သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ဘယ်လိုဖန်တီးမလဲ


တရုတ်နိုင်ငံကနေ ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ရှမ်းပြည်နယ် မူဆယ်မြို့ရှိ တရုတ် - မြန်မာနယ်စပ်ဂိတ်တွင် တွေ့ရ။ (မေ ၁၂၊ ၂၀၂၀)
တရုတ်နိုင်ငံကနေ ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ရှမ်းပြည်နယ် မူဆယ်မြို့ရှိ တရုတ် - မြန်မာနယ်စပ်ဂိတ်တွင် တွေ့ရ။ (မေ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက်အခြေခံလုပ်သားတွေအတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်မလဲ VOA က စုံစမ်းမေးမြန်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေတဲ့ အခြေခံရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် သူတို့ရဲ့လုပ်ငန်းခွင်တွေ ပိတ်သိမ်းတဲ့အခြေအနေနဲ့ ကြုံရသလို၊ သက်ဆိုင်ရာနိုင်ငံကအာဏာပိုင်တွေရဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေပါ။

အဲဒီလိုပြန်ဝင်လာသူတွေကို နယ်စပ်ဂိတ်တွေကနေတဆင့် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီးမှ သူတို့ရဲ့ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ပေးတာပါ။

စားသောက်နေထိုင်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း အခက်အခဲတွေကြောင့် တဘက်နိုင်ငံကို ထွက်ခွာသွားတဲ့သူတွေ ပြန်လည်ဝင်ရောက်လာတဲ့အခြေအနေမှာ သူတို့ကို အလုပ်ပေးဖို့အတွက် သက်ဆိုင်ရာဒေသအစိုးရတွေကလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူ ၇,၀၀၀ ကျော်နဲ့ တရုတ်ဘက်ကနေဝင်လာသူ ၅,၀၀၀ ကျော်အထိ ရှိနေပြီး နောက်ထပ်ပြန်ဝင်လာဖို့ စာရင်းပေးထားတဲ့ ပြည်တော်ပြန်ဟာ ၆,၀၀၀ ကျော်အထိ ကျန်နေသေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

စာရင်းပေးထားသူတွေအားလုံး ပြန်လည်ရောက်ရှိလာရင် တချို့ကို အလုပ်ပေးနိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဦးမိုးကျော်သူက အခုလိုပြောပါတယ်။

“အခု စစ်ကိုင်းတိုင်းအတွင်းမှာ မျိုးစပါးစိုက်ဧကတွေ ရှိတယ်။ အဲဒီမျိုးစပါးစိုက်ဧကတွေက ကျနော်တို့ တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲနေတဲ့ လယ်ယာမြေတွေပေါ့။ အဲလိုနေရာတွေမှာ သူတို့စိုက်ပျိုးရေးမှာ ကျွမ်းကျင်ခဲ့တဲ့သူတွေပါလာရင် ဒီမျိုးစပါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သူတို့ကို နေရာပေးပြီးတော့ အလုပ်ပေးနိုင်ဖို့ စီစဉ်နေတယ်။ စီစဉ်တယ်ဆိုတာ စီစဉ်တုန်းပဲရှိသေးတယ်။ ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ ကဃနဏ ကျနော်တို့ Plan မဆွဲရသေးဘူး။”

တရုတ်နိုင်ငံဘက် သွားရောက်အလုပ်လုပ်ကိုင်သူများတဲ့ ကချင်ပြည်နယ်မှာလည်း ဧပြီလ ၁၆ ရက်နေ့ကစပြီး မနေ့ကအထိ ပြန်ဝင်လာသူဦးရေဟာ ၉,၀၀၀ နီးပါးရှိထားတယ်လို့ သိရပါတယ်။

ဒါက ကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကနေ တဆင့် ပြန်ဝင်လာသူတွေပါ။

ကိုယ့်နေရပ်ကနေ ထွက်ခွာအလုပ်လုပ်ကိုင်သူ သောင်းဂဏန်းနီးပါး ပြန်လည်ဝင်ရောက်လာပေမယ့် သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကတော့ ပြည်တွင်းမှာ ရှားပါနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ပြည်နယ်ကတော့ သဘာဝ သယံဇာတနဲ့ပတ်သက်ပြီးတော့ ဖားကန့်လိုနေရာမျိုးမှာ ကျောက်မျက်ထွက်တယ်။ တနိုင်းဘက်လိုနေရာမှာ ပယင်းထွက်တယ်ဆိုတော့ အထူးသဖြင့် ဒီပျံကျအလုပ်သမားတော်တော်များများသည် သဘာဝ သယံဇာတပေါ်မှာ မှီခိုပြီးလုပ်ကိုင်စားသောက်တဲ့ အလုပ်သမားတွေများတဲ့အတွက် ဒီနေရာတွေပဲစုပုံမယ်လို့ ကျနော့်အနေနဲ့တော့ ယူဆပါတယ်ဗျ။ အခုလက်ရှိအနေအထားအတိုင်းပဲ ကျနော်တို့ပြည်နယ်အတွင်းမှာ ကျနော်တို့နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒီထက်ပိုပြီး မဖန်တီးပေးနိုင်သေးဘူးဆိုရင်တော့ သူတို့ကတော့ရေကြည်ရာ မြက်နုရာ ပြန်သွားဖို့များပါတယ်ဗျ။”

တနင်္သာရီတိုင်းအတွင်းမှာတော့ နေရပ်ပြန်လာသူအများစုက သူတို့လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံတွေပိတ်ထားချိန် ခဏပြန်လာတဲ့သဘောသာဖြစ်ပြီးတော့ အခြေအနေတွေပြန်ကောင်းသွားရင် အများစုက ထိုင်းဘက်ကို ပြန်သွားကြမယ်လို့ သိရပါတယ်။

“ကျနော်တို့တနင်္သာရီတိုင်းက ရေလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပဲ အထူးဦးစားပေးပြီးတော့ လုပ်ကြတယ်လေ။ အဲတော့ ရေလုပ်ငန်းခွင်ထဲဝင်မယ်ဆိုရင်လည်း ရှိပါတယ်ဗျ။ တကယ့်ကိုအလုပ်ကြိုးစားပြီး လုပ်မယ့်သူတွေအတွက်တော့ အလုပ်ကတော့ရှိပါတယ်ဗျ။ အခုချိန်ကတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် တကမ္ဘာလုံးမှာ အလုပ်အကိုင်ရော အများကြီးထိခိုက်နေတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒါက ကမ္ဘာနဲ့ချီပြီးဖြစ်လာတဲ့ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့အားလုံးလည်း ဖြတ်ကျော်ရမှာပဲလေ။”

ဒါကတော့ တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းပြောသွားတာ ဖြစ်ပါတယ်။

ပြည်ပလုပ်သားတွေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်နေတဲ့ နယ်စပ်ဒေသက ပြည်နယ်တွေမှာ ဗဟိုအဆင့်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တွေကို စေလွှတ်ပြီး ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကြီးကြပ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်တော်ပြန်တွေ ရောဂါကင်းရှင်းဖို့ ကျန်းမာရေးစစ်ဆေးပြီး အသွားအလာကန့်သတ်တာတွေကို သက်ဆိုင်ရာဒေသအလိုက် စီစဉ်ဆောင်ရွက်နေပေမယ့် ကိုဗစ်ကာလအတွင်း သူတို့တွေရဲ့ အလုပ်အကိုင်အခြေအနေဟာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG