သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းမှုစတင်လို့ ကရင် BGF အတည်ပြု


ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ ဒီနေ့စတင် အကောင်အထည်ဖေါ်နေတဲ့အကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဗိုလ်မှူးကြီး စောဒီဒီ ဦးဆောင်ပြီး အဖွဲ့ဝင် ၂၈ ဦးပါ ကျားဖြန့် လူမှောင်ခို ပပျောက်နှိမ်နှင်းရေး အထူးအဖွဲ့တွေကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကရင်နယ်ခြားစောင့်တပ်က မနေ့က ကြေညာချက် ထုတ်ပြန်တာပါ။

ဒီနေ့ BGF ထိမ်းချုပ်ထားတဲ့ ရွေကုက္ကိုလ်နဲ့ အနီးနားဒေသတဝိုက်မှာ ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးတဲ့ပုံတွေ၊ လူတွေကို ဖမ်းဆီးတဲ့ပုံတွေ လူမှုကွန်ယက်တွေမှာ ပျံ့နှံနေပေမဲ့ ဒီပုံတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။ လူဘယ်နှစ်ယောက်ကို ဖမ်းဆီးထားပြီး ဘယ်လို ပြန်ပို့မယ်။ ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို ဗိုလ်မှူးကြီး စောချစ်သူက အသေးစိတ်ပြောဆိုခြင်း မရှိပါဘူး။

နိုင်ငံခြားသားတွေကို ငွေလိမ်ဂိုဏ်းတွေမှာအလုပ်လုပ်ဖို့ ဖျားယောင်း လိမ်ညာခိုင်းစေမှုနဲ့ပတ်သက်နေတယ်လို့ဆိုပြီး ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ခေါင်းဆောင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို ဒီသီတင်းပတ် အစောပိုင်းမှာ တောင်းဆိုထားပါတယ်။ ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ လာမယ့်တနင်္လာနေ့မှာ အပြီးသတ် ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း ထိုင်းအရာရှိတွေက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ BGF ထိန်းချုပ်တဲ့နေရာတွေ အပါအဝင် မြန်မာနယ်ခြား နေရာ ငါးခုကို လျှပ်စစ်မီးနဲ့ စက်သုံးဆီ တင်ပို့တာတွေ ထိုင်းနိုင်ငံက ဆက်လက် ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG