ထိုင်းမြန်မာနယ်စပ်က အွန်လိုင်း ငွေလည်ဂိုဏ်းတွေကို ချေမှုန်းဖို့ ကျားဖြန့်လုပ်ငန်းနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေပြီလို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဒီလ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပြီးတဲ့နောက် မြဝတီ ရွှေကုက္ကိုလ်မြို့မှာ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့ပါတယ်။
ကျားဖြန့် ငွေလည်ဂိုဏ်းတွေကို ချေမှုန်းနိုင်ဖို့အတွက် ထိုင်းအစိုးရက မြ၀တီဘက်ခြမ်းကို ရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးလောင်စာဆီ ဖြတ်တောက်ထားချိန်မှာ BGF အဖွဲ့က အခုလို အထူး နှိမ်နင်းရေးအဖွဲ့ ဖွဲ့ပြီး ရှာဖွေ ဖမ်းဆီးတာတွေ လုပ်လာတာပါ။
ကျားဖြန့် လုပ်ငန်းတွေအခြေစိုက်တဲ့ ရွှေကုက္ကိုလ်မြို့တွင်းကို BGF တပ်ဖွဲ့တွေက လက်နက်တွေနဲ့ ဝင်ရောက်လာပြီး ဟိုတယ်တွေ၊ ကာစီနို လောင်းကစားရုံတွေ၊ စားသောက်ဆိုင်တွေ၊ ငွေလဲ စင်တာတွေကို စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၅၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။ အခု ဖမ်းဆီးထားသူတွေကိုတော့ ထိုင်းနိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးမယ်လို့ BGF တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကတော့ ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နဲ့ BGF ခေါင်းဆောင် နောက်နှစ်ဦးကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားတာပါ။ ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ် ရုပ်ရှင်မင်းသား Wang Xing ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ချိန် မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတဲ့ဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေလို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၀ ဦးကို တရုတ်နိုင်ငံ ပြန်ပို့မယ့်အကြောင်း ထိုင်းအစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေ အများအပြား သားကောင်ဖြစ်နေရတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား (H.E. Ms. Ma Jia) နဲ့ တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လယိုကျုံးရီ (Liu Zhong Yi)တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဒီလ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
Forum