[[Zawgyi/Unicode]]
မြန်မာနိုင်ငံထဲ နိုင်ငံခြားငွေထိန်းချုပ်မှုဥပဒေသစ် ချမှတ်လိုက်တာနဲ့ပတ်သက်လို့ နိုင်ငံတကာ စီးပွားရေးအုပ်စုတွေက စိုးရိမ်တကြီး ပြန် မေးခွန်းထုတ်နေကြပါတယ်။
နိုင်ငံခြားဝင်ငွေတွေကို တရက်အတွင်း မြန်မာငွေနဲ့ ပြန်သွင်းပေးရမယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ တနင်္ဂနွေ ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်အပြီး ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့အတူ ဂျပန်၊ စင်္ကာပူနဲ့ ဥရောပနိုင်ငံတွေက စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသလို အမေရိကန်နဲ့ တခြားစီးပွားအဖွဲ့တွေကလည်း ထုတ်ပြန်ပါတယ်။
ဈေးကွက်ပေါက်ဈေးထက်လျှော့ပြီးသတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ အခုလို နိုင်ငံခြားငွေ ပြန်သွင်းရမယ့်ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံထဲ နိုင်ငံခြားငွေသုံးစွဲမူကို ပြင်းပြင်းထန်ထန် ထိခိုက်သွားလိမ့်မယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တခြား ကုန်သည်ကြီးများအသင်းတွေက ဒီနေ့ ကြေညာချက်တွေ ထုတ်ပြန် လိုက်ပါတယ်။ ဒါ့အပြင် ဒီ ဥပဒေသစ်ကို နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေအတွက် ကင်းလွတ်ခွင့်မပြုရင်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးနဲ့ ငွေကြေးစနစ်ကနေ အဆက်အသွယ်ပြတ်သွားပြီး တချို့သော စီးပွားရေးနဲ့ကုန်သွယ်မူတွေမှာ အခက်အခဲ ကြီးကြီးမားမားဖြစ်လာ နိုင်သလို နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေ ဆက်လက် ထိခိုက်စေလိမ့်မယ်လို့ ထုတ်ပြန်ချက်တွေမှာ ထောက်ပြထားပါတယ်။
ဒီနိုင်ငံခြားငွေ ကန့်သတ်မှုဥပဒေလုပ်ထုံး အသေးစိတ် အကုန်ထွက်မလာသေးပေမဲ့ အခုပြောင်းလဲမှုက မြန်မာစစ်အစိုးရအတွက် ခိုင်မာတဲ့နိုင်ငံခြားငွေ ပြတ်တောက် လာမှုကို ဖာထေးဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံသားတွေ နိုင်ငံခြားမှာသုံးဖို့ ကြိုတင်ငွေထည့်သုံးရတဲ့ Debit နဲ့ Credit ဘဏ် ATM ကဒ် တွေအတွက်လည်း တလကို သုံးနိုင်တဲ့ငွေ ပမာဏ ထက်ဝက်အထိ လျော့ချလိုက်ပါတယ်။
Debit ကဒ်အတွက် အရင်က တလကို အမေရိကန်ဒေါ်လာ ၅,၀၀၀ သုံးနိုင်တာကနေ အခု ၂,၅၀၀ နဲ့၊ Credit ကဒ်အတွက် အရင်က မြန်မာငွေ သိန်း ၅၀ ကနေ အခု ၂၅ သိန်းကို လျှော့ချလိုက်တာဖြစ်ပါတယ်။
===============
[[Unicode]]
===============