သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လေဆိပ်တင်းကျပ်မှု လူငယ်တွေစိုးရိမ်


ရန်ကုန်နိုင်ငံတကာလေဆိပ် ပြည်ပထွက်ခွာဂိတ်မှာတွေ့ရတဲ့ ခရီးသွားများ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)
ရန်ကုန်နိုင်ငံတကာလေဆိပ် ပြည်ပထွက်ခွာဂိတ်မှာတွေ့ရတဲ့ ခရီးသွားများ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်းက ပြည်ပထွက်ခွာမယ့် လူငယ်အမျိုးသားတွေကို ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီ အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး တချို့ကို အိမ်ပြန်လွှတ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ ရသူတွေက VOA ကို ပြောဆိုပါတယ်။ အခုလို အခြေအနေတွေကြောင့် နိုင်ငံခြားကို ထွက်ခွာဖို့ ပြင်နေ တဲ့ လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၈နှစ်ကနေ ၃၅ နှစ်အောက် ပြည်ပထွက်ခွာမယ့် လူငယ်အမျိုးသားတွေကို အာဏာပိုင်တွေက ရန်ကုန်လေဆိပ်မှာ အထူး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာပါ။ လူငယ်တချို့ကို ထွက်ခွင့်မပေးဘဲ တားမြစ်တာတွေ ရှိနေတဲ့အကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ အထူးသဖြင့်တော့ ပြည်ပထွက်မယ့်လူငယ်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က မှတ်တမ်းတင်ထားတဲ့ စစ်မှုထမ်းစာရင်းမှာ ပါဝင်သူဟုတ်မဟုတ် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက် အလက်စီမံခန့်ခွဲမှုစနစ် (National Services Information Management System) နဲ့ စစ်ကောင်စီက စစ်ဆေးနေတာြဖစ်တယ်လို့ ပြည်တွင်း သတင်းဌာနတွေမှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေထဲ အကျုံးဝင်တဲ့လူငယ်တွေကိုဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာတွေလည်း ရှိနေတာကြောင့် ပြည်တွင်းမှာ လူငယ်တွေ ဆက်လက်နေထိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီအချိန်မှာ ပြည်ပထွက်ခွင့်တွေကို ကန့်သတ်ခံရတာလို့ နိုင်ငံခြားမှာကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးက ပြောပါတယ်။

“တချို့သူငယ်ချင်းတွေဆိုရင် လေဆိပ်ကနေပြီးတော့ ပြန်လွှတ်လိုက်တယ်ဆိုပြီး ကြားနေရတာပေါ့။ ကျနော်တို့အခုနေတဲ့ ရန်ကုန်မှာဆိုရင်လည်း ညဘက် အပြင်ထွက်တာဖြစ်ဖြစ်၊ အတင်းအဓမ္မ ဖမ်းဆီး ပြီးတော့ ငွေတောင်းတာတို့၊ ပြီးတော့ စစ်မှုထမ်းသင်တန်းကျောင်းကို တန်းပို့လိုက်တာတို့ နေ့စဉ်နေ့တိုင်းကြားနေရတာပေါ့။ ဒါတွေကြားရင်လည်း ကိုယ့်ဆီကို ဘယ်နေ့များရောက်မလဲဆိုပြီး စိုးရိမ်တကြီးနဲ့ နေထိုင်နေရတာပေါ့၊ နေ့ခင်းဘက်တွေတောင် အပြင်သိပ်မသွားရဲတဲ့ အခြေအနေပေါ့နော်။”

ပြီးခဲ့တဲ့ လတွေအထိ စစ်မှုထမ်းဥပဒေနဲ့ အကျုံးမဝင်သူတွေအနေနဲ့ လေဆိပ်ကနေငွေပေးပြီး ထိုင်းနိုင်ငံကိုထွက်လို့ရသေးတယ်လို့ ဒီကိစ္စကို ထဲထဲဝင်ဝင် သိတဲ့သူတယောက်က VOA ကို ပြောပါတယ်။ အခုရက်ပိုင်းမှာတော့ ငွေပေးထွက်တာတွေလည်း သိပ်မလွယ်တော့ဘူးလို့ ဆိုပါတယ်။

“နဂိုတုန်းကဆိုရင် ကျန်ခဲ့တဲ့လေးလငါးလကဆိုရင် ဒီဘက်ကသိန်းအစိတ်တောင်းတယ်၊ လမ်းကြောင်းရှင်းခဆိုပြီး သိန်းအစိတ်တောင်းတယ်။ အခု တလောက်ရှိပြီ၊ ရက် ၂၀ နီးပါး၊ တလနီးပါး ရှိသွားပြီ၊ အဲဒါတော့ သူတို့က ညီမတို့ ဒီဘက်ခြမ်းက မောင်တွေညီမတွေရဲ့ အသိတွေအကုန်လုံး တယောက်ကို သိန်း ၄၀ နဲ့ ထွက်နေကြတယ်။ ဒါတော့ သူတို့ဘက်က Surprise Check ဆိုပြီး စစ်တယ် ဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီးတာတောင် သိန်း ၄၀ တော့ ဆုံးမသွားဘူး။ ဒါပေမဲ့ ရက်ရွှေ့ပြီး တော့မှ ပြန်ထွက်ရတယ်ပေါ့နော်။ အခုလို စစ်ကောင်စီက လေဆိပ်တွေမှာ နိုင်ငံခြားထွက်မယ့် လူငယ်တွေကို ပေးမထွက်ခိုင်းတာတွေ၊ ပြန်လွှတ်တာတွေနဲ့ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းတာတွေ ကြားနေမြင်နေရတာကြောင့် လမ်းစပျောက်သလို ဖြစ်နေပြီး ဘာဆက် လုပ်ရမှန်းမသိဖြစ်နေတဲ့ အကြောင်း နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တဦး ကပြောပါတယ်။

“ကျနော်ကတော့ လက်ရှိ ကျောင်းနဲ့ သွားဖို့တော့ လုပ်နေတာပေါ့နော်။ ဒါပေမယ့် လေဆိပ်မှာ ဖမ်းဆီး တယ်၊ ပြန်လွတ်တယ်လို့ ပြောသံကြားတော့ စိုးရိမ်ပူပန်မှုတွေတော့ အများကြီးရှိတယ်ဗျာ။ ဆက်လုပ် ရင် ကောင်းမလား၊ ဆက်မလုပ်ရင် ကောင်းမလားဆိုပြီးဇဝေဇဝါးဖြစ်နေတာရော။ ပြီးရင် လေဆိပ်က ဖမ်းပြီးတော့ စစ်မှုထမ်း တန်းပို့တဲ့အခြေအနေဖြစ်သွားမလားပေါ့နော၊ စိုးရိမ်ပူပန်မှုတွေ အများရှိပါ တယ်ဟုတ်။”

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေ စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် နိုင်ငံပြင်ပကို လူငယ်အများအပြားထွက်ခွာသွားကြသလို ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေလည်း အများကြီးရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တွေကို ပြည်ပထွက်ပြီးတော့ အလုပ်လုပ်ကိုင် ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအကုန်ပိုင်းက ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်တယ်လို့ စစ်ကောင်စီကကြေညာခဲ့တဲ့ ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ တချို့မြို့နယ်တွေမှာ လူငယ်လူရွယ်တွေကို စစ်တပ်က အတင်းအကျပ် ခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

Forum

XS
SM
MD
LG