သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားဆန္ဒပြသတင်းယူသူ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ


ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ အချုပ်ကားတစီး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ အချုပ်ကားတစီး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရတာအပြင် ဖိနှိပ်ကန့်သတ်မှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးဖိနှိပ်နေတာမှာ ဒီနေ့ပဲ မြစ်ကြီးနားမြို့က အေးစေတီသပိတ်အကြောင်း သတင်းရယူနေတဲ့ Kachin Waves သတင်းနဲ့ The 74 သတင်းဌာနတွေတို့က သတင်းထောက် နှစ် ယောက်ဖမ်းခံခဲ့ရတယ်လို့ Kachin Waves သတင်းဌာနက အတည်ပြုထားပါတယ်။

ခုလိုသတင်းလိုက်ရင်း အရင် ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲက တချို့ဆို ဘယ်နားမှာ ဖမ်းဆီးခံထားရသလဲဆိုတာ မသိရတာ၊ မိသားစုဝင်တွေနဲ့ တွေ့ခွင့် မရတာတွေအပြင်၊ ဖိနှိပ်မှုတွေနဲ့ပါ ရင်ဆိုင်ကြုံနေရတယ်လို့ မိသားစုတွေက ပြောပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်း၊ မြေနီကုန်းနားမှာ ဆန္ဒပြပွဲသတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ Myanmar Now သတင်းထောက် မကေဇင်နွေးရဲ့ ကျန်းမာရေးအခြေအနေ ချို့တဲ့နေပြီး၊ မိန်းကလေးတယောက်အတွက် ထောင်ထဲမှာ လုံခြုံမှုမရှိသလို ခံစားနေရကြောင်း အင်းစိန်ထောင်မှာ သူနဲ့အတူ နေခဲ့ရသူ တဦးက ပြန်လွတ်လာချိန်မှာ လူမှု မီဒီယာမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မကေဇင်နွေးရဲ့ အမှုအကျိုးဆောင် ရှေ့နေဒေါ်နီလာခိုင်က မကေဇင်နွေး လက်ရှိကြုံနေတဲ့ အခြေအနေကို ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ကေဇင်နွေးနဲ့ ကျမတွေ့တဲ့အချိန်မှာ သူပြောတာကတော့ ဝမ်းသွားနေတယ်။ ဝမ်းမကောင်းဘူး။ ဝမ်းလျှောနေတယ်။ ပထမဆုံးရုံးချိန်းနေ့မှာ video conferencing နဲ့ ပြောတာ။ ထောင်မှာလည်း ကုသပေးတဲ့ ဆရာဝန်ရှိတယ်လို့တော့ ထောင်ကပြောတယ်။ ဒါပေမဲ့ သူက ယုံကြည်မှုမရှိလို့ အဲဒီဆရာဝန်နဲ့ မကုဘူး။ မကုဘဲနဲ့ သူဒီတိုင်းပဲ နေမယ်ဆိုပြီးတော့ ပြောပါတယ်။ သူအထဲမှာတော့ လုံခြုံလားဆိုတော့ စောစောကလိုလေ... ဒီ ထောင်ဆိုတော့ ထောင်ရဲ့ ပုံစံပေးတာတွေတော့ရှိတယ်ပေါ့နော်။ အဲဒါတွေတော့ သူပြောပြပါတယ်။"

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ က ညအချိန်မတော်မှာ ကမ္ဘောဇတိုင်းသတင်းဌာနက အမျိုးသမီးသတင်းထောက် နှစ် ဦး အပါအဝင် ၅ ဦး ဖမ်းခံရပေမဲ့ ခုချိန်ထိ ဖမ်းဆီးခံရတဲ့ နေ့ကဒီနေ့ထိ မိသားစုတွေ တွေ့ခွင့်မရဖြစ်နေတာ ကမ္ဘာဇတိုင်းသတင်းဌာနက အယ်ဒီတာ ချုပ်ကပြောပါတယ်။

"ဘယ်လိုဘဲဖြစ်ဖြစ် အကြောင်းအမျိုးမျိူးပြပြီး ဖမ်းဆီးတယ်ပဲပြောပြော၊ တရားသည်ဖြစ်ဖြစ်၊ မတရားတာဖြစ်ဖြစ် အနည်းဆုံး ရှေ့နေနဲ့ တွေ့ဆုံခွင့်ပေးရမယ်၊ နောက် မိသားစုဝင်တွေ။ သူတို့ရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေ တခုခုအတွက်ပေါ့ ... မိသားစုဝင်နဲ့တော့ တွေ့ဆုံခွင့်ပေးသင့်တာပေါ့။ တွေ့ဆုံခွင့်မပေးရင်တောင်မှ နောက်ကလိုအပ်တဲ့ ထောက်ပံ့မှု.... ဥပမာ အဝတ်အစား၊ အမျိုးသမီးတွေဆိုရင် ညပိုင်းဖမ်းဆီးခံရတဲ့အတွက် အဝတ်အစားတော့ အနိမ့်ဆုံးလိုအပ်မှာပေါ့။ အနိမ့်ဆုံးတော့အဲ့ဒါလောက်တော့ ဘယ်လိုပဲ မတရားဘူးပဲထင်ထင်၊ အကြမ်းဖက်တယ်ပဲထင်ထင်... အဲဒါလေးတော့ ဖြည့်ဆည်းပေးသင့်တာပေါ့။ သတင်းမီဒီယာအားလုံးကတော့ အခုက အများစုဆိုပေမဲ့အားလုံးနီးပါးပါပဲ... အကုန်လုံးကတော့ တိမ်းရှောင်နေရတဲ့ အနေအထား။ အဓိကကတော့ မီဒီယာကို ဖြိုခွဲနေတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်တယ်။ အကြီးပိုင်းတွေပေါ့.. အယ်ဒီတာချုပ်တို့၊ တာဝန်ခံ အယ်ဒီတာတို့ကို မတရားဖမ်းဆီးနေတဲ့ အနေအထားမျိုးပါ။"

ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဘက်က သတင်းထောက်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာမှာ Press လို့ စာသားပါတဲ့ ဦးထုပ်၊ အင်္ကျီတွေအပြင် သတင်းထောက် အမှတ်အသားပါ စာသားတွေ ဝတ်ဆင်ထားရက်နဲ့ ဦးတည် တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် မြေပြင်သတင်းရယူဖို့ အတော်လေးခက်ခဲလာတယ်လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က နေပြည်တော်မှာ သတင်းရယူချိန် အဖမ်းခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် မဇ္ဈိမသတင်းထောက် ကိုသန်းထိုက်အောင်ဆိုလည်း စစ်ကြောရေးမှာ ရက်အတန်ကြာ စစ်ဆေးပြီးတဲ့နောက်၊ မတ် ၂၇ ရက်နေ့မှာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းကို ပို့လိုက်ပြီး ရမ္မာန်ယူ ထပ်ချုပ်လိုက်တယ်ဆိုတဲ့ သတင်းသာကြားရပြီး ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ သူ့ဖခင်ကပြောပါတယ်။

"ပထမတုန်းက သူကစစ်ကြောရေးမှာ။ စစ်ကြောရေးကနေပြီးတော့ နေပြည်တော် ဇမ္ဘူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းကို ရမ္မာန် ၁၄ ရက်ယူပြီး ပို့ပါတယ်။ အဲဒါ ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူး။ ဒါပေမဲ့ ဆေးတို့၊ အဝတ်အစားတွေတော့ ပို့ပေးလိုက်တာတော့ သူတို့ရောက်တယ်လို့တော့ ပြောကြတာပဲ။ အခုအချိန်ထိတော့ ပုဒ်မ မတပ်သေးဘူးလို့တော့ သိထားတယ်။ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့တော့ ပြောတယ်ပေါ့နော်။ ကျနော်တို့လည်း မမြင်ရမတွေ့ရသေးဘူးလေ။ ကျနော်တို့ကတော့ ကိုယ့်သားလေးကို ကိုယ့်ရင်ခွင်ထဲပဲ အမြဲတမ်း တောင်းဆိုကြရတာပေါ့ဗျ။ အဲဒါပဲ သိရပါတယ်။ ကျန်တာတော့ ဘာမှ မသိရဘူး။ ကျနော်တို့လည်း မသွားတတ်၊ မလာတတ်ဆိုတော့ ဘာလုပ်ရမှန်းကို မသိဘူးပေါ့နော်။"

မဇ္ဈိမအယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နဲ့ BBC သတင်းထောက် ကိုအောင်သူရ တို့ကို မတ် ၁၉ ရက် နေ့လယ်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ သတင်းလိုက်နေစဉ် အရပ်ဝတ်နဲ့ စစ်ထောက်လှန်းရေးတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အမည်မသိ နေရာတစ်ခုမှာ သီးသန့်စီ လူခွဲစစ်ဆေးခဲ့ပြီးတဲ့နောက် မတ်လ ၂၂ ရက်နေ့မှာ ကိုအောင်သူရကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ကိုသန်းထိုက်အောင်ကို ဆက်လက်ဖမ်းဆီးထားတာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သတင်းထောက် ၅၀ လောက် သတင်းရယူနေချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၀ ယောက်ထက် မနည်းကတော့ တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG