သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့နိုင်ငံရေးဂယက် တရုတ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အကြပ်ရိုက်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ကျွန်းပေါ်က တရုတ်ပိုင် ရေနံချက်စက်ရုံ။ (အောက်တိုဘာ ၂၊ ၂၀၁၉ ) 
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ကျွန်းပေါ်က တရုတ်ပိုင် ရေနံချက်စက်ရုံ။ (အောက်တိုဘာ ၂၊ ၂၀၁၉ ) 

[[Zawgyi/Unicode]]

မတည်ငြိမ်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းမှာ အများဆုံးရင်း နှီးမြှုပ်နှံထားတဲ့ တရုတ်လုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေ ဆက်ပြီးရှိနေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး ကျဆင်းသွားသလို ရှိပြီးသား တရုတ် ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ပြည်တွင်းဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် တရုတ်ဟာ သူ့ရဲ့အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ သတိထားပြီး ကိုင်တွယ်ရလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပပ်နံှမှုတွေက ထက်ဝက်နီးပါးကျဆင်းသွားခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေ အရသိရပါတယ်။ တချိန်တည်းမှာပဲ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေတာ၊ နိုင်ငံရေးနဲ့ လုံခြုံရေးမတည်ငြိမ်မှုကြောင့် တရုတ်လုပ်ငန်းသေးတွေ ရပ်နားကုန်တာ၊ နယ်စပ်လုံခြုံမှု မရှိတော့တာ စတာတွေကြောင့် တရုတ်ဟာ မြန်မာနိုင်ငံထဲက သူ့ရဲ့အကျိုးစီးပွားတွေအတွက် စိုးရိမ်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ ဒါပေမယ့် မြန်မာဟာ တရုတ်အတွက် လုံခြုံရေးအပါအဝင် ရေရှည်အကျိုးစီးပွားအတွက်ပါ အဓိကကျတဲ့အတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကတော့ ဆက်ပြီးရှိလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက မြင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေကြားမှာ သူ့ရဲ့အကျိုးစီးပွား မထိခိုက်ဖို့အတွက် သတိထားပြီးတော့ လုပ်ဆောင်ရကြောင်း နိုင်ငံရေးလေးလာသူ ဦးရဲထွန်း ( သီပေါ) သုံးသပ်ပါတယ်။

“အခု နစက လက်ထက်မှာ အရင် နဝတ၊ နအဖ လက်ထက်ကနဲ့မတူဘဲနဲ့ သူ့ကိုဆန့်ကျင်တဲ့ ပြည်သူလူထုက စစ်ရေးနည်းတွေနဲ့ လက်နက်ကိုင်ပြီးတော့ တော်လှန်တိုက်ခိုက်တာတွေ ပေါ်လာတဲ့အခါကျတော့ အဲဒါက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့လုံခြုံမှုအတွက်က တော်တော် အရေးကြီးတဲ့ ကိစ္စဖြစ်နေတော့ သူက ရင်းနှီးမြှုပ်နှံမှုတွေ ဒီကာလမှာ ဆက်လုပ်မယ်ဆိုရင် တဘက်က ဘယ်လိုမြင်သွားမလဲဆိုရင် ဒီ နစကကို သက်ဆိုးရှည်အောင် လုပ်ပေးတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလို့ အဲလိုမြင်သွားပြီးတော့ ဖျက်လို့ဖျက်စီးလုပ်မှာကို သူစိုးရိမ်တယ်။ ရှေ့မှာလည်း လူထုဆန္ဒပြပွဲတွေအတွင်းမှာ သူ့ရဲ့အထည်ချုပ်တွေဘာတွေ ဖျက်စီးခံရတာလည်း ရှိခဲ့တော့ သူအဲဒါကို သတိကြီးကြီးထားနေတာပေါ့။ ဒါကြောင့်မို့သူက မြန်မာနိုင်ငံမှာ နောက်အစိုးရ တက်လာလို့ရှိရင် လုံခြုံရေးကိုအာမခံနိုင်တဲ့ အဖျက်လုပ်ငန်းတွေ မရှိတော့တဲ့ ကာလမျိုးရောက်ဖို့ကို သူကလိုလားတယ်။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေနဲ့အတူ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံထဲက တရုတ်စက်ရုံ ၁၀ ခုထက်မနည်း ၂၀၂၁ မတ်လမှာ မီးရှို့ခံခဲ့ရပါတယ်။ တရုတ်အစိုးရက ဒါကိုရှုတ်ချတဲ့ သဘောထားကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝပိုက်လိုင်း ခြုံရေး စိုးရိမ်စရာဖြစ်လာတာ၊ စစ်ကောင်စီကို တရုတ်က ပံ့ပိုးနေတယ်ဆိုတဲ့အမြင်နဲ့ တရုတ်မလိုလားတဲ့ သဘောထားတွေ ရှိနေတာက တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်နေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

လက်ရှိလက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတော်တော်များများမှာ တရုတ်စီမံကိန်းတွေလည်း ရှိနေပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းက သူ့ရဲ့ရေရှည်အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ အပြုသဘောဆောင်တဲ့ စွက်ဖက်မှု၊ ဒါမှမဟုတ် တိုက်တွန်းမှုတခုခုတော့ လုပ်ရလိမ့်မယ်လို့ တမ္ပဒီပအင်စတီကျုက ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်တဲ့ ပညာရှင်တဦးက ပြောပါတယ်။

“အထည်ချုပ်လုပ်ငန်း တခုတည်း ကြည့်လို့မရဘူး၊ တရုတ်တွေက မြန်မာပြည်မှာ တကယ့်ကိုထဲထဲဝင်ဝင် စီးပွားရေးကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတယ်၊ ဒါကိုမဆုံးရှုံးချင်ဘူးဆိုရင် တခုခုတော့ ခင်ဗျားတို့ ပြတ်ပြတ်သားသား လုပ်ရလိမ့်မယ်ဆိုတော့ သူတို့က မလုပ်တတ်ဘူး။ နထိုးကြီးမှာ ( ရေနံ) ပိုက်လိုင်းက အစောင့်အရှောက်တွေ အသတ်ခံရတယ်တဲ့ ဒါပိုအရေးကြီးတယ်။ တရုတ်တွေက လှိုင်သာယာက စက်ရုံတွေကို အကုန်လုံးကုန် ကိစ္စမရှိဘူး။ ဒီ ပိုက် လိုင်းက သူ့အတွက်အသက်ပဲ။ တရုတ်တွေက အများကြီးချင့်ချိန်ရမယ်။ ဒီစက်ရုံတွေ လှိုင်သာယာမှာ မီးရှို့တာ ပြန်ဆောက်လို့ရတာပဲ။ ဘာခက်တာမှတ်လို့လဲ၊ ပိုက်လိုင်းကြီး ကွဲသွားရင် သွားရော။ ထိုင်ကြည့်ရုံနဲ့ ကောင်းသွားမယ်ထင်လား မရဘူး။ တခုခုလုပ်ရလိမ့်မယ်။”

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုက ၁၀ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်နေတာပါ။ ၂၀၁၀-၂၀၁၂ မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံကျော်ပြီး ၂၀၂၀- ၂၀၂၁ မှာတော့ ၂.၆ ဘီလီယံပဲရှိပါတယ်။

မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် တရုတ်က သူ့ရဲ့စီးပွားရေးစင်္ကြန် စီမံကိန်းတွေကိုလည်း လက်ရှိမှာ ရပ်နားထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကိုဗစ်ရောဂါ အကြောင်းပြပြီး ပိတ်ထားပါတယ်။ ရေရှည်အကျိုးစီးပွား အတွက်ဆိုရင်တော့ တရုတ်ဟာ စစ်ကောင်စီကို အကာအကွယ်ပေးဖို့ကို ရှောင်ရှားပြီး တချိန်မှာ ဖိအားပေးကောင်း ပေးလာနိုင်တယ်လို့ ခန့်မှန်းနေကြတာလည်း ရှိပါတယ်။

“အာဆီယံနိုင်ငံတွေ အကုန်လုံးအပေါ်မှာ လွှမ်းမိုးတဲ့ Geopolitics culture (ပထဝီနိုင်ငံရေး သဘောတရား) အရဆိုရင် တရုတ်ရဲ့ Influence နဲ့ အမေရိကန်ရဲ့ Influence (လွှမ်းမိုးမှု) ပေါ့နော် ဘယ်ဟာကပိုကြီးသလဲဆိုတော့ ကျနော်တို့ကြည့်ရင် တရုတ်ကပဲ ပိုကြီးနိုင်တယ်။ အဲဒီတော့ တရုတ်နဲ့ မြန်မာနဲ့က trade ရော investment ရော တခြားဟာတွေရော များတဲ့အတွက် တကယ်လို့ တရုတ်ရဲ့ အကျိုးစီးပွားကို တစုံတခု ထိခိုက်မယ်ဆိုရင် တရုတ်ကနေ အာစီယံနိုင်ငံတွေကို သူကတနည်းတဖုံနဲ့ ဖိအားပေးမှာပဲ။ ဒါကြောင့်မို့လည်း လက်ရှိဖြစ်နေတာပေါ့နော်။”

စီးပွားရေးပညာရှင် ဦးသန်းစိုး ( ဘောဂဗေဒ) ပြောသွားတာပါ။ မြန်မာက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ တရုတ်လောက် များများစားစား မရှိတဲ့အတွက် စီးပွားရေးပိတ်ဆို့မှုအရတော့ ဒီနိုင်ငံတွေက တိုက်ရိုက်ဖိအားပေးလာနိုင်စရာ အခြေအနေနည်းတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျူ ISP Myanmar ကပြုစုထားတဲ့ အချက်အလက်အရဆိုရင် အာဏာသိမ်းပြီးတဲ့နောက် တရုတ်ကမ်းလှမ်းထားတဲ့ ဒေါ်လာသန်း ၂,၅၀၀ တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို စစ်ကောင်စီဘက်က အတည်ပြုခဲ့ပြီး နောက်ထပ်ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းတွေကိုလည်း ဆက်ပြီးအကောင်အထည် ဖော်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချထားပြီး ယခင်သဘောတူညီထားတဲ့ နှစ်နိုင်ငံစီမံကိန်းတွေကိုလည်း အကောင်အထည်မဖော်သေးဘဲ ရပ်ဆိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]














=================

XS
SM
MD
LG