တရုတ်နိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသက ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်း စင်တာအားလုံးကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီလို့ တရုတ် နိုင်ငံက ပြောပါတယ်။ ဘေဂျင်းမြို့တော်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“တရုတ်နယ်စပ်နားက မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းအားလုံးကို အပြီးသတ် ရှင်းလင်းလိုက်ပါပြီ။ ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ ငွေလိမ်ဂိုဏ်းတွေကိုလည်း တရုတ်၊ ထိုင်း၊ မြန်မာ နဲ့လာအိုနိုင်ငံတို့ပေါင်းပြီး နှိမ်နင်းနေပါတယ်။ ပြည်သူတွေထိခိုက်အောင် မကောင်းမှုလုပ်နေသူတွေကို ရှင်းလင်းဖို့နဲ့ အွန်လိုင်းလိမ်လည်မှုတွေရဲ့ အရင်းအမြစ်တွေကို ဖယ်ရှားလင်းလင်းနိုင်ဖို့က ကျနော်တို့ရဲ့ အထူးဆောင်ရွက်ချက်ဖြစ်ပါတယ်လို့” တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောသွားတာြဖစ်ပါ တယ်။
ကိုးကန့်ဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ ကိုးကန့်ခေါင်းဆောင်မိသားစုဝင်တွေကို တရုတ်နိုင်ငံက ဖမ်းဆီး တရားစွဲမှုတွေလုပ်နေပါတယ်။ ဩဇာညောင်းတဲ့ မြီမိသားစုဝင်တွေကို မကြာခင်ကပဲအမှုစစ်ဆေးပြီး အပြစ်ရှိကြောင်း တရုတ်တရားရုံးက ဆုံးဖြတ်ထားပါတယ်။ တရုတ် နိုင်ငံသား သောင်းဂဏန်းအပါအဝင် နိုင်ငံစုံက နိုင်ငံခြားသား သိန်းနဲ့ချီကို မြန်မာနိုင်ငံထဲမှာရှိတဲ့ အွန်လိုင်း ငွေလိမ်စင်တာတွေမှာအလုပ်လုပ်ဖို့ မက်လုံးပေးခေါ်ယူ အတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ထိုင်းနဲ့ တရုတ်အစိုးရ ဖိအားပေးမှုကြောင့် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ KK Park တို့မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား (၇,၀၀၀) ထောင်ထက်မနည်းကို ကရင်နယ်ခြားစောင့် BGF တပ်၊ ဒီမိုကရေစီအကျိုးပြု DKBA တပ်တွေက ကယ်တင်ခဲ့ပါတယ်။ အဲဒီထဲက နိုင်ငံခြားသား တချို့နဲ့ တရုတ်နိုင်ငံသားရာနဲ့ချီကို ထိုင်းနိုင်ငံကတဆင့် နေရပ်နိုင်ငံတွေကို မြန်မာဘက်က ပြန်ပို့နေပါတယ်။
မနေ့ ကြာသပတေးနေ့ကပဲ တရုတ်နိုင်ငံသား (၄၅၆) ယောက်နဲ့ ထိုင်းနိုင်ငံသား နှစ်ယောက်ကို မြန်မာဘက်က ပြန်ပို့ပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ သီတင်းတပတ်ကို နိုင်ငံခြားသား (၁,၅၀၀) ကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။
Forum