သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆန္ဒပြသူတွေကို တရားစွဲမှု ရုပ်သိမ်းဖို့ တောင်းဆို


ငြိမ်းချမ်းရေး ဆန္ဒပြသူများ
ငြိမ်းချမ်းရေး ဆန္ဒပြသူများ

တိုင်းရင်းဒေသတွေက တိုက်ပွဲတွေ အမြန်ဆုံးရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေမှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ နဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်တန့်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကို ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ လတ်တလော-ကချင်စစ်ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကချင်လူငယ်တွေနဲ့ ရန်ကုန်က ငြိမ်းချမ်းရေးလှုပ်ရှားသူလူငယ်တွေကိုလည်း ငြိမ်းစုစီပုဒ်မတွေနဲ့ ရဲစခန်းတွေက တရားစွဲဆိုထားတာတွေကိုလည်း တရားဥပဒေနဲ့အညီ ရင်ဆိုင်သွားကြမယ်လို့ တရားစွဲခံရသူတွေက ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်စတဲ့ တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေအရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ ကျမတို့ ဒီမှာရောက်ရှိနေတာဟာ ဒုက္ခရောက်နေတဲ့ ကျမတို့ရဲ့ ကချင်သွေးချင်းညီအကိုတွေ၊ ရခိုင်သွေးချင်းညီအကိုတွေ၊ ရှမ်းပြည်နယ်က သွေးချင်းတွေကို သတိရတဲ့အတွက် ကျမတို့ ဒီမှာရောက်ရှိနေတာဖြစ်ပါတယ်။ ဒီမှာရှိတဲ့ညီအကိုမောင်နှမတွေအားလုံးက ပြည်ထောင်စုစိတ်ဓါတ်ရှိမယ်ဆိုရင် ဒီညီအကိုမောင်နှမတွေကို သတိရစေချင်ပါတယ်။

ထကြ… ရပ်ကြ .. ပြောကြ… ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ။ ထကြ… ရပ်ကြ .. ပြောကြ… ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ။”

အခုလို ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန် မြန်မာနိုင်ငံတဝှမ်း ပြည်တွင်းစစ်ရပ်ဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု ဦးဆောင်လူငယ်ငါးဦးကို ရန်ကုန်တိုင်း ပန်းဘဲတန်း ရဲအာဏာပိုင်တွေဘက်က ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားတယ်လို့ ကိုယ်တိုင်တရားစွဲခံထားရတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ မအိသဉ္ဖာမောင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ညီမတို့ကို သူတို့ကတော့ ရဲစခန်းမှာလာခိုင်းတယ်ပေါ့နော်။ ဒါပေမယ့် ညီမတို့၅ ယောက်ထဲက ကိုကြည်လင်းကို တော့ သူတို့အကြောင်းကြားစာပို့တယ်။ ကျန်တဲ့ ၃ ယောက် ညီမရယ်၊ ကိုမျိုးဇော်ရယ်၊ မအက်စတာရယ်ကိုတော့ သူတို့က အကြောင်းကြားစာပို့မလာဘူး။ ရဲက အကြောင်းကြားစာပို့မလာတော့ ညီမတို့ကလည်း ရဲစခန်းမသွားပဲနဲ့ နေလိုက်တယ်အမ။ ငြိမ်းစုစီကို မတင်ဘူးပေါ့နော် မတင်ရတဲ့ အကြောင်းက ညီမတို့ရဲ့ နိုင်ငံသားအခွင့်အရေးလို့ ညီမတို့ ခံယူထားတယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လာရင် ညီမတို့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လာရင် အကြောင်းကြားစာဆိုတာက ဘယ်တော့မှ ကျလာတယ်မရှိဘူး။ ခွင့်ပြုလိုက်တယ်ဆိုတာမရှိဘူး ငြိမ်းချမ်းရေးကို တောင်းဆိုမယ် ပွဲတခုလုပ်မယ်ဆိုရင်တောင် ဒါက အနှောင့်အယှက်တခုလို ဖြစ်လာတဲ့အတွက် မထူးတော့ဘူးလေ။”

အခုလိုမျိုး ရန်ကုန်မြို့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားခဲ့သူတွေကို အရေးယူနေသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ဘေးရှောင်လူငယ်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် သရုပ်ပြတင်ဆက်ခဲ့တဲ့အတွက် ဦးဆောင်သူ ကချင်လူငယ်နှစ်ဦးကိုလည်း ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုထားပြီး လာမယ့် ဇွန်လ ၁၉ရက်နေ့မှာ တရားခွင်မှာ ဆက်လက်တရားရင်ဆိုင်ကြမှာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်ဆိုတဲ့ NLD အစိုးရလက်ထက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးလည်းဖြစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကို ဦးဆောင်ချိန်မှာ အခုလို စစ်ပွဲရပ်ဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေကို ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကတော့ အတော်လေးကို မဖြစ်သင့်တဲ့အနေအထားဖြစ်တယ်လို့ ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးနဲ့ စစ်ပွဲရပ်ရေး တောင်းဆိုခဲ့လို့ တပ်မတော်ကို အသရေဖျက်မှုနဲ့ မြစ်ကြီးနားမှာ ထောင်ချခံခဲ့ရသူ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုလွမ်ဇောင်းကလည်း ပြောပါတယ်။

“နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုလူငယ်မျိုးဆက်သစ်တွေဟာ ကျနော်တို့ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ ကျနော်တို့ အနာဂတ်တွေဟာ ပိုပြီးမှ မျှော်လင့်ချက်မဲ့လာတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးရချင်တဲ့ သဘောတွေနဲ့ ကျနော်တို့ ဒီလိုမျိုး လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေ ကျနေ်ာတို့ အမြင်ဖွင့်မှုတွေလုပ်ဆောင်တာပေါ့။ ဒါကတော့ တိုင်းပြည်အတွက် ပိုမိုငြိမ်းချမ်းပြီးမှ ပြည်ထောင်စုစနစ်ကို ပိုမိုအကောင်ထည်ဖော်စေဖို့အတွက် ကျနော်တို့ လုပ်ဆောင်တာဖြစ်တယ်။ Violent ဖြစ်တဲ့အကြမ်းဖက်တဲ့ဟာ စစ်သွေးကြွဘက်ကို ပုံဖော်လုပ်ဆောင်တာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ပိုပြီးမှ နိုင်ငံတော်အစိုးရအနေနဲ့ အထူးသဖြင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရက ဒီလိုမျိုးလူငယ်တွေ လွတ်လပ်စွာ အခြေအနေကို ပုံဖော်ပြသတဲ့ လုပ်ဆောင်မှုတွေကို နှိပ်ကွပ်တဲ့ ပုံစံနဲ့ ခဏခဏ အရေးယူအဟန့်အတားလုပ်ဆောင်မှုတွေဟာက နိုင်ငံတော်အစိုးရအတွက်သော်လည်းကောင်း၊ နိုင်ငံတော် အတွက်သော်လည်းကောင်း လုံးဝမသင့်တော်တဲ့ လုပ်ဆောင်မှုတွေလို့ ကျနော်အဲလိုကောက်ချက်ချချင်ပါတယ်။”

ပြည်သူတွေဘက်က နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံသားတွေအရေး ငြိမ်းချမ်းစွာတောင်းဆိုချက်တွေကို အလေးထားဖို့နဲ့ ပြည်သူတွေ တောင်းဆိုတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်အောင် နိုင်ငံ့ခေါင်းဆောင်တွေဘက်က အလေးထားဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ မအိသဉ္ဖာမောင်က ပြောပါတယ်။

“ဒါက ပြည်တွင်းစစ်ဖြစ်နေတာပေါ့နော် ။ ပြည်တွင်းစစ်ဆိုတဲ့အနေအထားမှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရမယ့်အပိုင်းတွေရှိလာတယ်။ အဲဒီအတွက် ညီမတို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံး ခေါ်ခိုင်းစေချင်တယ်ပေါ့နော်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာလည်း ၂၁ ရာစုပင်လုံလိုမျိုး တဖက်နဲ့ တဖက် ညီမျှမှုမရှိတဲ့ အရာကို ပြောတာတော့မဟုတ်ဘူး။ နိုင်ငံရေးအရ စစ်မှန်မှုရှိတဲ့ တကယ့်ကို တန်းတူညီတူရှိတဲ့ အပြန်အလှန်လေးစားမှုရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြန်ဆုံးခေါ်ခိုင်းစေချင်တယ်။ နောက်တချက်ကတော့ humanitarian ပေါ့နော် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကျမတို့အမြဲတောင်းဆိုတယ်။ လူ့ဂုဏ်သိက္ခာကို ထောက်ပြီးတော့မှ လူသားတွေအပေါ်မှာ စာနာထောက်ပံ့မှုတွေက အမြဲလုပ်ပေးနေရမယ် ပြီးတော့ နိုင်ငံရဲ့ နိုင်ငံသားတွေပဲလေ။”

အခုအချိန်အထိ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားသူ ဒီမိုကရေစီအင်အားစု ကျောင်းသားလူငယ်တွေနဲ့ ဒေသခံပြည်သူတွေကို ငြိမ်းစုစီအပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု တပ်မတော်အသရေဖျက်မှုစတဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေ ရှိနေဆဲဖြစ်သလို အခုအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေဆဲ တိုင်းရင်းဒေသတွေမှာ သောင်းဂဏန်းရှိတဲ့ စစ်ရှောင်ဦးရေက ပိုတိုးလာသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ စစ်ရှောင်ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးမှုတွေလည်း ပိုများလာနေတဲ့အနေအထားဖြစ်နေလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG