သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်အရေး မြန်မာစစ်ခေါင်းဆောင် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံ။ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - SAC Information / Telegram
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံ။ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - SAC Information / Telegram

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့) မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီလို တွေ့ဆုံရာမှာ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ တိုက်ဖျက်ရေးကို အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး စုံစမ်း ဖော်ထုတ် အရေးယူမှုတွေ ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးကြတယ်လို့ စစ်ကောင်စီ မီဒီယာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တရားမဝင် ကုန်စည် စီဆင်းမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သတင်း အချက်အလက်တွေ ဖလှယ်ရေးတွေကိုလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်း-မြန်မာ နယ်စပ်က မြဝတီမြို့ ရွှေကုက္ကို နဲ့ KK Park နယ်မြေတွေက တရားမဝင် လောင်းကစားနဲ့ လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ပြည်ပနိုင်ငံသား ၁၂၆ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက် (စနေနေ့) မှာပဲ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၀ ရက် ကနေ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ဖမ်းဆီးထားသူ ဦးရေက ၂,၁၁၁ ရှိနေပြီး အဲဒီထဲက ၆၇၃ ဦးကို ထိုင်းနိုင်ငံကနေ တဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ စနေနေ့က လွှဲပြောင်းပေးတဲ့ထဲမှာတော့ တရုတ်နိုင်ငံသား ၁၁၁ ဦးနဲ့ ထိုင်း နိုင်ငံသား ၁ ဦး ပါဝင်တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အရင်က ပြန်လွတ်လာသူတွေရဲ့ မီဒီယာပြောဆိုတွေ အရ လိမ်လည်တဲ့ လုပ်ငန်းမှာ ပါဝင်ခဲ့သူ အများစုက လစာမြင့် အလုပ်အကိုင် မက်လုံးတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ သွေးဆောင် လူကုန်ကူးခံရပြီး မြဝတီ ဒေသထဲက တရားမဝင် လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေ ဖြစ်ပါတယ်။


မြန်မာ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်တဲ့ ကရင် နယ်ခြားစောင့်တပ်ကတော့ လာမယ့် ရက်တွေထဲမှာ မြန်မာ-ထိုင်းနယ်စပ်ဒေသမှာ ရောက်နေတဲ့ လူ ၁၀,၀၀၀ ကို ပြန်ပို့မယ်လို့ ကြေညာထားပါတယ်။

ထိုင်း၊ တရုတ်နဲ့ မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေဟာ အဲဒီ ဒေသက လိမ်လည်တဲ့ ရာဇဝတ် လုပ်ငန်းတွေ တားဆီး ပိတ်ပင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ အခု သီတင်းပတ်တွေထဲမှာ သတင်းတွေ ဆက်တိုက် ထုတ်ပြန်နေတာပါ။ ထိုင်းအာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက ပြန်ပို့တဲ့ လိမ်လည်မှု လုပ်ငန်းထဲက လူတွေကို သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်အများစုကို ကြီးကြပ်ဆောင်ရွက်နေတယ် ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေကတော့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေ အတွင်း အခွင့်ကောင်းရယူပြီး အွန်လိုင်း လိမ်လည်တဲ့ ရာဇဝတ် လုပ်ငန်းတွေ အခြေတည်နေကာ လူပေါင်း ၁၂၀,၀၀၀ ဝန်းကျင်လောက် ရာဇဝတ် လုပ်ငန်းတွေမှာ အလုပ် လုပ်ကိုင်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တခြား အရှေ့တောင် အာရှ နိုင်ငံတချို့မှာလည်း အလားတူ လုပ်ငန်းတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG