သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီနယ်ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတချို့။ (ယခင်မှတ်တမ်းဓာတ်ပုံ)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတချို့။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးတွေလုပ်နေရာမှာ နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ခံရပြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကနီနယ်ထဲမှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ် ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မေ ၁၅ ရက်ကနေ မေ ၁၈ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ မေ ၁၇ ရက်နဲ့ မေ ၁၈ ရက် ဗုဒ္ဓဟူးနေ့တို့မှာ နယ်မြေရှင်းလင်းရေးလုပ်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ မေ ၁၈ ရက် မနက်ပိုင်းမှာ ကနီနယ်ထဲက ကျေးရွာ ၆ ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရေဘုတလင်ရွာကိုမီးရှို့တယ်။ သူတို့ အထိနာလို့။ ရေဘုတလင်ရွာကိုမီးရှို့ပြီးအထွက်မှာ တိုက်မိုင်းတွေထောင်ထားခဲ့တာကို ထိတဲ့အခါကျတော့ ဝချောင်းကြီးရွာကို မီးရှို့တယ်။ အဲ့ဒါအပြင် ချောင်းဝကြီးကော အဲ့ ၃ ရွာကိုမီးရှို့တယ်။ ကနီရဲ့အနောက်ဘက်က ဆင်ဆန်းရယ်၊ သရက်တောရယ်၊ နောက်ပြီး ကင်းတောင်ရယ် အဲ့ ၃ ရွာကို မီးရှို့တယ်။ ကနီနယ်ထဲမှာ အခုလောလောဆယ် ရွာ ၆ ရွာမီးရှို့သွားတယ်။ ဒေသခံတွေကတော့ အကုန်လုံးရှောင်ပြေးနေရတယ်။”

ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်တာမို့ ဘယ်နှစ်အိမ်မီးလောင်ဆုံးရှုံးခဲ့သလဲဆိုတာ အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ အခုမီးရှို့ခံရတဲ့ကျေးရွာတွေဟာ ချင်းတွင်းမြစ်အနီးက ကျေးရွာတွေဖြစ်ကြပါတယ်။ စစ်ကောင်စီတပ်ဟာ ခန္တီးက သယ်ဆောင်လာတဲ့ ရိက္ခာနဲ့ ကျောက်စိမ်းတွေ စက်လှေတွေကို လုံခြုံရေးယူဖို့အတွက် အခုလို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ယူဆနေပါတယ်။ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ လုံး၀ မရှိသေးပါဘူး။

ဒါက ကနီဘက်က အခြေအနေတွေပါ။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲမှာဆိုရင်လည်း မေလ ၅ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်တွေက ရွှေဘိုမြို့နယ်ထဲက ကုလားမ ကျေးရွာအုပ်စု ထဲက ကုလားမရွာ၊ လက်ကောက်ကျရွာ၊ ဟင်္သာကြီး၊ ကျောင်းကုန်းနဲ့ မကျည်းသုံးပင် စတဲ့ ရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုလားမကျေးရွာ အုပ်စုက ကျေးရွာတွေကို မေလ ၁၇ ရက် မနေ့က စစ်ကောင်စီတပ်တွေက ထပ်ဝင်လာပြီး မီးရှို့တာကြောင့် ရွာထဲက ကျန်နေသေးတဲ့ နေအိမ်တချို့ မီးလောင်ခဲ့သလို အသက် ၈၀ အရွယ် အဘိုးအိုတဦးကိုလည်း ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ၁၁ နာရီ ၄၈ မိနစ်လောက်မှာ ရွာတွေကို ပြန်လာပြီးတော့ မီးရှို့တယ်။ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေလည်း ရွာထဲက ကားတွေနဲ့ လာယူသွားလို့။ ပျူခေါင်းဆောင်တယောက်နဲ့ ဝင်လာတာ။ ဘယ်လောက်လောင်သွားလဲဆို ကုလားမထဲက ၅ အိမ်၊ လက်ကောက်ကျထဲက ကျန်တဲ့အိမ် ၇ အိမ် ၈ အိမ်လောက်နေမှာပေါ့။ ဦးမြကန်ဆိုတဲ့ အသက် ၈၀ ပတ်ချာလည် အဘိုးကြီးတယောက်လည်း သေနတ်နဲ့ ပစ်သတ်သွားတာ ခေါင်းတည့်တည့် မှန်တယ်။ ဒီနေ့ အခြေအနေကတော့ ဦးလေးကိုယ်တိုင်က ဘုန်းကြီးကျောင်းထဲ စစ်ရှောင်ပြီး နေရတဲ့သူတွေကို လွတ်ရာလွတ်ကြောင်း ခေါ်နိုင်သလောက်တော့ ဆွဲထုတ်ခေါ်လာခဲ့တာပဲ။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်သေးပါဘူး။ စစ်ရှောင်ရွာသားတွေဟာ ရွာအနီးအနားဝန်းကျင်ကိုတောင် ကောင်းကောင်းမသွားရဲတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာ ပုန်းခိုကျန်နေခဲ့တဲ့ ရွာသားတချို့ကလည်း စားသောက်ရေး အခက်အခဲ ရှိနေသလို လုံခြုံရေးအတွက်ပါ စိုးရိမ်ရတာကြောင့် ဘေးလွတ်ရာကို ခေါ်ထုတ်ပေးနေရတယ်လို့လည်း ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေဟာ ကျေးရွာတွေထဲကနေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်တာကြောင့် အခုလို နယ်မြေရှင်းလင်း စစ်ဆင်မှုတွေလုပ်နေတာလို့ စစ်ကောင်စီဘက်ကတော့ တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]

ကနီနယျကြေးရှာတခြို့ မီးရှို့ဖကြျဆီးခံရ










================

XS
SM
MD
LG