သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတန်းရှည် စောင့်ဆိုင်းဝယ်ယူနေရ


ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)
ဧပြီလ ၁၉ ရက်၊ စက်သုံးဆီရဖို့ စောင့်ဆိုင်းတန်းစီနေတဲ့ ကားတန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နေမျိုးလင်း)


[[Zawgyi/Unicode]]


ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီကို အကန့်အသတ် နဲ့ပဲ ရောင်းချနေတဲ့အတွက် ရန်ကုန်မြို့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီ စောင့်ဆိုင်း ဝယ်ယူခဲ့ကြရပါတယ်။ စက်သုံးဆီအလုံအလောက်မရတဲ့အတွက် ဓာတ်ဆီဈေးက တလီတာကို ကျပ် ၂,၀၀၀ ကျော် ဖြစ်နေတယ်လို့ လောင်စာဆီလုပ်ငန်းရှင်တချို့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လောင်စာဆီ ဂါလံ သန်းနဲ့ချီရှိတဲ့အတွက် ပြတ်လပ်မှု မဖြစ်နိုင်ပါဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လောင်စာဆီအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေက ဓာတ်ဆီအလုံအလောက် မပေးနိုင်တော့တဲ့အတွက် ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး ဆိုင်အများစုက ဧပြီလ ၁၈ ရက်ကစပြီး အကန့်အသတ်နဲ့ပဲ ရောင်းချလာပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ တနင်္လာနေ့က ကားတစီးအတွက် ဓါတ်ဆီ အများဆုံး ကျပ် ၅၀,၀၀၀ ဖိုး ရောင်းချပေးပေမဲ့ ဒီနေ့မှာတော့ ကားတစီးကို ကျပ် ၂၀,၀၀၀ ဖိုးလောက်ပဲ အများဆုံးရောင်းပေးနေတဲ့ ဆိုင်တွေများ ပါတယ်။ ဒါကြောင့် ဆီပြတ်လပ်မှာ စိုးရိမ်ပြီး အလုအယက် ဝယ်ယူသူတွေများတဲ့အတွက် ဒီနေ့ ရန်ကုန်မြို့က ဓါတ်ဆီဆိုင်တွေရှေ့မှာ ဝယ်ဖို့ စောင့်နေတဲ့ ကားတန်းရှည်ကြီးတွေကို မြင်တွေ့ရပါတယ်။ ကားတွေ တိုးကြိတ်ဝယ်နေကြပြီး လမ်းပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်း တက္ကစီအသင်းရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

"ဆိုင်တွေတော်တော်များများမှာ ကားတန်းက သိတဲ့အတိုင်းပဲ။ ရန်ကုန်- အင်းစိန် လမ်းမကြီးနဲ့ ဘုရင့်နောင်လမ်း။ အဓိကတော့ ဆီဆိုင်ရှိတဲ့နေရာတွေမှာ လမ်းတွေက Traffic တွေဖြစ်ပြီး ယာဉ်ကြောတွေ နှစ်ထပ်သုံးထပ်တောင် ဖြစ်နေတယ်။ ဘယ်တတ်နိုင်မလဲ၊ ကျနော်တို့ကတော့ ဆီဈေးကိုအားထားပြီး တက္ကစီဆွဲတဲ့ သူတွေဆိုတော့ အဓိကတော့ သူတို့ရောင်းပေးနိုင်တဲ့အထိပဲ ကျနော်တို့ ဆွဲလို့ရမယ်လေ။ မရောင်းပေးနိုင်ဘူး ဆိုရင်တော့...အကန့်အသတ်နဲ့ မရှိနိုင်တော့ဘူးဆိုရင် ကျနော်တို့လည်း ရပ်နားရမယ့်သဘော ရှိတယ်။"

ဒီနေ့ညနေပိုင်းမှာတော့ ဆီဆိုင်ကြီးတချို့က ဆီတွေကို အကန့်အသတ်မရှိ ပြန်ရောင်းနေပါပြီလို့ ကြေညာပေမယ့် တကယ်တမ်း ဝယ်လို့မရတဲ့ အခြေအနေကြုံရသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်နိုင်ပါဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ ပြည်တွင်းလက်ကျန် ဓါတ်ဆီဂါလံ ၄၅ သန်း၊ ဒီဇယ်ဆီ ဂါလံသန်း ၇၀ လောက် ရှိတယ်လို့ဆိုပါတယ်။ သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော ၂ စီးလည်းရှိသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် စက်သုံးဆီတွေကို စင်္ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတွေကပဲ အဓိက တင်သွင်းနေတာဖြစ်ပြီး တရုတ်ကဆီတွေကို သီရိလင်္ကာ နိုင်ငံကတဆင့် ကြားခံတင်သွင်းနေတယ်ဆိုလည်း မဟုတ်ဘူးလို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရင်ထက်တောင် စက်သုံးဆီတွေ ရှိနေပါတယ်လို့ သတင်းမီဒီယာတွေကို ခုလို ပြောကြားပါတယ်။

“စက်သုံးဆီနဲ့ပတ်သက်ပြီး တင်သွင်းထားတဲ့ စက်သုံးဆီ အလုံအလောက်ရှိပြီး ဖြစ်ပါတယ်ဗျ။ နဂိုတုန်းကတော့ ကျနော်တို့က ရက်နဲ့ပဲ သွားတာပေါ့ဗျာ။ စက်သုံးဆီ “ဘယ်နှစ်ရက်စာ” ကျနော်တို့ဆီမှာ အလုံအလောက်ရှိတယ်တို့... ဒါရှိတယ်။ အခုဆိုရင် ကျနော်တို့က အရင်တုန်းက ရှိနေကျ ပမာဏထက်တောင်မှ ပိုပြီး ရှိနေသေးတဲ့ဟာဖြစ်ပါတယ်။ အဓိက ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့အနေနဲ့က စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေါ်လာတွေ ရောင်းချပေးထားတာ ရှိတယ်။ ရောင်းချပေးထားပေမယ့် ထုတ်သွင်းတဲ့ ကုမ္ပဏီတွေကို ကျနော်တို့က အခုနောက်ပိုင်းမှာ ၁၈၅၀ ဈေးနဲ့ ရောင်းချခိုင်းတယ်။ ရောင်းချခိုင်းတဲ့အချိန်မှာ သူတို့အနေနဲ့ နောက်ထပ်လည်း ဒေါ်လာမပေးနိုင်တော့ဘူး၊ ဒါကြောင့်မို့လို့ - ဒါနဲ့ မရောင်းချချင်တဲ့အတွက်ကြောင့်မို့လို့ ဆီတွေ မရှိတော့ဘူး” ဆိုတဲ့ ကောလဟာလတွေကို ဖြန့်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က သက်ဆိုင်တဲ့သူတွေကို အသိပေးတာတွေ၊ သတိပေးတာတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

ဓါတ်ဆီဆိုင် တော်တော်များများမှာတော့ ဧပြီလ ၁၈ ရက်၊ တနင်္လာနေ့ကစပြီး စက်သုံးဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းနေကြပါတယ်။ အောက်တိန်း 95 တလီတာကို ကျပ် ၂,၁၀၀ ကျော်၊ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၂,၂၀၀ ဝန်းကျင်ဈေးရှိပါတယ်။

စက်သုံးဆီဈေးက တလီတာကို ၂,၀၀၀ လောက်ပြန်ပြီး ဖြစ်လာတာက ပြည်ပကနေဝယ်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာ ပြည် တွင်း မှာ ရှားပါးနေတာနဲ့ အဓိကသက်ဆိုင်နေပါတယ်။ ပြည်ပကနေ စက်သုံးဆီဝယ်ဖို့အတွက် လိုအပ်တဲ့နိုင်ငံခြားငွေကို ဗဟိုဘဏ်က ရောင်းမပေးတာနည်းနည်းကြာနေပြီး ဒီရက်ပိုင်းထဲမှာ ရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေတော့ ထွက်နေတယ်လို့ စက်သုံးဆီဆိုင်တချို့က ဗွီအိုအေကို ပြောပါတယ်။ လောလောဆယ်တော့ အမေရိကန်ဒေါ်လာကို အလုံအလောက်ဝယ်ဖို့ အခက်အခဲရှိနေတယ်လို့ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ပြည်ပကနေ သွင်းကုန်တွေကို Import တွေကို သူတို့ ဗဟိုဘဏ်ကနေပြီးတော့ (သုံးကျပ်) ၃ ရာခိုင်နှုန်း ဆောင်းပြီးတော့ ကျနော်တို့ကို ရောင်းပေးမယ်ပေါ့။ အဲဒါလည်း တကယ်များများစားစားနဲ့ လုံလုံလောက်လောက် ရောင်းပေးနိုင်ရင်တော့ ဒီကုန်ဈေးနှုန်း ပြန်ကျသွားမှာပါပဲ။ တကယ် ရောင်းမပေးနိုင်ရင်တော့လည်း နည်းနည်းကျဖို့ရာ အချိန်ပေးရမယ့်သဘော ဖြစ်သွားလိမ့်မယ်။"

စက်သုံးဆီတွေ ပုံမှန်ပြန်ရောင်းနိုင်ပါလိမ့်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပေမယ့် အငှားယာဉ်မောင်းသူကတော့ မြန်မြန်ပုံမှန်ပြန်ဖြစ်ပါ့မလားလို့ စိုးရိမ်နေပါတယ်။

"ဒီကာလ ဒီအခက်အခဲ ဘယ်လောက်အထိ တာရှည်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ဘူးလေ၊ ဒါကတော့။ သူတို့ရဲ့ ဆီလက်ကျန်ရှိတဲ့အပေါ် မူတည်ပြီးတော့ ထိန်းရောင်းတဲ့သဘောပဲ မြင်ပါတယ်။"

မကြာသေးခင်က ဗဟိုဘဏ်က မြန်မာကျပ်ငွေနဲ့ အမေရိကန်တဒေါ်လာ လဲလှယ်နှုန်းကို ၁,၈၅၀ ကျပ်သတ်မှတ်လိုက်သလို လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာကိုင်ဆောင်ခွင့်ကိုလည်း တင်းကျပ်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ရတဲ့သူအားလုံးကို ဒီငွေလဲနှုန်းအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ခဲ့တဲ့နောက် သွင်းကုန်သမားတွေ အနေနဲ့လည်း ဒေါ်လာကို အလွယ်တကူပြန်ဝယ်ဖို့ ခက်ခဲသွားပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တဒေါ်လာကို ၁,၈၅၀ ကျပ်နှုန်းအတိုင်း ပုဂ္ဂလိကဘဏ်တွေမှာ အလုံအလောက် ဝယ်လို့မရသေးဘူးလို့ သွင်းကုန်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။

"ပြင်ပပေါက်ဈေးက ၂,၀၀၀ အောက်ကိုမရောက်သေးဘူးဗျ။ သူတို့ money changer တွေကနေ ရောင်းပေးမယ်ဆိုရင်တော့ ကျသွားမှာပါပဲ။ ကျနော်တို့လည်း Money changer တွေ ရောင်းပေးမယ့်အချိန်ကို စောင့်ကြည့်နေပါတယ်။"

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ တက်နေသလို အခြေခံသွင်းကုန်တွေဖြစ်တဲ့ စားသုံးဆီ၊ စားသောက်ကုန်၊ တရိစ္ဆာန်အစာနဲ့ ဆေးဝါးတွေလည်း ပစ္စည်းပြတ်လပ်နေပြီး ဈေးတွေ ပိုတက်နေပါတယ်။

#MyanmarPetrol #PetrolGasStations #VOABurme #မြန်မာလောင်စာဆီဈေးတက် #စက်သုံးဆီ #ဒေါ်လာဈေးကန့်သတ်မှု #ဗွီအိုအေ

==============

[[Unicode]]




















==============

XS
SM
MD
LG