သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သုံးဆီအေရာင္းဆိုင္ေတြမွာ ကားတန္းရွည္ ေစာင့္ဆိုင္းဝယ္ယူေနရ


ဧၿပီလ ၁၉ ရက္၊ စက္သံုးဆီရဖို႔ ေစာင့္ဆုိင္းတန္းစီေနတဲ့ ကားတန္းကို ေတြ႔ရစဥ္။ (ဓာတ္ပံု-ေနမ်ဳိးလင္း)


[[Zawgyi/Unicode]]


ရန္ကုန္က စက္သုံးဆီအေရာင္းဆိုင္ေတြမွာ ဓာတ္ဆီ၊ ဒီဇယ္ဆီကို အကန႔္အသတ္ နဲ႔ပဲ ေရာင္းခ်ေနတဲ့အတြက္ ရန္ကုန္ၿမိဳ႕ စက္သုံးဆီအေရာင္းဆိုင္ေတြမွာ ကားေတြတန္းစီ ေစာင့္ဆိုင္း ဝယ္ယူခဲ့ၾကရပါတယ္။ စက္သုံးဆီအလုံအေလာက္မရတဲ့အတြက္ ဓာတ္ဆီေဈးက တလီတာကို က်ပ္ ၂,၀၀၀ ေက်ာ္ ျဖစ္ေနတယ္လို႔ ေလာင္စာဆီလုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ေလာင္စာဆီ ဂါလံ သန္းနဲ႔ခ်ီရွိတဲ့အတြက္ ျပတ္လပ္မႈ မျဖစ္ႏိုင္ပါဘူးလို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒီေန႔ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ေလာင္စာဆီအေျခအေန ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စက္သုံးဆီသြင္းတဲ့ ကုမၸဏီေတြက ဓာတ္ဆီအလုံအေလာက္ မေပးႏိုင္ေတာ့တဲ့အတြက္ ရန္ကုန္က စက္သုံးဆီဆိုင္ေတြမွာ ဆီျပတ္လပ္ေနၿပီး ဆိုင္အမ်ားစုက ဧၿပီလ ၁၈ ရက္ကစၿပီး အကန႔္အသတ္နဲ႔ပဲ ေရာင္းခ်လာပါတယ္။ ဓါတ္ဆီဆိုင္ေတြမွာ တနလၤာေန႔က ကားတစီးအတြက္ ဓါတ္ဆီ အမ်ားဆုံး က်ပ္ ၅၀,၀၀၀ ဖိုး ေရာင္းခ်ေပးေပမဲ့ ဒီေန႔မွာေတာ့ ကားတစီးကို က်ပ္ ၂၀,၀၀၀ ဖိုးေလာက္ပဲ အမ်ားဆုံးေရာင္းေပးေနတဲ့ ဆိုင္ေတြမ်ား ပါတယ္။ ဒါေၾကာင့္ ဆီျပတ္လပ္မွာ စိုးရိမ္ၿပီး အလုအယက္ ဝယ္ယူသူေတြမ်ားတဲ့အတြက္ ဒီေန႔ ရန္ကုန္ၿမိဳ႕က ဓါတ္ဆီဆိုင္ေတြေရွ႕မွာ ဝယ္ဖို႔ ေစာင့္ေနတဲ့ ကားတန္းရွည္ႀကီးေတြကို ျမင္ေတြ႕ရပါတယ္။ ကားေတြ တိုးႀကိတ္ဝယ္ေနၾကၿပီး လမ္းပိတ္ဆို႔တဲ့အထိ ျဖစ္ခဲ့တယ္လို႔ ရန္ကုန္တိုင္း တကၠစီအသင္းရဲ႕ ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။

"ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားမွာ ကားတန္းက သိတဲ့အတိုင္းပဲ။ ရန္ကုန္- အင္းစိန္ လမ္းမႀကီးနဲ႔ ဘုရင့္ေနာင္လမ္း။ အဓိကေတာ့ ဆီဆိုင္ရွိတဲ့ေနရာေတြမွာ လမ္းေတြက Traffic ေတြျဖစ္ၿပီး ယာဥ္ေၾကာေတြ ႏွစ္ထပ္သုံးထပ္ေတာင္ ျဖစ္ေနတယ္။ ဘယ္တတ္ႏိုင္မလဲ၊ က်ေနာ္တို႔ကေတာ့ ဆီေဈးကိုအားထားၿပီး တကၠစီဆြဲတဲ့ သူေတြဆိုေတာ့ အဓိကေတာ့ သူတို႔ေရာင္းေပးႏိုင္တဲ့အထိပဲ က်ေနာ္တို႔ ဆြဲလို႔ရမယ္ေလ။ မေရာင္းေပးႏိုင္ဘူး ဆိုရင္ေတာ့...အကန႔္အသတ္နဲ႔ မရွိႏိုင္ေတာ့ဘူးဆိုရင္ က်ေနာ္တို႔လည္း ရပ္နားရမယ့္သေဘာ ရွိတယ္။"

ဒီေန႔ညေနပိုင္းမွာေတာ့ ဆီဆိုင္ႀကီးတခ်ိဳ႕က ဆီေတြကို အကန႔္အသတ္မရွိ ျပန္ေရာင္းေနပါၿပီလို႔ ေၾကညာေပမယ့္ တကယ္တမ္း ဝယ္လို႔မရတဲ့ အေျခအေနႀကဳံရသူေတြလည္း ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ စက္သုံးဆီ ျပတ္လပ္မႈ လုံးဝ မျဖစ္ႏိုင္ပါဘူးလို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနက ဒီေန႔ထုတ္ျပန္ပါတယ္။ ျပည္တြင္းလက္က်န္ ဓါတ္ဆီဂါလံ ၄၅ သန္း၊ ဒီဇယ္ဆီ ဂါလံသန္း ၇၀ ေလာက္ ရွိတယ္လို႔ဆိုပါတယ္။ သႀကၤန္ပိတ္ရက္ေၾကာင့္ ဆီမခ်ရေသးတဲ့ သေဘၤာ ၂ စီးလည္းရွိေသးတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံအတြက္ စက္သုံးဆီေတြကို စကၤာပူ၊ မေလးရွားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြကပဲ အဓိက တင္သြင္းေနတာျဖစ္ၿပီး တ႐ုတ္ကဆီေတြကို သီရိလကၤာ ႏိုင္ငံကတဆင့္ ၾကားခံတင္သြင္းေနတယ္ဆိုလည္း မဟုတ္ဘူးလို႔ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း အရင္ထက္ေတာင္ စက္သုံးဆီေတြ ရွိေနပါတယ္လို႔ သတင္းမီဒီယာေတြကို ခုလို ေျပာၾကားပါတယ္။

“စက္သံုးဆီနဲ႔ပတ္သက္ၿပီး တင္သြင္းထားတဲ့ စက္သံုးဆီ အလံုအေလာက္ရွိၿပီး ျဖစ္ပါတယ္ဗ်။ နဂိုတုန္းကေတာ့ က်ေနာ္တို႔က ရက္နဲ႔ပဲ သြားတာေပါ့ဗ်ာ။ စက္သံုးဆီ “ဘယ္ႏွစ္ရက္စာ” က်ေနာ္တို႔ဆီမွာ အလံုအေလာက္ရွိတယ္တုိ႔... ဒါရွိတယ္။ အခုဆိုရင္ က်ေနာ္တို႔က အရင္တုန္းက ရွိေနက် ပမာဏထက္ေတာင္မွ ပိုၿပီး ရွိေနေသးတဲ့ဟာျဖစ္ပါတယ္။ အဓိက ျပႆနာျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့ က်ေနာ္တို႔အေနနဲ႔က စက္သံုးဆီေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ ေဒၚလာေတြ ေရာင္းခ်ေပးထားတာ ရွိတယ္။ ေရာင္းခ်ေပးထားေပမယ့္ ထုတ္သြင္းတဲ့ ကုမၸဏီေတြကို က်ေနာ္တို႔က အခုေနာက္ပိုင္းမွာ ၁၈၅၀ ေစ်းနဲ႔ ေရာင္းခ်ခုိင္းတယ္။ ေရာင္းခ်ခိုင္းတဲ့အခ်ိန္မွာ သူတို႔အေနနဲ႔ ေနာက္ထပ္လည္း ေဒၚလာမေပးႏုိင္ေတာ့ဘူး၊ ဒါေၾကာင့္မို႔လို႔ - ဒါနဲ႔ မေရာင္းခ်ခ်င္တဲ့အတြက္ေၾကာင့္မို႔လို႔ ဆီေတြ မရွိေတာ့ဘူး” ဆိုတဲ့ ေကာလဟာလေတြကို ျဖန္႔ေနတာရွိပါတယ္။ ဒါနဲ႔ပတ္သက္လို႔ က်ေနာ္တို႔က သက္ဆုိင္တဲ့သူေတြကို အသိေပးတာေတြ၊ သတိေပးတာေတြ ေဆာင္ရြက္ေနတာ ရွိပါတယ္။

ဓါတ္ဆီဆိုင္ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဧၿပီလ ၁၈ ရက္၊ တနလၤာေန႔ကစၿပီး စက္သုံးဆီဆိုင္ေတြက အကန႔္အသတ္နဲ႔ ေရာင္းေနၾကပါတယ္။ ေအာက္တိန္း 95 တလီတာကို က်ပ္ ၂,၁၀၀ ေက်ာ္၊ ပရီမီယံဒီဇယ္ တလီတာကို က်ပ္ ၂,၂၀၀ ဝန္းက်င္ေဈးရွိပါတယ္။

စက္သုံးဆီေဈးက တလီတာကို ၂,၀၀၀ ေလာက္ျပန္ၿပီး ျဖစ္လာတာက ျပည္ပကေနဝယ္ဖို႔အတြက္ လိုအပ္တဲ့ ႏိုင္ငံျခားေငြ၊ အထူးသျဖင့္ အေမရိကန္ေဒၚလာ ျပည္ တြင္း မွာ ရွားပါးေနတာနဲ႔ အဓိကသက္ဆိုင္ေနပါတယ္။ ျပည္ပကေန စက္သုံးဆီဝယ္ဖို႔အတြက္ လိုအပ္တဲ့ႏိုင္ငံျခားေငြကို ဗဟိုဘဏ္က ေရာင္းမေပးတာနည္းနည္းၾကာေနၿပီး ဒီရက္ပိုင္းထဲမွာ ေရာင္းခ်ေပးမယ္ဆိုတဲ့ သတင္းေတြေတာ့ ထြက္ေနတယ္လို႔ စက္သုံးဆီဆိုင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ေလာေလာဆယ္ေတာ့ အေမရိကန္ေဒၚလာကို အလုံအေလာက္ဝယ္ဖို႔ အခက္အခဲရွိေနတယ္လို႔ စက္သုံးဆီတင္သြင္းတဲ့ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာျပပါတယ္။

"ျပည္ပကေန သြင္းကုန္ေတြကို Import ေတြကို သူတို႔ ဗဟိုဘဏ္ကေနၿပီးေတာ့ (သုံးက်ပ္) ၃ ရာခိုင္ႏႈန္း ေဆာင္းၿပီးေတာ့ က်ေနာ္တို႔ကို ေရာင္းေပးမယ္ေပါ့။ အဲဒါလည္း တကယ္မ်ားမ်ားစားစားနဲ႔ လုံလုံေလာက္ေလာက္ ေရာင္းေပးႏိုင္ရင္ေတာ့ ဒီကုန္ေဈးႏႈန္း ျပန္က်သြားမွာပါပဲ။ တကယ္ ေရာင္းမေပးႏိုင္ရင္ေတာ့လည္း နည္းနည္းက်ဖို႔ရာ အခ်ိန္ေပးရမယ့္သေဘာ ျဖစ္သြားလိမ့္မယ္။"

စက္သုံးဆီေတြ ပုံမွန္ျပန္ေရာင္းႏိုင္ပါလိမ့္မယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေျပာေပမယ့္ အငွားယာဥ္ေမာင္းသူကေတာ့ ျမန္ျမန္ပုံမွန္ျပန္ျဖစ္ပါ့မလားလို႔ စိုးရိမ္ေနပါတယ္။

"ဒီကာလ ဒီအခက္အခဲ ဘယ္ေလာက္အထိ တာရွည္မလဲဆိုတာ ဘယ္သူမွ ခန႔္မွန္းလို႔မရႏိုင္ဘူးေလ၊ ဒါကေတာ့။ သူတို႔ရဲ႕ ဆီလက္က်န္ရွိတဲ့အေပၚ မူတည္ၿပီးေတာ့ ထိန္းေရာင္းတဲ့သေဘာပဲ ျမင္ပါတယ္။"

မၾကာေသးခင္က ဗဟိုဘဏ္က ျမန္မာက်ပ္ေငြနဲ႔ အေမရိကန္တေဒၚလာ လဲလွယ္ႏႈန္းကို ၁,၈၅၀ က်ပ္သတ္မွတ္လိုက္သလို လုပ္ငန္းရွင္ေတြရဲ႕ ေဒၚလာကိုင္ေဆာင္ခြင့္ကိုလည္း တင္းက်ပ္လိုက္ပါတယ္။ အေမရိကန္ေဒၚလာ ရတဲ့သူအားလုံးကို ဒီေငြလဲႏႈန္းအတိုင္း ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ဖို႔ ဗဟိုဘဏ္က အမိန႔္ထုတ္ျပန္ခဲ့တဲ့ေနာက္ သြင္းကုန္သမားေတြ အေနနဲ႔လည္း ေဒၚလာကို အလြယ္တကူျပန္ဝယ္ဖို႔ ခက္ခဲသြားပါတယ္။ ဗဟိုဘဏ္က သတ္မွတ္ထားတဲ့ တေဒၚလာကို ၁,၈၅၀ က်ပ္ႏႈန္းအတိုင္း ပုဂၢလိကဘဏ္ေတြမွာ အလုံအေလာက္ ဝယ္လို႔မရေသးဘူးလို႔ သြင္းကုန္လုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

"ျပင္ပေပါက္ေဈးက ၂,၀၀၀ ေအာက္ကိုမေရာက္ေသးဘူးဗ်။ သူတို႔ money changer ေတြကေန ေရာင္းေပးမယ္ဆိုရင္ေတာ့ က်သြားမွာပါပဲ။ က်ေနာ္တို႔လည္း Money changer ေတြ ေရာင္းေပးမယ့္အခ်ိန္ကို ေစာင့္ၾကည့္ေနပါတယ္။"

ျမန္မာႏိုင္ငံမွာ စက္သုံးဆီေဈးေတြ တက္ေနသလို အေျခခံသြင္းကုန္ေတြျဖစ္တဲ့ စားသုံးဆီ၊ စားေသာက္ကုန္၊ တရိစာၦန္အစာနဲ႔ ေဆးဝါးေတြလည္း ပစၥည္းျပတ္လပ္ေနၿပီး ေဈးေတြ ပိုတက္ေနပါတယ္။

#MyanmarPetrol #PetrolGasStations #VOABurme #ျမန္မာေလာင္စာဆီေစ်းတက္ #စက္သံုးဆီ #ေဒၚလာေစ်းကန္႔သတ္မႈ #ဗီြအိုေအ

==============

[[Unicode]]


စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတန်းရှည် စောင့်ဆိုင်းဝယ်ယူနေရ


ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီကို အကန့်အသတ် နဲ့ပဲ ရောင်းချနေတဲ့အတွက် ရန်ကုန်မြို့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီ စောင့်ဆိုင်း ဝယ်ယူခဲ့ကြရပါတယ်။ စက်သုံးဆီအလုံအလောက်မရတဲ့အတွက် ဓာတ်ဆီဈေးက တလီတာကို ကျပ် ၂,၀၀၀ ကျော် ဖြစ်နေတယ်လို့ လောင်စာဆီလုပ်ငန်းရှင်တချို့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လောင်စာဆီ ဂါလံ သန်းနဲ့ချီရှိတဲ့အတွက် ပြတ်လပ်မှု မဖြစ်နိုင်ပါဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လောင်စာဆီအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေက ဓာတ်ဆီအလုံအလောက် မပေးနိုင်တော့တဲ့အတွက် ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး ဆိုင်အများစုက ဧပြီလ ၁၈ ရက်ကစပြီး အကန့်အသတ်နဲ့ပဲ ရောင်းချလာပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ တနင်္လာနေ့က ကားတစီးအတွက် ဓါတ်ဆီ အများဆုံး ကျပ် ၅၀,၀၀၀ ဖိုး ရောင်းချပေးပေမဲ့ ဒီနေ့မှာတော့ ကားတစီးကို ကျပ် ၂၀,၀၀၀ ဖိုးလောက်ပဲ အများဆုံးရောင်းပေးနေတဲ့ ဆိုင်တွေများ ပါတယ်။ ဒါကြောင့် ဆီပြတ်လပ်မှာ စိုးရိမ်ပြီး အလုအယက် ဝယ်ယူသူတွေများတဲ့အတွက် ဒီနေ့ ရန်ကုန်မြို့က ဓါတ်ဆီဆိုင်တွေရှေ့မှာ ဝယ်ဖို့ စောင့်နေတဲ့ ကားတန်းရှည်ကြီးတွေကို မြင်တွေ့ရပါတယ်။ ကားတွေ တိုးကြိတ်ဝယ်နေကြပြီး လမ်းပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်း တက္ကစီအသင်းရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

"ဆိုင်တွေတော်တော်များများမှာ ကားတန်းက သိတဲ့အတိုင်းပဲ။ ရန်ကုန်- အင်းစိန် လမ်းမကြီးနဲ့ ဘုရင့်နောင်လမ်း။ အဓိကတော့ ဆီဆိုင်ရှိတဲ့နေရာတွေမှာ လမ်းတွေက Traffic တွေဖြစ်ပြီး ယာဉ်ကြောတွေ နှစ်ထပ်သုံးထပ်တောင် ဖြစ်နေတယ်။ ဘယ်တတ်နိုင်မလဲ၊ ကျနော်တို့ကတော့ ဆီဈေးကိုအားထားပြီး တက္ကစီဆွဲတဲ့ သူတွေဆိုတော့ အဓိကတော့ သူတို့ရောင်းပေးနိုင်တဲ့အထိပဲ ကျနော်တို့ ဆွဲလို့ရမယ်လေ။ မရောင်းပေးနိုင်ဘူး ဆိုရင်တော့...အကန့်အသတ်နဲ့ မရှိနိုင်တော့ဘူးဆိုရင် ကျနော်တို့လည်း ရပ်နားရမယ့်သဘော ရှိတယ်။"

ဒီနေ့ညနေပိုင်းမှာတော့ ဆီဆိုင်ကြီးတချို့က ဆီတွေကို အကန့်အသတ်မရှိ ပြန်ရောင်းနေပါပြီလို့ ကြေညာပေမယ့် တကယ်တမ်း ဝယ်လို့မရတဲ့ အခြေအနေကြုံရသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်နိုင်ပါဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ ပြည်တွင်းလက်ကျန် ဓါတ်ဆီဂါလံ ၄၅ သန်း၊ ဒီဇယ်ဆီ ဂါလံသန်း ၇၀ လောက် ရှိတယ်လို့ဆိုပါတယ်။ သြင်္ကန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော ၂ စီးလည်းရှိသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် စက်သုံးဆီတွေကို စင်္ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတွေကပဲ အဓိက တင်သွင်းနေတာဖြစ်ပြီး တရုတ်ကဆီတွေကို သီရိလင်္ကာ နိုင်ငံကတဆင့် ကြားခံတင်သွင်းနေတယ်ဆိုလည်း မဟုတ်ဘူးလို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရင်ထက်တောင် စက်သုံးဆီတွေ ရှိနေပါတယ်လို့ သတင်းမီဒီယာတွေကို ခုလို ပြောကြားပါတယ်။

“စက်သုံးဆီနဲ့ပတ်သက်ပြီး တင်သွင်းထားတဲ့ စက်သုံးဆီ အလုံအလောက်ရှိပြီး ဖြစ်ပါတယ်ဗျ။ နဂိုတုန်းကတော့ ကျနော်တို့က ရက်နဲ့ပဲ သွားတာပေါ့ဗျာ။ စက်သုံးဆီ “ဘယ်နှစ်ရက်စာ” ကျနော်တို့ဆီမှာ အလုံအလောက်ရှိတယ်တို့... ဒါရှိတယ်။ အခုဆိုရင် ကျနော်တို့က အရင်တုန်းက ရှိနေကျ ပမာဏထက်တောင်မှ ပိုပြီး ရှိနေသေးတဲ့ဟာဖြစ်ပါတယ်။ အဓိက ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့အနေနဲ့က စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေါ်လာတွေ ရောင်းချပေးထားတာ ရှိတယ်။ ရောင်းချပေးထားပေမယ့် ထုတ်သွင်းတဲ့ ကုမ္ပဏီတွေကို ကျနော်တို့က အခုနောက်ပိုင်းမှာ ၁၈၅၀ ဈေးနဲ့ ရောင်းချခိုင်းတယ်။ ရောင်းချခိုင်းတဲ့အချိန်မှာ သူတို့အနေနဲ့ နောက်ထပ်လည်း ဒေါ်လာမပေးနိုင်တော့ဘူး၊ ဒါကြောင့်မို့လို့ - ဒါနဲ့ မရောင်းချချင်တဲ့အတွက်ကြောင့်မို့လို့ ဆီတွေ မရှိတော့ဘူး” ဆိုတဲ့ ကောလဟာလတွေကို ဖြန့်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က သက်ဆိုင်တဲ့သူတွေကို အသိပေးတာတွေ၊ သတိပေးတာတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

ဓါတ်ဆီဆိုင် တော်တော်များများမှာတော့ ဧပြီလ ၁၈ ရက်၊ တနင်္လာနေ့ကစပြီး စက်သုံးဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းနေကြပါတယ်။ အောက်တိန်း 95 တလီတာကို ကျပ် ၂,၁၀၀ ကျော်၊ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၂,၂၀၀ ဝန်းကျင်ဈေးရှိပါတယ်။

စက်သုံးဆီဈေးက တလီတာကို ၂,၀၀၀ လောက်ပြန်ပြီး ဖြစ်လာတာက ပြည်ပကနေဝယ်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာ ပြည် တွင်း မှာ ရှားပါးနေတာနဲ့ အဓိကသက်ဆိုင်နေပါတယ်။ ပြည်ပကနေ စက်သုံးဆီဝယ်ဖို့အတွက် လိုအပ်တဲ့နိုင်ငံခြားငွေကို ဗဟိုဘဏ်က ရောင်းမပေးတာနည်းနည်းကြာနေပြီး ဒီရက်ပိုင်းထဲမှာ ရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေတော့ ထွက်နေတယ်လို့ စက်သုံးဆီဆိုင်တချို့က ဗွီအိုအေကို ပြောပါတယ်။ လောလောဆယ်တော့ အမေရိကန်ဒေါ်လာကို အလုံအလောက်ဝယ်ဖို့ အခက်အခဲရှိနေတယ်လို့ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ပြည်ပကနေ သွင်းကုန်တွေကို Import တွေကို သူတို့ ဗဟိုဘဏ်ကနေပြီးတော့ (သုံးကျပ်) ၃ ရာခိုင်နှုန်း ဆောင်းပြီးတော့ ကျနော်တို့ကို ရောင်းပေးမယ်ပေါ့။ အဲဒါလည်း တကယ်များများစားစားနဲ့ လုံလုံလောက်လောက် ရောင်းပေးနိုင်ရင်တော့ ဒီကုန်ဈေးနှုန်း ပြန်ကျသွားမှာပါပဲ။ တကယ် ရောင်းမပေးနိုင်ရင်တော့လည်း နည်းနည်းကျဖို့ရာ အချိန်ပေးရမယ့်သဘော ဖြစ်သွားလိမ့်မယ်။"

စက်သုံးဆီတွေ ပုံမှန်ပြန်ရောင်းနိုင်ပါလိမ့်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပေမယ့် အငှားယာဉ်မောင်းသူကတော့ မြန်မြန်ပုံမှန်ပြန်ဖြစ်ပါ့မလားလို့ စိုးရိမ်နေပါတယ်။

"ဒီကာလ ဒီအခက်အခဲ ဘယ်လောက်အထိ တာရှည်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ဘူးလေ၊ ဒါကတော့။ သူတို့ရဲ့ ဆီလက်ကျန်ရှိတဲ့အပေါ် မူတည်ပြီးတော့ ထိန်းရောင်းတဲ့သဘောပဲ မြင်ပါတယ်။"

မကြာသေးခင်က ဗဟိုဘဏ်က မြန်မာကျပ်ငွေနဲ့ အမေရိကန်တဒေါ်လာ လဲလှယ်နှုန်းကို ၁,၈၅၀ ကျပ်သတ်မှတ်လိုက်သလို လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာကိုင်ဆောင်ခွင့်ကိုလည်း တင်းကျပ်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ရတဲ့သူအားလုံးကို ဒီငွေလဲနှုန်းအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ခဲ့တဲ့နောက် သွင်းကုန်သမားတွေ အနေနဲ့လည်း ဒေါ်လာကို အလွယ်တကူပြန်ဝယ်ဖို့ ခက်ခဲသွားပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တဒေါ်လာကို ၁,၈၅၀ ကျပ်နှုန်းအတိုင်း ပုဂ္ဂလိကဘဏ်တွေမှာ အလုံအလောက် ဝယ်လို့မရသေးဘူးလို့ သွင်းကုန်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။

"ပြင်ပပေါက်ဈေးက ၂,၀၀၀ အောက်ကိုမရောက်သေးဘူးဗျ။ သူတို့ money changer တွေကနေ ရောင်းပေးမယ်ဆိုရင်တော့ ကျသွားမှာပါပဲ။ ကျနော်တို့လည်း Money changer တွေ ရောင်းပေးမယ့်အချိန်ကို စောင့်ကြည့်နေပါတယ်။"

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ တက်နေသလို အခြေခံသွင်းကုန်တွေဖြစ်တဲ့ စားသုံးဆီ၊ စားသောက်ကုန်၊ တရိစ္ဆာန်အစာနဲ့ ဆေးဝါးတွေလည်း ပစ္စည်းပြတ်လပ်နေပြီး ဈေးတွေ ပိုတက်နေပါတယ်။

#MyanmarPetrol #PetrolGasStations #VOABurme #မြန်မာလောင်စာဆီဈေးတက် #စက်သုံးဆီ #ဒေါ်လာဈေးကန့်သတ်မှု #ဗွီအိုအေ

==============

XS
SM
MD
LG