သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားတွေ ပြည်ပထွက်ခွာမှု စစ်ကောင်စီကန့်သတ်


MOU စာချုပ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများ
MOU စာချုပ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများ

ပြည်ပထွက် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ များလာနေချိန်မှာပဲ ကျွမ်းကျင်လုပ်သားကလွဲပြီး ပြည်ပထွက်ခွင့်မပြုဖို့ စစ်ကောင်စီ အလုပ်သမားရေးဌာနက ညွှန်ကြားလိုက်ပါတယ်။ လုပ်ခလစာနဲ့ အခွင့်အလမ်းတွေအတွက် ပြည်ပထွက် အလုပ်လုပ်ကြသူတွေ များလာတာကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးနေချိန်မှာပဲ မြန်မာအလုပ်သမားရေးဌာနက ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ညွှန်ကြားလိုက်တာပါ။ မြန်မာနိုင်ငံ အလုပ်သမားအရေး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကျွမ်းကျင်လုပ်သားကလွဲပြီး အခြေခံအလုပ်တွေလုပ်မဲ့ သူတွေကို ပြည်ပထွက်ခွင့် မပေးဖို့ မြန်မာ အလုပ်သမားရေးဌာနဘက်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို မကြာသေးခင်ပဲ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ပြည်တွင်းစက်မှုဇုံက အလုပ်သမားတွေ ပြည်ပကို အလုံးအရင်းလိုက် ထွက်ခွာနေချိန်မှာပဲ အခုကြေညာချက် ထွက်ပေါ်လာတာလို့လည်း အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီတချို့က ပြောပါတယ်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (NSSA) ရဲ့ အသိအမှတ်ပြုလက်မှတ် ရထားပြီးသူကိုပဲ ကျွမ်းကျင်လုပ်သားလို့ သတ်မှတ်ပြီး MoUစနစ်နဲ့ စေလွှတ်သွားမယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဂဟေဆော်လုပ်ငန်း၊ ကားဆေးမှုတ်လုပ်ငန်း၊ စက်ချုပ်ကျွမ်းကျင် စတဲ့ အောင်လက်မှတ်တွေ ရထားရမယ်လို့ အေဂျင်စီတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"General worker ကို သူတို့လျှော့တော့မယ်ပေါ့နော်၊ general worker က လုပ်ခလစာလည်း နည်းမယ်ပေါ့နော်။ များသောအားဖြင့် ကိုယ်တို့ဆီက gereral worker ပဲ လွှတ်တာကိုး၊ မြန်မာပြည်က ထွက်သမျှ general worker ပဲထွက်တာ။ skilled worker တွေက နည်းတာပေါ့။ skilled worker တွေက များသောအာဖြင့် ကိုယ့်ဖာကိုယ်သွားတယ်၊ ဟိုမှာအလုပ်ရှာတယ်၊ ကိုယ့် certificate ကိုယ်ယူသွားတယ် ဒါမျိုးတွေ သွားကြတာကိုး။ general woker က အတတ်ပညာတခုခု တတ်သွားရင် ပိုပြီး ဈေးပိုရမယ်ပေါ့။ ဒါမျိုးပုံစံမျိုးပါ။ ဒါက အရင်အစိုးရတွေ ချမှတ်ခဲ့တဲ့ plan ပါ။"

တိုင်းပြည်မှာ လုပ်သားသိပ်မရှိတော့ဘူးဆိုတဲ့ စိုးရိမ်မှုတွေလည်း ဌာနဆိုင်ရာအတွင်းမှာ ရှိနေကြောင်း အေဂျင်စီတချို့က ပြောပါတယ်။ ပြည်တွင်းစက်မှုဇုံတွေမှာ ကျွမ်းကျင်တဲ့ အထည်ချုပ်လုပ်သားဦးရေ ရှားပါးတဲ့ပြသနာနဲ့ ကြုံနေရပြီဆိုပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးက မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။

စက်မှုဇုံတွေမှာ သာမန် အလုပ်သမားတယောက်ရဲ့ လုပ်အားခက ညပိုင်းအထိ အချိန်ပိုဆင်းရင်တောင် တရက်ကို ကျပ် ၁၀,၀၀၀ အထိပဲရပါတယ်။ ဒါကြောင့် ပြည်ပထွက်ချင်တဲ့ အလုပ်သမားတွေ တဖြည်းဖြည်း များလာရတာလို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက ဗွီအိုအေကို ပြောပါတယ်။

"ကျမတို့ မြန်မာပြည်မှာရှိနေတဲ့ လုပ်ငန်းရှင်တွေက အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ထိုက်တန်တဲ့၊ ညီမျှတဲ့ လုပ်ခလစာကို ပေးတယ်ဆိုရင် ဒီလိုမျိုး အလုပ်သမားရှားပါးတဲ့ အခြေအနေကို ဖြစ်လာမှာ မဟုတ်ဘူးပေါ့နော်။ မိသားစုအားလုံးက စားဝတ်နေရေးအတွက် လုံလောက်မှု မရှိတော့ဘူးပေါ့နော်။ ပြည်ပကိုပဲ နည်းမျိုးစုံနဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ခွာ လုပ်ကိုင်ကြတယ်ပေါ့။ နီးစပ်ရာဆို ထိုင်းနိုင်ငံဘက်လာတာတွေ ရှိတယ်၊ နောက် တရုတ်ပြည်ကို မူဆယ်ကတဆင့် သွားပြီးတော့ အလုပ်လုပ်တာတွေ အခုပိုမိုပြီး များလာတယ်ပေါ့။"

စစ်ကောင်စီဟာ ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသာတွေဆီက ငွေပြန်မဝင်လာလို့ နည်းလမ်းမျိုးစုံနဲ့ တရားဝင်ငွေလွှဲလာအောင် စည်းရုံးနေပါတယ်။ ဘဏ်တွေကနေ တရားဝင်ငွေပြန်လွှဲမယ်ဆိုရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေ တင်သွင်းခွင့်ပေးမယ်လို့ သံရုံးတွေကနေ ဒီရက်ပိုင်းထဲမှာ ကြေညာပေးနေတာပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အခုနှစ်စာရင်းအရဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားက ၂ သန်းရှိပြီး အများဆုံးလို့ ယူဆနိုင်ပါတယ်။ တရားဝင် ထည့်မတွက်ထားတဲ့ အရေအတွက်ကလည်း ၂ သန်းနီးပါး ရှိနိုင်တယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG