သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YBS မော်တော်ယာဉ်တွေ COVID-19 ကာကွယ်ရေး အခက်ကြုံ


YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရသည့် ဘတ်စ်ကားတစင်း။ (ဇန်နဝါရီ ၁၆၊ ၂၀၁၇)
YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရသည့် ဘတ်စ်ကားတစင်း။ (ဇန်နဝါရီ ၁၆၊ ၂၀၁၇)

(Zawgyi/Unicode)

ရန်ကုန်တိုင်းက YBS ခရီးသည်တင်မော်တော်ယာဉ်တွေမှာ COVID-19 ရောဂါပိုးကာကွယ်ရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ ကိုဗစ်ကာလအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်းတွေ လိုက်နာရမယ့်ညွှန်ကြားချက်တွေကို ဆောင်ရွက်ရာမှာ အခက်အခဲရှိနေပါတယ်။ ရုံးတွေပြန်ဖွင့်တော့မယ့် ကာလမှာ ခရီးသည်တွေ တိုးလာနိုင်ပေမယ့် ယာဉ်လိုင်းအားလုံး အစီးရေ လုံလုံလောက်လောက်ပြေးဆွဲနိုင်ဖို့ အခက်ကြုံနေရပြန်ပါတယ်။

ကိုဗစ်ကာလအတွင်း ခရီးသည်တင်ယာဉ်တစီးမှာ လူဦးရေ ၂၄ ဦးသာ တင်ဆောင်ပြီး ခရီးသည်တိုင်း Mask တပ်ဖို့နဲ့ လက်သန့်ဆေးရည်သုံးဖို့အတွက် ကိုဗစ်ဗဟိုကော်မတီက YBS ယာဉ်လိုင်းတွေကို ညွှန်ကြားထားတာပါ။ အဲဒီညွှန်ကြားချက်ကို ဧပြီလ ၁၅ ရက်နေ့ကစပြီး ယာဉ်လိုင်းတချို့ လိုက်နာခဲ့ကြပေမဲ့ တချို့ယာဉ်လိုင်းတွေမှာတော့ အခက်အခဲတွေ ရှိတာကြောင့် ပြေးဆွဲတဲ့အစီးရေလျှော့ချတာအပါအဝင် ညွှန်ကြားချက်တွေအတိုင်း မဆောင်ရွက်နိုင်တာတွေလည်း ရှိနေပါတယ်။

ခရီးသည်တွေကို တဦးနဲ့ တဦး ကွာဝေးစေဖို့အတွက် ဘတ်စ်ကားတွေပေါ်မှာ ခုံတွေကိုတခုံခြားစီသာ ထိုင်ဖို့ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါကပ်ဘေးကာလမှာ ခရီးသည်တင်ယာဉ်လိုင်းတွေ မဖြစ်မနေပြေးဆွဲပေးနေရတဲ့အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဝင် ဒေါက်တာမောင်အောင်က VOA ကိုပြောပါတယ်။

“အများပြည်သူသယ်ယူ ပို့ဆောင်ရေးဆိုတာကတော့ ဒါဘယ်နိုင်ငံပဲဖြစ်ဖြစ် အရမ်းပဲအရေးကြီးတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုရင် ဒီအချိန်မှာ တကယ့်လိုအပ်တဲ့နေရာကို လိုအပ်တဲ့လူတွေ ကုန်တွေပို့ဖို့ဆိုတာ ဒါရှိကိုရှိရမယ်။ ဒီဟာမရှိလို့ကိုမရတဲ့အတွက် ဒါကျနော်တို့လည်း အဲလိုခံယူပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့အပိုင်းကတော့ ဒါအပေါ်ကတောင်းဆိုလာရင် တကယ့်အရေးပေါ်ကိစ္စဆိုရင်လည်း မဖြစ်ဖြစ်အောင် ကျနော်တို့ကသွားလာရေးအတွက်က စီစဉ်ပေးနေတယ်ဆိုတာကို သိစေချင်ပါတယ်ခင်ဗျ။”

ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေကိုလိုက်နာဖို့အတွက် ဆောင်ရွက်ထားပေမယ့် လက်ရှိအချိန်မှာ ယာဉ်အစီးရေပြေးဆွဲတာ နည်းနေသလို ခရီးသည်အနည်းငယ်များလာတာကြောင့် ရုံးတက်ရုံးဆင်းချိန်တွေမှာ ဒီညွှန်ကြားချက်ကို လိုက်နာဖို့အခက်အခဲ ရှိနေတဲ့အကြောင်းကို ဒေါက်တာမောင်အောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်က လုပ်နိုင်တာတွေက ဒရိုက်ဘာတွေ ကားသန့်ရှင်းရေးလုပ်တာတို့ ဒီဒရိုက်ဘာတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကိုတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ကညွှန်ကြားလို့ရတာပေါ့။ ဒါပေမဲ့ တဘက်ကခရီးသည်ကို လိုက်နာဖို့ကျတော့ မေတ္တာရပ်ခံတဲ့သဘောပဲပေါ့နော် လုပ်တော့လုပ်တယ်။ ဒါပေမဲ့ ပြောချင်တာကတော့ နေ့ခင်းပိုင်းကျရင်တော့ အဲဒီဟာကဖြစ်ပါတယ်။ ဒါပေမယ့် မနက်ပိုင်းတို့ ညနေပိုင်းတို့ကျတော့ နည်းနည်းလေးခက်တယ်ပေါ့။”

YBS မော်တော်ယာဉ် တစီး
YBS မော်တော်ယာဉ် တစီး

ပြည်တွင်းမှာ ကိုဗစ်ရောဂါမဖြစ်ခင်ကာလတုန်းက ရန်ကုန်တိုင်းမှာ ခရီးသည် ၁၈ သိန်းလောက်ဟာ YBS ယာဉ်လိုင်းတွေကို နေ့စဉ်အသုံးပြုနေကြတာပါ။ ဒါပေမဲ့ ကိုဗစ်ရောဂါကူးစက်ခံရမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ တနေ့ကို ခရီးသည် ၃၀၀,၀၀၀ နီးပါးလောက်သာ အခုကာလမှာ စီးနင်းလိုက်ပါသူရှိတော့တယ်လို့ YRTA ရဲ့စာရင်းတွေအရ သိရပါတယ်။

တောင်ဥက္ကလာမှာနေထိုင်တဲ့ ကိုဘိုဘိုကလည်း အခုကာလမှာ YBS စီးနေတဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ခုံတွေခြားတာတို့ အမှားခြစ်တွေ ခြစ်ထားတော့ လိုက်နာရတယ်။ လိုက်နာရတယ်ဆိုတာက သူကအဲဒီအလယ်ခေါင်မှာ အမှားခြစ်ထားတော့ သူတို့ရှိန်ပြီးတော့ ချဲစီးတယ်။ လူတွေကတော့ အခုဟာက ကိုဗစ်ကိုသိပ်ပြီးတော့ ဂရုမစိုက်နိုင်တော့ဘူး။ စားဝတ်နေရေးကို ပြန်ပြီးတော့လုံးပမ်းနေတဲ့ပုံပေါက်တော့ စီးနေကြတာပဲ။”

သင်္ကြန်ကာလတုန်းက ခရီးသည်နည်းတာကြောင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့လွယ်ကူပြီး ယာဉ်လိုင်း တခုကို တနာရီခြား တစီးနှုန်းနဲ့ ပြေးဆွဲခဲ့ပေမဲ့ ၂၀ ရက် နောက်ပိုင်းကစပြီး ၁၅ မိနစ်ခြား တစီးနှုန်းနဲ့ ပြောင်းလဲပြေးဆွဲခဲ့ကြတာပါ။

ဗဟိုကော်မတီရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့အတွက် ဘတ်ဂျက်သုံးစွဲရတာရှိတာကြောင့် တချို့ယာဉ်လိုင်းတွေမှာ ငွေကြေးစိုက်ထုတ်သုံးစွဲဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ဒီအခက်အခဲတွေကို ကိုဗစ်ဗဟိုကော်မတီနဲ့ သက်ဆိုင်ရာဌာနတွေက ကူညီပေးစေချင်တယ်လို့ Power Eleven ယာဉ်လိုင်းက တာဝန်ရှိသူ ကိုတရုတ်လေးက ပြောပါတယ်။

“သူတို့မှာ ဒီကနေ့ ဒီကားတွေကိုဆွဲတယ်ဆိုတာက ဆီဖိုးတောင်ပြန်မရတဲ့အခါကျတော့ ဒီလုပ်ငန်းတွေကို ဒီကာလအတွင်းမှာလည်ပတ်နိုင်ဖို့ ခက်ခဲသလို အဲဒီသတ်မှတ်ချက်တွေနဲ့ညီညွတ်အောင် ဆွဲဖို့ဆိုတာလည်း အင်မတန်ခက်ခဲတယ်။ သတ်မှတ်ချက်တွေနဲ့ မညီညွတ်ရင်လည်း ရောဂါပြန့်ပွားမှာစိုးရိမ်ရသလို တဘက်မှာ ကူးစက်ရောဂါကာကွယ်ရေးနည်းဥပဒေနဲ့ အရေးယူမယ်ဆိုရင်လည်း ဒါတွေကတော်တော်လေး စိုးရိမ်ဖွယ်ရာရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဒီကာလမှာ ဒီခရီးသည်တင်ယာဉ်လိုင်းတွေကို ထောက်ပံ့ပေးစေချင်တယ်။”

Power Eleven ကုမ္ပဏီကပြေးဆွဲတဲ့ ယာဉ်လိုင်းအပါအဝင် တချို့ YBS ကားတွေမှာ ညွှန်ကြားချက်တွေကို လိုက်နာနေပေမဲ့ ခရီးသည်တွေတိုးလာခဲ့ရင် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးဖို့ မလွယ်တော့ဘူးလို့ ကိုတရုတ်လေးက ဆက်ပြောပါတယ်။

“အကယ်၍ ခရီးသည်တွေသာတိုးလာမယ်ဆိုရင် ညွှန်ကြားသတ်မှတ်ချက်အတိုင်း ဆွဲဖို့ကမလွယ်ဘူး။ သတ်မှတ်ချက်နဲ့ညီအောင် ဆွဲဖို့ဆိုတာက စက်သုံးဆီထောက်ပံ့ပေးမှပဲဖြစ်မှာ။ ဒီကနေ့ကာလမှာ ညွှန်ကြားချက်နဲ့အညီဆွဲတယ်ဆိုတာက ယာဉ်လိုင်းအနည်းစုလောက်ပဲ ဆွဲနိုင်တယ်။ ယာဉ်လိုင်းတော်တော်များများက ဒါကိုမဆွဲနိုင်ဘူး။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ နေ့လည်ထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်လူနာပေါင်း ၁၅၀ ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပျောက်ကင်းသူ ၂၃ ဦးအထိရှိထားပြီဖြစ်ပါတယ်။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဧပြီလ ၃၀ ကနေ မေလ ၁၅ရ က်နေ့အထိ တိုးမြှင့်သတ်မှတ်ဖို့ ပြည်ထောင်စုအစိုးရက ကြေညာခဲ့ပေမယ့် အဲဒီထဲမှာ ရုံးတွေပြန်ဖွင့်၊ မဖွင့်ဆိုတဲ့ သတ်မှတ်ချက်ကိုတော့ ညွှန်ကြားထားတာမရှိပါဘူး။

အဲဒါကြောင့် ရောဂါကူးစက်သူဦးရေ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လာမယ့်အပတ်ကစပြီး ရုံးတွေပြန်ဖွင့်နိုင်ဖွယ်ရှိတာကြောင့် အများသုံးခရီးသည်တင် ယာဉ်အသုံးပြုသူတွေဟာ ဒီအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်မှု မရှိစေဖို့ကို အများကလိုလားနေကြတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG