သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အလုပ်သမားခံစားခွင့် အခြေအနေ


မြန်မာမီးရထား အလုပ်သမားများ
မြန်မာမီးရထား အလုပ်သမားများ

မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းစဉ်တွေ ခေတ်နဲ့အညီ လုပ်ကိုင်နိုင်ရေးနဲ့ ကျန်းမာရေးခံစားခွင့်တွေ ဒီထက်ပေးနိုင်ရေးတို့အတွက် လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ စတင် စမ်းသပ်လုပ်ဆောင်နေပြီလို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတယ် ဆိုပေမယ့်လည်း ဒီပြောင်းလဲမှုတွေဟာ နိုင်ငံတကာအဆင့်မီဖို့ လိုအပ်ကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်မေခက စုစည်းတင်ပြသွားမှာပါ။

လူမှုဖူလုံရေးရဲ့ တခြား အလုပ်သမားဆိုင်ရာ လုပ်ငန်းစဉ်တွေ ခေတ်နဲ့အညီ လုပ်နိုင်ရေး၊ ကျန်းမာရေးခံစားခွင့်တွေ ဒီထက်ပိုပေးနိုင်ရေးတို့အတွက် အခုလို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောပါတယ်။

“ကျနော်တို့ Medical Reform မှာပြင်ပလူနာဆေးကုသတဲ့ ဟာကိုအရင်သွားတာပေါ့။ ပြင်ပ ဆေးခန်း တွေနဲ့စာချုပ်ချုပ်ပြီး Piliot သွားနေပါပြီ။ နောက်ဆို ဘယ်လိုပုံစံနဲ့သွား မလဲထွက်လာပါလိမ့်မယ်။ နောက် ဆရာဝန်ဌားပြီးတော့ဒီထက်ပိုမို CAREလုပ်ပေး နိုင်အောင် နိုင်ငံတကာ မော်ဒယ်တခုသွားဖို့အတွက် ကျနော်တို့ ILO နဲ့လုပ်နေတာပါ။ပုဂ္ဂလိကနဲ့ပူးပေါင်းဆောင်ရွက်တာတွေလည်းရန်ကုန်မှာဆိုရင် စမ်းသပ်လုပ် ဆောင်နေပါတယ်။ Model တခုအနေနဲ့ပူးပေါင်းတယ် အဲဒါအောင်မြင်ရင်ဒီထက်တိုးချဲ့ လုပ်ဆောင်သွားမယ်။”

လူမှုဖူလုံရေးလုပ်ငန်းတွေမှာ အလုပ်သမားခံစားခွင့်နဲ့ ပတ်သတ်တဲ့ စီမံခန့်ခွဲရေးပိုင်း ကြန့်ကြာမှုတွေမဖြစ်အောင် အဆင့်မြှင့်ဖို့ လိုအပ်နေတယ်လို့ သူကပြောပါတယ်။

“အလုပ်သမားတွေ ဖျားနာတယ်၊ နာမကျန်းဖြစ်တယ်၊ မီးဖွားတယ်ဆိုရင်ကျနော်တို့ဆီမှာ အကျိုး ခံစားခွင့် ထုတ်ပေးရတာရှိတယ်လေ။ အဲလုပ်ငန်းစဉ်က များတယ်။ များတော့ စောင့်ရတာ ကြာတာပေါ့ဗျာ။ အဲဒါတွေ ဖြေလျော့မယ်ဆိုပြီးတော့ လုပ်တယ်။ ဥပမာ အဆင့် ၅၆ဆင့်မှာ ၃၁ဆင့်လောက်ထိ ဖြေလျော့လိုက်တယ်။ ခုအဲဒါကိုလဲ Pilot အနေနဲ့စမ်းထားတယ်။ ရန်ကုန်လှိုင်သာယာမှာကော၊ မန္တလေး ပြည်ကြီးတခွန်မှာပါ စမ်းထားတယ်။ ဒီဇင်ဘာဆို၆လပြည့်ပါပြီ။ ဒါရဲ့ Result ကြည့်မယ် ဘာတွေထပ်ပြင်မလဲ မပြင်ဘူးဆိုလဲ ဒီတိုင်းဖြေလျော့တဲ့လုပ်ငန်းစဉ်နဲ့ဆိုရင် အလုပ်သမားတွေ အနေနဲ့ သူတို့ခံစားခွင့်တွေ ကို လွယ်လွယ်ကူကူနဲ့ ခံစားရရှိစေမှာဖြစ်ပါတယ်။”

အလုပ်သမားတွေရဲ့ဘ၀ မြင့်တင်ရေးအပါအဝင် အခု လူမှုဖူလုံရေးအဖွဲ့က လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အစိုးရတာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ လပေါင်းများစွာ ဆွေးနွေး ညှိနှိုင်းပြီးမှ ထွက်ပေါ်လာတာ ဖြစ်တယ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ အလုပ်သမားတွေ အမှန်တကယ် ရရှိနိုင်မယ့် အခြေအနေတွေ ဖြစ်အောင် ဖန်တီးပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင် ပြောပါတယ်။

“ လူမှုဖူလုံရေးသွားရင် ဆေးမရဘူး၊ ဆရာဝန်မရဘူး ဆိုတာကစလို့ ပြင်ဖို့ကြိုးစားတယ်။ ဝန်ကြီးဌာန ဘက်က သူတို့ရှိတဲ့ငွေနဲ့ ဆေးရုံတွေမနိုင်ဘူး၊ သူတို့အခုပေးနေတဲ့ လုပ်အားခနဲ့ဆရာဝန်တွေ မရလို့ပေါ့။ အဲဒီအခါမှာ သူတို့က ကန်ထရိုက်ပြန်ပေးတာပေါ့နော်။ ဒါကိုလည်း အလုပ်သမားတွေ သုံးနေပါတယ်။ လူမှုဖူလုံရေးကလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုက ကျနော်တို့ပြောတာ ကတော့ နိုင်ငံတကာ ဖြစ်ဖို့လိုတယ်။ အကုန်ပါနိုင်ဖို့လိုတယ်။ မွေးချိန်ကနေ သေတဲ့အချိန်ထိ လူမှုကာ ကွယ်ရေးဖြစ်ဖို့လိုတယ်။”

လူမှုဖူလုံရေး အဖွဲ့ထုတ်ပြန်ထားချက်အရ လူမှုဖူလုံရေး အဖွဲ့ဝင်ထားတဲ့ အလုပ်သမားဦးရေ ၁.၄သန်းရှိပြီး အလုပ်သမား ဆေးရုံ ၃ရုံနဲ့ ဆေးခန်းပေါင်း ၁၀၀ ကျော်က ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ကဏ္ဍ ၄ခုအတွက် စမ်းသပ်ကာလကို ၆လ သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာမှာ စမ်းသပ်ကာလ ကုန်ဆုံးမှာဖြစ်ပါတယ်။

..................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG