တီဘီရောဂါ ကုသမှုခံယူရေး အခမဲ့ကုသပေးတဲ့ နေရာတွေ ရှိနေတာကို အများသိအောင် ပညာပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။
တီဘီရောဂါ ဖြစ်နိုင်တဲ့ သံသယရှိတာနဲ့ နီးစပ်ရာ ဆေးခန်းကို သွားပြခြင်းဖြင့် ရောဂါရှိနေလျှင် အခမဲ့ကုသပေးတဲ့နေရာတွေကို လမ်းညွန်းပေးနိုင်ပါတယ်။ အခမဲ့ကုသပေးမူတွေကို ကျန်းမာရေးဝန်ကြီးဌာနအောက် မြို့နယ်တိုင်းရှိ တီဘီစီမံချက်ဆေးခန်း (TB Clinic) တွေအပြင်၊ ပြည်သူ့ရေးရာနဲ့ ပုဂ္ဂလိက ပူးတွဲလုပ်ထားတဲ့ (Public-Private Partnership) နေရာတွေမှာပါ ပေးနိုင်နေပါပြီ။ ပြည်သူ့ဆေးရုံတွေအပြင်၊ ပုဂ္ဂလိကဆေးရုံက တီဘီဌာနနဲ့ ပုဂ္ဂလိကဆေးခန်း (GP) တွေ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) နဲ့ မြန်မာနိုင်ငံကျန်းမာရေးမူးများအသင်း (MHAA) တို့ရဲ့ တီဘီဆေးခန်းတွေ၊ တချို့ NGO (ဥပမာ Population Service International – PSI) တွေမှာ၊ နိုင်ငံတကာအလှူရှင်တွေ (USAID၊ Global Fund) စသည့်အဖွဲ့တွေက အကူအညီနဲ့ တီဘီဆေးတွေ အခမဲ့ပေးနေပါပြီ။ ဒီအခမဲ့ကုသမှု နေရာတွေကို သတင်းမီဒီယာတွေကလည်း ပညာပေးလုပ်ပေးသင့်ပါတယ်။
နောက်ထပ် ပညာပေးသင့်တာကတော့ တီဘီကုထုံးနဲ့ ကူးစက်ခံရနိုင်ပုံပါ။ တီဘီကုထုံးတွေက အခုနောက်ပိုင်းမှာ အရင်လို နှစ်နဲ့ချီ ကုစရာမလိုတော့ဘဲ လပိုင်းတချို့နဲ့ ကုသလာနိုင်ပါပြီ။ ဆေးယဉ်ပါး (Multidrug-Resistant – MDR) တီဘီအတွက်တော့ သီးသန့်ကုထုံး ရှိပါတယ်။ ဒါ့အပြင် တီဘီ ကူးစက်မခံရရေး ကာကွယ်ဆေး (BCG) ထိုးတာ၊ ခုခံအားစနစ်ကောင်းဖို့ ပြည့်စုံမျှတ အာဟာရရှိအောင် စားသောက်တာ၊ E စီးကရက်အပါအဝင် ဆေးလိပ်နဲ့ အရက်မသောက်တာ၊ ဆီးချိုရှိလျှင်လည်း သွေးတွင်းသကြားဓာတ် မတက်အောင် ထိန်းတဲ့ကုသမှုခံယူတာ၊ ငုပ်လျိုးတီဘီ ဖြစ်နိုင်သူတွေ ကြိုတင်ဆေးစစ်ကုသမှု ခံယူတာတွေလုပ်ဖို့ ပညာပေးသင့်ပါတယ်။ ဒီတီဘီ ကူးစက်ဖြစ်ပွားပုံတွေကို ဆရာဝန်တွေအနေနဲ့ သတင်းမီဒီယာတွေ၊ ကျောင်းတွေ၊ ဟောပြောပွဲတွေမှာ ပညာပေးသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ BCG ကာကွယ်ဆေး မွေးကထဲက ထိုးပေးလေ့ရှိပေမဲ့၊ မထိုးဖြစ်ခဲ့လျှင်တော့ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးဌာနတွေကို သွားပြောပြီး အထိုးခံသင့်တာကိုလည်း ပညာပေးထားသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့အတွက် ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
Forum