သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကျားဖြန့် ပပျောက်ရေး မရေရာ


အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေကြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေကြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)

မြဝတီက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသား ၁,၄၀၀ ကျော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထိုင်းနိုင်ငံကနေတဆင့် တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိမ်လည်လုပ်ငန်းတွေ လုံး၀ ပပျောက်သွားဖို့က မသေချာဘူးလို့ ထိုင်း အထူးစုံစမ်း စစ်ဆေးရေးဌာနနဲ့ ပူးတွဲ လုပ်ဆောင်နေသူက ဗွီအိုအေကိုပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို မတ်လ ၆ ရက်နေ့ကနေ ၉ ရက်အထိ ၄ ရက်အတွင်း ထိုင်းဘက်ကို လွဲပြောင်းပေးခဲ့ရာမှာ လူဦးရေ ၁,၄၀၀ကျော်ကို လွှဲပြောင်းခဲ့တယ်လို့ နယ်ခြားစောင့်တပ်က ဆိုပါတယ်။ ဒီလူတွေဟာ ထိုင်းဘက်က အထူးစုံစမ်းစစ်ဆေးရေးဌာန အပါအဝင် တခြားဌာနတွေက အသေးစိတ် စစ်ဆေးခွင့်၊ အချက်အလက်ယူခွင့်မရဘဲ မဲဆောက်လေဆိပ်ကနေ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့အတူ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ဦးမောင်ထွန်းက ပြောပြပါတယ်။

“ကျနော်တို့ ကြားသိရသလောက်ကတော့ တရုတ်နိုင်ငံသားတွေကို သုံးရက်၊ လေးရက်အတွင်းမှာ ၁,၄၀၀ ကျော်ပို့လိုက်တယ်။ ထိုင်းစစ်တပ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာလို့ သိရတယ်။ ထိုင်းရဲတွေ၊ လဝကနဲ့ အမှတ် ၂ တံတားကနေ ကြိုပို့တာလုပ်တယ်။ မဲဆောက်လေယာဉ်ကွင်းကို တိုက်ရိုက်ပို့တယ်။ တခြားအဖွဲ့အစည်းတွေ၊ တခြား ဌာနဆိုင်ရာတွေကတော့ စစ်ဆေးပိုင်ခွင့်မရှိဘူး။ သူတို့ကတော့ ဟိုဘက်မှာ Screen လုပ်ပြီးသားဖြစ်တယ်။ နာမည်လောက်ပဲ Share လုပ်ပေးတယ်။ နာမည်ကလည်း တိကျ သေချာသလား၊ မသေချာလား ဂဃနဏတော့ မသိရဘူး။”

အခုဆိုရင် မြဝတီဘက် ကျားဖြန့်လုပ်ငန်းတွေကနေ ပြန်ပို့ခံရသူတွေဟာ သက်ဆိုင်ရာ ကာစီနိုရုံတွေကနေ ငွေမရှာနိုင်သူတွေ၊ နေရပ်ပြန်ချင်သူတွေကိုသာ ပြန်ပို့ပေးနေတာဖြစ်ပြီး လိမ်လည်လုပ်ငန်းတွေက ရပ်တန့်သွားမှာမဟုတ်ဘဲ လိမ်လည်လုပ်ငန်းရဲ့ အဓိက တာဝန်ရှိသူတွေကတော့ ဘားအံနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းထားတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့လည်း ပြောပါတယ်။

“သက်တမ်း ကုန်ဆုံးသွားတဲ့သူတွေ၊ အလုပ်မလုပ်ချင်တဲ့သူတွေ၊ အလုပ်မှာ ပြဿနာရှာတဲ့သူတွေ၊ ငွေမရှာနိုင်တဲ့သူတွေကို စာရင်းကောက်ပြီး ပို့ပေးနေတာ ဖြစ်ပါတယ်။ ဆက်ပြီး ကျားဖြန့်လုပ်ငန်းက ဆက်ရှိနေဦးမယ်။ အခုက ထိုင်း-မြန်မာနယ်စပ် ကရင်နယ်စပ်မှာပဲ ရှိတာမဟုတ်ဘူး။ ဘားအံဘက်မှာလည်း ကုမ္ပဏီတွေ ရှိသေးတယ်။ အဲဒီ ကုမ္ပဏီတွေဘက်ကို အကုန်လုံး ရွှေ့ပြောင်းထားတာ ဖြစ်သလို ရန်ကုန်ဘက်ကိုလည်း ရွှေ့ပြောင်းနေတယ်လို့ကျနော်တို့ သတင်းအချက်အလက် ရထားတာရှိပါတယ်။ အခုကတော့ သူတို့က ခန ရပ်ထားတဲ့သဘောပဲ။ နောက် နည်းနည်း အေးသွားတာနဲ့ ပုံမှန်လည်ပတ်ဖို့ ဆက်လုပ်ဦးမှာဖြစ်တယ်။”

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်း- မြန်မာ-တရုတ် ၃ နိုင်ငံ လက်တွဲ ဆောင်ရွက်နေတာဖြစ်ပြီး ထိုင်းအစိုးရက အဲဒီဒေသကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ထားသလို နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို ထိုင်းဘက်ပြန်ပို့နေတဲ့ BGF ကတော့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ဆက်လက် နှိမ်နင်းသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG