သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံ သဘောတူစာချွန်လွှာအရ မြန်မာလုပ်သား ၂,၀၀၀ နီးပါး ထိုင်းရောက်ရှိ


နှစ်နိုင်ငံ MOU အရ ထိုင်းဘက်ကို တရားဝင်စေလွှတ်မယ့် မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
နှစ်နိုင်ငံ MOU အရ ထိုင်းဘက်ကို တရားဝင်စေလွှတ်မယ့် မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ထိုင်း-မြန်မာ နှစ်ဘက်သဘောတူစာချွန်လွှာနဲ့ မြန်မာအလုပ်သမားနှစ်ထောင်နီးပါးဟာ အခု နှစ်ရက်အတွင်းမှာပဲ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ထိုင်းနိုင်ငံတွင်း ရောက်ရှိသွားကြပြီလို့ အလုပ်သမားရေးရာအဖွဲ့အစည်းတွေက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်း လုပ်သားလိုအပ်ချက်ရှိနေတာနဲ့အတူ ဖြေလျှော့မှုနဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်လက်ခံနေတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ဇွန်လ ၂၉ ရက်နဲ့ဒီနေ့ နှစ်ရက်အတွင်းမှာ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကိုသွားတဲ့ မြန်မာMoU လုပ်သားဦးရေက ၂,၀၀၀ နီးပါးလောက်ရှိတယ်လို့ မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင်ကတော့ အခုဆိုရင် တရက်ကို မြန်မာလုပ်သား ၈၀၀ ကျော်လောက် ထိုင်းဘက်ကိုဝင်နေကြောင်း ဗွီအိုအေကို ပြောပါတယ်။

" ဟုတ်ကဲ့ ၈၀၀၊ ၈၀၀ ဆိုတော့ ၁,၆၀၀ နှစ်ရက်အတွင်းစာရင်းပေါ့။ လုပ်ငန်းတွေက ဆောက်လုပ်ရေးလည်းပါတယ်၊ နောက် အထည်ချုပ်စက်ရုံ၊ အစားအသောက်စက်ရုံ အဲဒါတွေ အကုန်ပါတယ်။"

၂၀၂၀ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ကိုဗစ်ရောဂါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာအလုပ်သမား ၁၀၀,၀၀၀ လောက် နေရပ်ပြန်လာကြပါတယ်။ နှစ်နှစ်နီးပါးလောက် နှစ်နိုင်ငံကြားမှာ MoU လုပ်သားကိစ္စတွေကို ရပ်နားခဲ့ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံရေးနဲ့ အထွေထွေ အကျပ်အတည်းတွေကြောင့် နီးစပ်တဲ့ထိုင်းနိုင်ငံကိုပဲ ပြန်သွားကြဖို့ ကြိုးပမ်းလာကြတာပါ။ ၂၀၂၂ မေလ ၁၀ ရက်မှာတော့ မြန်မာဘက်က MoU လုပ်သား၂၈၇ ယောက်ကို ၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ပြီးစေလွှတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နှစ်နိုင်ငံကြားမှာ ဖြေလျှော့မှုတွေလုပ်လာပြီး လုပ်သားစေလွှတ် တာလည်း ပိုမြန်လာတယ်လို့ ကရင်ပြည်နယ်၊ ဖားအံမြို့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက ဗွီအိုအေကို ပြောပါတယ်။

" အခုက ပြည်ပထွက်ချင်တဲ့လူငယ်တွေ များလာတယ်။ အဲဒီအတိုင်းအတာပေါ်မှာ ခွင့်ပြုပေးတော့ အကုန်လုံးသွားနေကြတာပဲ။ Process က မြန်လာတာကိုး။ Demand တွေကျတယ်၊ စေလွှတ်တွေလည်းထွက်သလို ဖားအံမှာ နေ့တိုင်းစာချုပ်နေတာ တနေ့(အယောက်) ၄၆၀ ဝန်းကျင်မှာရှိတယ်။ ရန်ကုန်မှာလည်း အဲလိုစာချုပ် ချုပ်တာတွေရှိတယ်လေ ၈၀၀ ကျော်မှာရှိမှာပေါ့။"

မြန်မာအလုပ်သမားရေးဌာန စာရင်းတွေအရဆိုရင် မေလ ဒုတိယအပတ်ကနေ ဇွန်လကုန်ထိ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်တဲ့ မြန်မာMoU လုပ်သားက ၁၅,၀၀၀ ဝန်းကျင်ရှိပါတယ်။ ထိုင်းအစိုးရကတော့ ကိုဗစ်ကြောင့်ထိခိုက်သွားတဲ့ သူတို့ရဲ့ လုပ်သားရင်းမြစ်နေရာတွေမှာ မြန်မာလုပ်သားအများအပြားကို ခန့်ထားဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လည်း ပြည်ဝင်ခွင့် ကန့်သတ်ချက်တချို့ကို ပယ်ဖျက်လိုက်ပြီး မြန်မာနိုင်ငံသားတွေကို ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံအတွင်း နယ်မြေဖြတ်ကျော် သွားလာခွင့်ကိုလည်း ဇွန်လ ၂၃ ရက်မှာ ထိုင်းအစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံအပြင် တခြားအာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဘရူနိုင်း၊ စင်္ကာပူ၊ မလေးရှား ဒီနိုင်ငံတွေကလည်း မြန်မာလုပ်သား အများအပြားကိုခေါ်ယူဖို့ ကမ်းလှမ်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]











XS
SM
MD
LG