သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်နယ်တိုက်ပွဲတွေကြောင့် ကောက်ပဲသီးနှံများမရိတ်သိမ်းနိုင်


Yin Mar Bin ယင်းမာပင်
Yin Mar Bin ယင်းမာပင်

[[Zawgyi/Unicode]]


စစ်ကောင်စီတပ်တွေက နယ်မြေရှင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ဘက်မှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်ပေမယ့် ဒီလုပ်ငန်းတွေ မလုပ်နိုင်ဘဲ ဒေသခံတွေ အသက်ဘေးလွတ်အောင် ပြေးလွှားနေကြရပါတယ်။ ပဲမျိုးစုံ၊ ကြက်သွန်၊ နေကြာစတဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စားပင်တွေ ရိတ်သိမ်းရမယ့်အချိန်မှာ အသက်အန္တရာယ်ကင်းအောင် အဓိကဦးစားပေးနေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ နယ်မှာ စစ်ကောင်စီတပ်တွေ တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းမှုတွေကို ခပ်စိတ်စိတ်လုပ်လာနေပါတယ်။ ကျေးရွာတွေ တရွာဝင် တရွာထွက် နယ်မြေရှင်းလင်း စစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ၊ မီးရှို့မှုတွေ ဖြစ်နေတာကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေ တနေ့ထက်တနေ့ ပိုများလာတယ်လို့ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေကို ကူညီပေးနေသူတွေက ပြောပြပါတယ်။ အဲဒီဒေသတွေဘက်မှာ အခုအချိန်က ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်ပေမယ့် ဒီလုပ်ငန်းတွေ မလုပ်ကိုင်နိုင်ဘဲ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကြောင့် ပြေးလွှား နေကြရတာလို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ တိုးလာတယ်ပြောရမှာပေါ့။ ဘာလို့ဆိုတော့ သူတို့ စစ်ကြောင်းထိုးတာက များလာတယ်။ အများအားဖြင့် ရွာတွေက ပြေးရတာပေါ့ဗျ။ စစ်ကြောင်းထိုးထားတဲ့ ရွာတွေက ၃- ၄- ၅ ရက်လောက်ပြီးမှပဲ ရွာတွေ ပြန်ကပ်တာမျိုးတော့ ရှိပါတယ်။ ပြေးလိုက်ပြန်လာလိုက်တွေလည်း ရှိနေတယ်။ အခုချိန်မှာဆိုရင် သီးနှံသိမ်းချိန်ဖြစ်နေတယ်။ သီးနှံလည်း ကောင်းကောင်းမသိမ်းနိုင်၊ သီးနှံကိုသိမ်းမယ်လုပ်လိုက် စစ်ကောင်စီတပ်က ဝင်ပြီးတော့ စစ်ကြောင်းထိုးလိုက် ပြေးလိုက်ရပြန်ရော အခုချိန်မှာ ပဲတို့ မြေပဲတို့ ကောက်ချိန်ဖြစ်နေတယ်။ အဲ့မှာ တောင်သူအခက်အခဲကတော့ အဲ့ဒါတော့ ရှိပါတယ်ဟုတ်။”

ယင်းမာပင်မြို့နယ်က ဒေသခံတွေဟာ ကွမ်း၊ ကြက်သွန်နဲ့ ပဲ၊ မြေပဲစတဲ့ ကောက်ပဲသီးနှံမျိုးစုံကို စီးပွားရေးအဖြင့် စိုက်ပျိုးကြပါတယ်။ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန် စစ်တပ်က ရွာတွေထဲ ဝင်လာတဲ့အခါ လုပ်ငန်းတွေရပ်ပြီး အသက်လု ပြေးလွှားရတဲ့အကြောင်း ဒေသခံတယောက်ကလည်း ခုလိုပြောပါတယ်။

“ဒီအချိန် သိမ်းတာတော့ အဲ့ပဲမျိုးစုံသိမ်းတယ်။ ကြက်သွန်သိမ်းတယ်ပေါ့။ ကျနော်တို့ ဒေသကတော့ ကြက်သွန် နဲ့ ကွမ်းနဲ့ အဓိကလုပ်တာဆိုတော့ ကွမ်းခြံတွေကတော့ မခူးရသေးဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့လေး။ ပဲမျိုးစုံ မြေပဲပေါ့၊ ပဲမျိုးစုံလည်း ပါတယ်။ မြေပဲလည်း ပါတာပေါ့နော်။ တချို့ ဒီနားပတ်ဝန်းကျင်တွေဆိုရင် ဝင်မှာ ဝင်မှာလို့ ကြားပြီးတော့ သိမ်းချိန်တာကို မသိမ်းရဘဲနဲ့ ပစ်ထားတဲ့ဟာတွေလည်း ရှိတယ်လေး။ သိမ်းနေဆဲဆိုရင် ဒီတိုင်းပဲ ပစ်ထားခဲ့ပြီး စွန့်ခွာရတာပေါ့။ ကိုယ့် ပစ္စည်းကိုယ် သံယောဇဉ်သိပ်မသယ်နိုင်ဘူးပေါ့။ အသက်ပဲ အဓိက လုပြီးပြေးကြရတာလေ။”

စစ်တပ်တွေ ရွာတွေထဲ ဝင်မလာခင်ကတည်းက ကြိုတင်လမ်းကြောင်းရှင်းတဲ့သဘော ပစ်ခတ်လေ့ရှိသလို တချို့ရွာတွေမှာ စခန်းချ တပ်စွဲတာမျိုးတွေလည်း လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် အခြေ ချ နေရာယူထားတဲ့ ယင်းမာပင်မြို့ကနေလည်း အနီးဝန်းကျင်ရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ မကြာ မကြာလှမ်းပစ်နေတာကြောင့် ရွာသူ ရွာသားတွေ နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။ ခုလိုအခြေအနေဖြစ်နေတဲ့ ယင်းမာပင်မြိုှု့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေလည်း ရှိနေပါတယ်။ ယင်းမာပင်မြို့ပတ်ချာလည်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား တနင်္ဂနွေနေ့က အပြန်အလှန် ပစ်ခတ်ဖြစ်ပွားခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ရဲ့ ဒီတပ်မတော်နေ့အခမ်းအနားတွေကို မကျင်းပအောင် နောက်တခုက တပ်မတော်ထောက်ခံပွဲရှိတယ်လို့ပဲ ကျနော်တို့ ကြားရပါတယ်။ အဲ့တော့ ဒီခုခံကာကွယ်ရေးတပ်တွေက မနေ့က မတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၃နာရီထိအောင်ပေါ့နော်။ ယင်းမာပင်မြို့ရဲ့ ပတ်ချာလည်ပေါ့နော်။ အဲ့မှာ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာရှိပါတယ်။ ဆိုတော့ ဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်တာတော့ ရှိတာပေ့ါနော်။”

ခုလိုအခြေအေနေတွေကြောင့် ယင်းမာပင်မြို့နယ်မှာ စစ်တပ်ရဲ့ စစ်ရေးဆောင်ရွက်မှုတွေ တိုးနေတာနဲ့အမျှ ဒေသခံပြည်သူတွေမှာ နေအိမ်တွေ၊ တောင်ယာတွေ၊ အလုပ်အကိုင်တွေကို စွန့်ပြီး ဘေးကင်းရာ ထွက်ပြေးနေကြရသလို နေရေးစားရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]










================

XS
SM
MD
LG