သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chevron ရှယ်ယာများ စစ်တပ်ကိုမရောင်းဖို့ တက်ကြွသူတွေတောင်းဆို


ယခင်မှတ်တမ်းဓာတ်ပုံ
ယခင်မှတ်တမ်းဓာတ်ပုံ

[[Zawgyi/Unicode]]

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ဟာ မြန်မာပြည်တွင်းပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေ ပြန်ရောင်းဖို့ရှိနေတာမို့ ဒီပိုင်ဆိုင်မှုတွေ စစ်အုပ်စုဆီ ရောက်မသွားအောင် ထိန်းသိမ်းထားပေးဖို့ ပြည်တွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ဟာ Chevron ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက် ရရှိနေတဲ့အတွက် ဒီအကျိုးအမြတ်တွေ ဆက်ပြီးမရရှိအောင် ဆိုင်းငံ့ထားဖို့ ပြည်တွင်းနိုင်ငံရေး တက်ကြွသူတွေက ထောက်ခံလက်မှတ်တွေ စုဆောင်းကောက်ယူပြီး အမေရိကန်ကုမ္ပဏီကို ဖိအားပေးလိုက်တာပါ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်တဲ့ Chevron ဟာ စစ်ကောင်စီအကျိုးဖြစ်စေမယ့် ရှယ်ယာငွေ ခွဲဝေမှုတွေ လက်တလော ရပ်တန့်ထားမလား၊ မထားဘူးလားဆိုတာ အခုလာမယ့် မေလ ၂၅ရက်မှာ Chevron ရဲ့ ရှယ်ယာရှင်တွေ မဲခွဲဆုံးဖြတ်ကြမှာပါ။ ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက Chevron ဖိအားပေးဖို့အတွက် ပြည်သူတွေရဲ့လက်မှတ်ပေါင်း ၂၀၀,၀၀၀ ရအောင် ကောက်ခံနေပြီး ဒီငွေတွေစစ်တပ်ကို မရောက်အောင် လှုပ်ရှားတောင်းဆိုနေတာ ဖြစ်ကြောင်း သယံဇာတအရေး တက်ကြွလှုပ်ရှားသူ ကိုရဲက ဗွီအိုအေကို ပြောပါတယ်။

"အခု Chevron တို့ TOTAL တို့က သန်း ၁၀၀၊ သန်း ၂၅၀။ အမေရိကန်ဒေါ်လာ သန်းရာဂဏန်းတွေပေါ့လေ- အဲဒါကို စစ်ကောင်စီကိုမပေးဖို့အတွက် ကျနော်တို့ ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေ ဝိုင်းဝန်းတောင်းဆိုကြတယ်။ ဒီဟာသည် ပြည်သူတွေပိုင်တဲ့ သယံဇာတတွေဖြစ်တယ်။ ဒါတွေကို သူတို့ပေးဖို့၊ မပေးဖို့ သူတို့ (Chevron) ရဲ့သမိုင်းဖြစ်မယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ထားတဲ့သူတွေနဲ့ ဘယ်လောက်အထိ သူတို့ပါဝင် ပတ်သတ်မယ်ဆိုတဲ့ဟာ သူတို့ရဲ့သမိုင်းဖြစ်တယ်။ အဲဒါသည် သူတို့အပေါ်မှာပဲ သက်ရောက်မှုရှိမယ်။ ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ သံသယလုံးဝမရှိဘူး။ ဘယ်သူကူကူ မကူကူ ပြည်သူလူထု ဆက်တိုက်မှာပဲ။ ဒီတော်လှန်ရေးမှာ ပြတ်ကိုပြတ်မယ်ဆိုတာ ကျနော်တို့အားလုံး ယုံကြည်ပြီးသားဖြစ်တယ်။"

Chevron နဲ့ စစ်တပ်ပိုင် MOGE တို့ ပူးပေါင်းလုပ်တဲ့ ရတနာလုပ်ကွက်က သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကို ရောင်းချတာဖြစ်ပြီး ၂၀၁၅ ကနေ ၂၀၁၉ အထိ ငါးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ လောက် စစ်တပ်က ဝင်ငွေရထားပါတယ်။ ကနဦးမှာ Chevron ကုမ္ပဏီဟာ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ရှယ်ယာ ၂၈.၂၆ ရာခိုင်နှုန်းပါဝင်ခဲ့ပေမယ့် ပြင်သစ်ကုမ္ပဏီ TOTAL က ဒီစီမံကိန်းကနေ ထွက်သွားတဲ့နောက်မှာ TOTAL ရဲ့ရှယ်ယာကို Chevron၊ PTT နဲ့ MOGE သုံးယောက်က ခွဲယူခဲ့ကြပါတယ်။ အဲဒီနောက်မှာ Chevron က ၄၁.၁ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှု အများဆုံးဖြစ်ခဲ့တာပါ။

Chevron နဲ့ TOTAL ကတော့ စစ်ကောင်စီနဲ့ လက်မတွဲတော့ဘဲ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေကနေ ထွက် ခွာသွားပြီလို့ တရားဝင်ပြောထားပေမယ့် ဘယ်လိုထွက်ခွာမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားဝင်အကြောင်းကြားစာ မရရှိသေးဘူးလို့ စစ်ကောင်စီဝန်ကြီးဌာနတွေက တုံ့ပြန်ထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုရဲက အခုလိုဆက်ပြောပါတယ်။

" မြန်မာပြည်နဲ့ပတ်သက်ပြီး သူတို့ဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ်၊ ဘယ်လိုထွက်ခွာမလဲဆိုတာ ကျနော်တို့ပြည်သူတွေက ဒီသယံဇာတတွေရဲ့ မူလပိုင်ရှင်ဖြစ်တဲ့အတွက် ကျနော်တို့ သိခွင့်လည်းရှိတယ်။ သိလည်းသိရမယ်။ အဲဒါကြောင့်မို့ ကျနော်တို့က အဆက်မပြတ် တောင်းဆိုလှုပ်ရှားမှုတွေ လုပ်တာဖြစ်တယ်။ ဒီသန်း ၁၀၀ ဆိုတဲ့ပတ်ဝန်းကျင်ဆိုတဲ့ ပိုက်ဆံက နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ။ ဒီတော်လှန်ရေးအတွက်ကို အများကြီး သက်ရောက်မှုရှိတယ်လို့ ပြောချင်ပါတယ်။"

လက်မှတ်ပေါင်း ၂၀၀,၀၀၀ စုဆောင်းကောက်ယူတာကို အခုလာမယ့် မေလ ၂၀ ရက် နောက်ဆုံးထားပြီး လုပ်ဆောင်သွားမယ်လို့ ဒီကမ်ပိန်းအတွက် အဓိကလှုပ်ရှားနေတဲ့ သွေးစွန်းငွေအဖွဲ့က ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဖိအားကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ မလေးရှားက Petronas ကုမ္ပဏီ၊ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီနဲ့ ဂျပန်က ENEOS စတဲ့ စွမ်းအင်ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ မကြာသေးခင်က ထွက်သွားခဲ့ပါတယ်။ Chevron လိုပဲ ပြင်သစ်စွမ်းအင်ကုမ္ပဏီ TOTAL ဆီကနေလည်း စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် ထပ်ပြီးရနိုင်တဲ့အတွက် ဒါကိုလည်း ပိတ်ဆို့ဖို့ကြိုးစားနေကြောင်း နိုင်ငံရေးတက်ကြွသူတွေက ပြောပါတယ်။

အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာလည်း မြန်မာအရပ်ဘက်အဖွဲ့ ၆၀၀ ကျော်က သမ္မတဂျိုးဘိုင်ဒန်ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ MOGE ကို ပိတ်ဆို့အရေးယူတာဟာ အမေရိကန်ရဲ့ မူဝါဒနဲ့လည်း ကိုက်ညီလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











================

XS
SM
MD
LG