သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sea Games ဘောလုံး မြန်မာ ဗိုလ်လုပွဲနဲ့ လွဲချော်


မြန်မာယူ-၂၂ ဘောလုံးအသင်း။
မြန်မာယူ-၂၂ ဘောလုံးအသင်း။

(Zawgyi / Unicode)

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာယူ-၂၂ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။

ဆီးဂိမ်း အမျိုးသားဘောလုံးပွဲ ပထမအကြိုဗိုလ်လုပွဲကို မနီလာမြို့မှာ ဒီကနေ့ ကစားကြတာမှာ အင်ဒိုနီးရှားက မြန်မာကို အချိန်ပိုမှာ လေးဂိုး နှစ်ဂိုးနဲ့ နိုင်သွားပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၇ မိနစ်မှာ တဂိုး၊ ၇၂ မိနစ်မှာ နောက်တဂိုး သွင်းတာကြောင့် အင်ဒိုနီးရှားက နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး အောင်ကောင်းမာန် ၇၈ မိနစ်မှာ မြန်မာအသင်းအတွက် တဂိုးသွင်းယူခဲ့ပြီး အဲဒီနောက် ၁ မိနစ်အတွင်းမှာပဲ အင်ဒိုဂိုးသမားဆီက ပြန်အန်ထွက်လာတဲ့ ဘောလုံးကို ဝင်းနိုင်ထွန်းက ၇၉ မိနစ်မှာ သွင်းယူခဲ့လို့ မြန်မာအသင်းဟာ ၂ မိနစ်အတွင်းမှာ ချေပဂိုး နှစ်ဂိုးရပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

ဒါပေမယ့် အင်ဒိုဘက်က အချိန်ပို ၁၀၂ မိနစ်နဲ့ ၁၁၃ မိနစ်တွေမှာ နှစ်ဂိုး ပြန်သွင်းသွားတာကြောင့် နောက်ဆုံးမှာ အင်ဒိုနီးရှားက မြန်မာကို လေးဂိုး နှစ်ဂိုးနဲ့နိုင်ပြီး မြန်မာအသင်း ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါတယ်။

ဒုတိယဆီမီးဖိုင်နယ်မှာတော့ ဗီယက်နမ်အသင်းက ကမ္ဘောဒီးယားကို လေးဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ ဒါကြောင့် ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ ဖိုင်နယ်မှာ ဗိုလ်လုကြမှာဖြစ်ပြီး မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ တတိယနေရာ လုကြမှာဖြစ်ပါတယ်။

နောက်ဆုံးဖိုင်နယ်နဲ့ တတိယနေရာလုပွဲကိုတော့ မနီလာမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် ကစားမှာဖြစ်ပါတယ်။

---------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG