သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး ကက်သလစ် ဆရာတော်များတောင်းဆို


ဧရာဝတီမြစ် (ဒီဇင်ဘာ၊ ၀၇၊ ၂၀၀၉)
ဧရာဝတီမြစ် (ဒီဇင်ဘာ၊ ၀၇၊ ၂၀၀၉)

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ ကက်သလစ် ခရစ်ယာန်ဆရာတော်တွေရဲ့တောင်းဆိုမှုကို ဒီစီမံကိန်းအတွက် တာဝန်ရှိသူအားလုံး အလေးအနက်ထား စဉ်းစားပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန် ဆရာတော်ကြီးများအဖွဲ့ချုပ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကြေညာချက် ထုတ်ပြန်အပြီး အခုလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ကချင်ပြည်နယ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်လို့ ရရှိလာမယ့် အကျိုးအမြတ်ထက်စာရင် လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက အဆမတန် ပိုများနိုင်တာကြောင့် ဧရာဝတီမြစ်ကို မှီခိုနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအကျိုးကို မျှော်တွေးပြီး မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းသင့်တယ်လို့ မြန်မာနိုင်ငံတွင်း သာသနာနယ်(၁၆)ခုက ကက်သလစ် ခရစ်ယာန် ဆရာတော်ကြီးတွေက ဇွန်လ ၈ ရက် နေ့ထုတ် ကြေညာချက်မှာ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့ရင် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုနဲ့ စားဝတ်နေရေး အကြပ်အတည်းတွင်းကို တွန်းပို့သလိုဖြစ်ပြီး လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းရမှု စတဲ့ ကြေကွဲဖွယ် ကပ်ဘေးဆိုးကြီးနဲ့လည်း ရင်ဆိုင် ရဖွယ်ရှိတယ်လို့ ထောက်ပြထားပါတယ်။

ကက်သလစ်ခရစ်ယာန် ဆရာတော်ကြီးတွေရဲ့ အခုလို စိုးရိမ်မှုနဲ့ တိုက်တွန်းမှုတွေကြောင့် မြစ်ဆုံစီမံကိန်းအတွက် တာဝန်ရှိသူအားလုံးက အလေးအနက်ထား စဉ်းစားပေး လာကြလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ ဦးဂွန်ဆမ်က ပြောပါတယ်။

"ဘာဖြစ်လို့လည်းဆိုတော့ ဒါကမတူတာက ကျနော်တို့ ဘယ်ဘာသာ အသင်းတော်မှာမှ ဒီသံရုံးတို့၊ သံတမန်ရေးတို့ဆိုတာ မရှိဘူး။ ဒီကက်သလစ်အသင်းတော်တခုမှာပဲ သံခင်း၊ သံတမန်ခင်းဆိုတာ ရှိတယ်ဗျ။ ကျနော်တို့ ဗမာပြည်နဲ့ ပတ်သက်ပြီးတော့မှ တကယ့်ကို အခက်အခဲကြုံနေတဲ့ အချိန်တွေမှာ ဒီအနောက်နိုင်ငံတွေကို ထိထိရောက်ရောက် သူတို့ဆက်ဆံမှုရှိတယ်။ နောက်တခုကတော့ အများကြီးသြဇာရှိတဲ့ အသိုက်အဝန်း၊ အဖွဲ့အစည်းစုံကတော့ ကက်သလစ်အသင်းတော် ဖြစ်ပါတယ်။ အဲ့လိုဆိုတော့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ လုံးဝ အလေးထား စဉ်းစားမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ် ခင်ဗျ။ ကျနော်တို့ရဲ့ ဒီတောင်းဆိုမှုတွေဘာတွေကတော့ ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်မှသာ ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒီကက်သလစ်အသင်းတော်ရဲ့ တောင်းဆိုမှုမှာ ဒီတကမ္ဘာလုံးနဲ့ ဆိုင်ပါတယ်ခင်ဗျ။ အဲ့လိုဆိုတော့ သူတို့ကနေပြီးတော့ ထုတ်ပြန်တဲ့ ကြေငြာချက်၊ သူတို့ကနေပြီးတော့ ပြောဆိုတဲ့ဟာတွေက တကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ပြီးတော့မှ သက်ရောက်မှု ရှိလာနိုင်တယ်။"

မြစ်ဆုံရေကာတာတည်ဆောင်ခဲ့ရင် ဧရာဝတီမြစ်ကြမ်းပြင် အောက်မှာရှိနေတဲ့ ပြတ်ရွေ့ကြောကို ဖိအားပိုများလာစေမှာဖြစ်ပြီး ကြီးမားတဲ့ ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာစေနိုင်ကြောင်း စီမံကိန်းနဲ့ဆိုင်တဲ့ ဆိုးကျိုးတွေကို သိပ္ပံပညာရှင်တွေကရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကပါ သတိပေးနေကြတယ်လို့ ကက်သလစ်ဆရာတော်တွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာတော့ ဥက္ကဋ္ဌဆရာတော် ဖိလစ်လျန်ခန်းထန် အပါအဝင် ကာဒီနယ် ချားလ်စ်ဘိုလည်း ပါဝင်ပြီး အထက်မြန်မာပြည်ကနေ အောက်မြန်မာပြည် မွန်ပြည်နယ် ကရင်ပြည်နယ်အထိ ခရစ်ယာန်ဆရာတော် ၁၉ ပါး လက်မှတ်ရေးထိုးကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG