သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပလုပ်သားခေါ်ယူမှုအစီအစဉ်ပြန်စဖို့ မလေးရှားပြင်ဆင်


မလေးရှားနိုင်ငံမှာ မှာအလုပ်သွားလုပ်ကြတဲ့မြန်မာအလုပ်သမားတွေ ရန်ကုန်လေဆိပ်ကိုပြန်ရောက်လာခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (သြဂုတ် ၈၊ ၂၀၁၅)
မလေးရှားနိုင်ငံမှာ မှာအလုပ်သွားလုပ်ကြတဲ့မြန်မာအလုပ်သမားတွေ ရန်ကုန်လေဆိပ်ကိုပြန်ရောက်လာခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (သြဂုတ် ၈၊ ၂၀၁၅)

မလေးရှားအစိုးရဟာ လအတော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ပြည်ပလုပ်သားခေါ်ယူတဲ့အစီအစဉ်ကို မကြာခင်မှာ ပြန်ပြီးခေါ်ယူသွားဖို့ ပြင်ဆင် နေပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသားတွေအတွက်လည်း အကျုံးဝင်လာမှာ ဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီ လုပ်ငန်းတွေက ပြောပါတယ်။ ဒီသတင်းကို ရန်ကုန်ဘက်က သတင်းပေးပို့ထားတာပါ။

အခုလာမဲ့ နိုဝင်ဝင်ဘာလအစမှာ ပြည်ပလုပ်သား တရားဝင်ခေါ်ယူတဲ့အစီအစဉ်ကို မလေးရှားအစိုးရက ပြန်ပြီးစတင်တော့မယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဗွီအိုအေကို ပြောပါတယ်။

မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးကတော့ သူတို့အနေနဲ့လတ်တလောမှာ စိုက်ပျိုးရေးကဏ္ဍအတွက် အရင်ဆုံးခေါ်သွားမယ်လို့ကြားထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ပြည်ပလုပ်သားတွေကို အလွန်အကျွံခေါ်ခဲ့တဲ့အတွက် ဒီကိစ္စတွေကိုအစိုးရသစ်ကာလမှာ ပြန်ပြီး စစ်ဆေးနေပါတယ်။ ဒီလိုစစ်ဆေးတဲ့ကာလမှာ ပြည်ပလုပ်သား ခေါ်ယူတာအားလုံးကိုလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးက ပိတ်ထားကြောင်း သူကပြောပါတယ်။

"မလေးရှားက ပြန်ဖွင့်မယ်ဆိုတာက agriculture ဖွင့်မယ်။ နောက်နှစ်လနေရင် ဖွင့်မယ်လို့ကြားတယ်။ အကိုတို့လည်းကြားတယ်ပေါ့နော်။ တခြား sector တွေကတော့ မဖွင့်သေးပါဘူး။ စက်ရုံတွေကတော့ ပိတ်ထားတာပေါ့နော်။ အဓိကတော့ ဘင်္ဂလားဒေ့ရှ်ကို demand တွေချပေးလိုက်တာ များသွားတာပေါ့။ တကယ့်တကယ် လူမလိုဘဲနဲ့။ အဲဒီတော့ သူတို့ချထားပြီးသား လူတွေကိုလည်း ဘယ်နှယောက် သွင်းပြီးသွားပြီလဲ၊ တိုင်းပြည်ထဲ ဘယ်နှယောက် ဝင်ပြီးသွားပြီးလဲ။ဒါတွေကို သူတို့ပြန်ချိန်ပြီးတော့မှ အဲဒါကြောင့် ပိတ်ပစ်လိုက်တာ။ ဘယ်နေ့နောက်ဆုံး KDN ရှိတဲ့သူတွေ အကုန်သွင်းကြပါဆိုပြီး ပြောတာပေါ့နော်။ ပြီးသွားတာနဲ့ ပြန်ပြီးတော့ ပိတ်မယ်၊ ပြီးရင် ပြန်စိစစ်မယ် စိစစ်ပြီး အသစ်တွေပြန်တင်တာ သူတို့ပေးမယ်ပေါ့။"

လက်ရှိမှာ အလုပ်ခေါ်စာ မဖွင့်သေးတဲ့အတွက် ဒီကဏ္ဍမှာ ပြည်ပလုပ်သား ဘယ်နှစ်ဦးခေါ်သွားမယ်ဆိုတဲ့ အသေးစိတ်ကတော့ မသိရသေးကြောင်း သူကပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားက ထိုင်းနိုင်ငံပြီးရင် မလေးရှားက ဒုတိယအများဆုံးဖြစ်တယ်လို့ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေ သူတွေက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် လိုအပ်ချက်အတွက် ပြည်ပအလုပ်သမားတွေကို ကန့်သတ်ဖို့ မလေးရှားအသိုင်းအဝန်းထဲမှာ ဖိအားပေးမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာတော့ ပြည်ပလုပ်သားတွေရဲ့ အားကို လိုအပ်နေတုန်းပဲလို့ မြန်မာအလုပ်သမားများအဖွဲ့ (MWO) ရဲ့ဥက္ကဋ္ဌ ဦးအေးလှိုင်က ဗွီအိုအေကို ပြောပါတယ်။

"ဌာနေနိုင်ငံသားတွေ မလုပ်ချင်တဲ့၊ မလုပ်နိုင်တဲ့ construction အလုပ်ကြမ်းတွေ၊ ပြီးတော့ သန့်ရှင်းရေးအလုပ်တွေမြက်ရိတ်တာတို့၊ မြောင်းဖော်တာတို့ အဲလိုမျိုးအလုပ်တွေ နောက် ပန်းခြံ၊ ဥယျာဉ်တွေ ပြုစုပျိုးထောင်တဲ့ အလုပ်သမားတွေ၊ နောက် သီးနှံစိုက်တဲ့ တောင်ယာတွေမှာ အခုအချိန်အထိကတော့ ဒါ အများဆုံးလက်ရှိ ဝင်လာနေတာကတော့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေပေါ့။ ...ဆိုတော့ ဆယ်စုနှစ် တခု၊ နှစ်ခုလောက်ကတော့ ပြည်ပနိုင်ငံ အခြေခံအလုပ်သမားစျေးကွက်ကို အားထားနေရဦးမှာပဲပေါ့ ဆက်ပြီးတော့။"

မလေးရှားကို တရားဝင်အလုပ်လာလုပ်တဲ့ မြန်မာအပါအဝင် ပြည်ပလုပ်သားအားလုံး အခြေခံလစာကို ရင်းဂစ် ၁,၅၀၀သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ မလေးရှားနိုင်ငံကို တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီလောက်မရကြပါဘူး။ လစာရဖို့ တောင်းဆိုတာ၊ ဆန္ဒပြတာတွေကို လုပ်မယ်ဆိုရင် အလုပ်ပြုတ်ဖို့များပြီးဒီနေရာမှာ အစားထိုးဝင်ရောက်မဲ့ မြန်မာနိုင်ငံသား အလုပ်လက်မဲ့တွေ လည်း အများအပြားရှိနေကြောင်း မြန်မာတချို့က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

Forum

XS
SM
MD
LG