက်ကတော့ ၁၅ ရက်အတွင်းမှာ ပြန်ဆက်သွယ်မယ်လို့ အကြောင်းပြန်တယ်လို့သိရပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ဖောက်ဖျက်ရာရောက်တဲ့အပြင် စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားကြား သဘောတူထားတဲ့ အချက်တစ်ချက်ဖြစ်တဲ့ စက်ရုံဖျက်တာ၊ လုပ်သားလျှော့ချတာလုပ်ရင် အလုပ်သမားတွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်၊ ဥပဒအတိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ အချက် ပျက်ကွက်တာကြောင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အလုပ်ရှင်ကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့လည်း အလုပ်သမားခေါင်းဆောင်ကိုထက်လှိုင်ဖြိုးက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဘက်ကိုရော အလုပ်ရှင်ဘက်ကိုပါ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

အခုကာလအတွင်းမှာ အလုပ်ရှင်ဘက်က ကပ်ရောဂါကို အကြောင်းပြပြီး အလုပ်သမား သမဂ္ဂတွေကို ဖြိုခွဲချင်နေတာဖြစ်တယ်လို့ ကိုထက်လှိုင်ဖြိုးက ယူဆပါတယ်။

“အလုပ်ရှင်ကတော့ ဒီ COVID - 19 အကြောင်းပြပြီးတော့ပေါ့နော်။ ကျနော်တို့ သမဂ္ဂကို ဖြို့ခွဲချင်တယ်။ ပြီးရင် ဒီ COVID - 19 အကြောင်းပြတယ်၊ လူအင်အားလျှော့တယ်ဆိုပြီးတော့ ကျနော်တို့ သမဂ္ဂတစ်ခုလုံးကို ဖြိုခွဲလိုက်တာ၊ အဲ့လိုမျိုးပဲ ကျနော်က ယူဆတယ်ပေါ့။ သူ့ဘက်မှာကျတော့ သူက တစ်ခု ခံသာသွားတာကကျတော့ COVID - 19 ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီးတော့ပေါ့နော်။ စက်ရုံတွေက သမဂ္ဂတွေကို အလုပ်ထုတ်လိုက်ရင် ဥပဒေပါအချက်တွေကို သူတို့က မပေးရတော့ဘူးပေါ့နော်။ အဲ့လိုဆိုပြီးတော့ ကျနော်တို့ရဲ့ သမဂ္ဂအဖွဲ့ဝင် ၃၅၅ ယောက်ကို ထုတ်လိုက်တယ်လို့ပဲ ကျနော်က ယူဆတယ်။”

အလုပ်သမားတွေကို မေလ ၂၂ ရက်မှာ လုပ်ငန်းခွင်ပြန်ဝင်ရမယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် နယ်ကနေ လာကြရတဲ့ အလုပ်သမားတွေ ပြန်လာခဲ့ကြပေမဲ့ အလုပ်ရှင်ဘက်က အလုပ်သမား လျှော့ချတယ်ဆိုပြီး နစ်နာကြေးပေးပြီး အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ အလုပ်သမားတွေ ပြောပါတယ်။ စက်ရုံမှာ အလုပ်လုပ်ဖို့ ပြန်လာတဲ့ အလုပ်သမားပေါင်း ၉၀၀ ထဲကနေ သမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော်ကို ထုတ်လိုက်တာလို့ ဆိုပါတယ်။

အလုပ်သမားတွေကို ကြိုတင် အကြောင်းကြားတာမျိုး မလုပ်ဘဲ အလုပ်ထုတ်တာက အလုပ်သမားအဖွဲအစည်း ဥပဒေ ပုဒ်မ ၃၇ အရ တရားမဝင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ယက်ရဲ့ ဥပဒေ အကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အလုပ်ရုံကို ဒီ COVID - 19 နဲ့ ပတ်သက်လို့ ဆက်စပ်ပြီးတော့ တစ်စိတ်တစ်ပိုင်း ပိတ်တာတို့၊ တစ်ခုလုံး ပိတ်တာတို့နှင့် အလုပ်ပိတ်တာတို့ကြောင့် ဖြစ်တယ်ဆိုရင်တော့ အလုပ်ပိတ်တာ ဥပဒေနဲ့ ညီသလား၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပုဒ်မ ၃၇ နဲ့အညီ ၁၄ ရက် ကြိုတင်ပြီး အလုပ်သမားတွေ ကို အကြောင်းကြားရတယ်၊ သမဂ္ဂကို အကြောင်းကြားတယ်၊ မြို့နယ် ညှိနှိုင်းပြန်ကြားရေးကို အကြောင်းကြားတယ်။ ခွင့်ပြုချက်ရှိရဲ့လား၊ မရှိဘူးဆိုရင်တော့ ဥပဒေနဲ့ မညီဘူးပေါ့နော်။ တည်ဆဲ အလုပ်သမားဥပဒေနဲ့ ကျနော်တို့က ဆုံးဖြတ်ကြရပါတယ်။”

အခုမေလထဲမှာပဲ ဒဂုံဆိပ်ကမ်းက အလုပ်သမားတစ်ချို့လည်း COVID ဖြစ်ပွားနေတဲ့ ကာလမှာ ဥပဒေအရ အလုပ်သမားခံစားခွင့်တွေ မရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ILOနဲ့ NLD ဗဟိုရုံးကို သွားပြီး သူတို့ရဲ့ အခက်အခဲကို တင်ပြထားကြပါတယ်။

ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေချိန် ကုန်ထုတ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာကြောင့် ဒီကာလမှာ ရပ်တည်နိုင်ဖို့ ရထိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေကို တောင်းဆိုခဲ့တဲ့ အလုပ်သမားတချို့ကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ အစိုးရက ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့သလို အလုပ်ရှင်ဘက်ကလည်း အမှုဖွင့်အရေးယူတာတွေ ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG