သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း လုံးဝရပ်တန့်ဖို့ ဒေသခံတွေတောင်းဆို


မြစ်ဆုံစီမံကိန်း
မြစ်ဆုံစီမံကိန်း

ဧရာဝတီ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတဲ့ ၇နှစ် ပြည့်ချိန်မှာ ဒေသခံတွေက ဒီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ အချိန်တန်ပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြသလို စီမံကိန်းရပ်ဆိုင်းရေးအတွက် တပြည်လုံးက သဘောထားဆန္ဒတွေ ရယူပြီး နိုင်ငံတော် သမ္မတထံကို တင်ပြသွားဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၇ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေက ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ စက်တင်ဘာ ၃၀ ရက်နေ့မှာ ၇နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မြစ်ဆုံမှာ ဆုတောင်းပွဲတရပ် ကျင်းပပြီး ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးတူးခေါင်က အခုလို ပြောပါတယ်။

“ ကျနော်တို့ အချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ကျင်းပတာ။ အခု ဒီမြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ အချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ် ရည်ရွယ်ချက်ဖြင့် ကျင်းပတာ။ ဘာကြောင့်လဲဆိုတော့ ယာယီရပ်ဆိုင်းတာ ၇နှစ်ရှိသွားပြီ။ အခုဆိုရင် အစိုးရအနေနဲ့လည်း စဉ်းစားဖို့ အချိန်တန်ပြီ။ ပြည်သူလူထုရဲ့သဘောထားဆန္ဒကို ရွေးချယ်မလား။ တရုတ်ရဲ့သဘောထားဆန္ဒကို ရွေးချယ်မလားဆိုတာ လုံးဝအချိန်တန်ပြီပေါ့နော်။ အစိုးရအနေနဲ့ ဒီလို ပြည်သူလူထုသဘောထားဆန္ဒကို အခုထိ မသိဘူးလားပေါ့။ သိရဲ့သားနဲ့ ဒီလို အချိန်ဆွဲနေမယ်ဆို ဒါက ပြည်သူလူထုကို လှည့်စားရာလည်း ရောက်ပါတယ်ပေါ့။ ဒါ အစိုးရအနေနဲ့ လုံး၀ တာဝန်ရှိပါတယ်ပေါ့။ ”

၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း စာချုပ်ကို သိရရင် ပြည်သူတွေကို ချပြမယ်လို့ ပြောဆိုခဲ့ကြောင်း၊ အစိုးရဖွဲ့ပြီးနောက်မှာ မြစ်ဆုံစီမံကိန်းဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ဒါပေမဲ့လည်း မြစ်ဆုံးစီမံကိန်းနဲ့ပတ်သက်လို့ စာချုပ်ပါ အချက်တွေနဲ့ ကော်မတီရဲ့ တင်ပြချက်တွေကို ပြည်သူတွေအနေနဲ့ သိပ်မသိတဲ့အကြောင်း ဦးတူးခေါင်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးက သဘောထားဆန္ဒတွေနဲ့ အတည်ပြု ထောက်ခံချက်ရယူပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြသွားမယ်လို့လည်း ဆက်ပြောပါတယ်။

“ အဓိကက ဒီမြစ်ဆုံစီမံကိန်းကို လုံး၀ ရပ်ဆိုင်းဖို့ရယ်။ ပြီးတော့ ကိုယ့်ရဲ့နယ်မြေ ကိုယ့်ဒေသကို ဘဝလုံခြုံစွာ နေထိုင်ရေးရယ်။ ပြီးတော့ ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါဘဲနဲ့ ဘယ်စီမံကိန်းမဆို ကျနော်တို့က လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ဟာကို ကျနော်တို့က အဓိက ထားမှာပေါ့နော်။ ဒီသဘောထားကို တနိုင်ငံလုံးအတိုင်းအတာနဲ့ သဘောထားဆန္ဒတွေကို အကုန်လုံး ရယူပြီးတော့ statement တခုအနေနဲ့ ထုတ်မယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့အစည်း၊ ပြည်သူလူထုနဲ့ endorsement လုပ်ပြီးတော့ ဒီဟာနဲ့ ပူးတွဲပြီးတော့ နိုင်ငံတော် သမ္မတဆီကို စာတင်ဖို့ အစီအစဉ်ရှိပါတယ်။ ”

ပြီးခဲ့တဲ့လပိုင်းတွေကလည်း မြစ်ဆုံစီမံကိန်းပြန်လည်စတင်နိုင်ဖို့ တရုတ်ကုမ္ပဏီဘက်က ဒေသခံပြည်သူတွေကို ရှင်းလင်းတာတွေ၊ ကူညီထောက်ပံ့တာတွေ ရှိလာကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်နိုင်ငံက မြစ်ကျဉ်းသုံးသွယ်စီမံကိန်းကို လေ့လာဖို့ ဖိတ်ကြားရာမှာ မြစ်ဆုံစီမံကိန်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ရှင်းလင်းရှာမှာ တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ သန်း ၆၀၀ လောက် ရင်းနှီးထားပြီးဖြစ်ကြောင်း။ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရင် ဒီကုန်ကျငွေအတွက် တစ်နှစ်ကို အတိုးငွေ ဒေါ်လာ သန်း ၅၀ပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေအပေါ် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆောင်ရွက်လာနိုင်တဲ့အခြေအနေကို ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။

“ ဒီစီမံကိန်းနဲ့ပတ်သက်လို့ တကယ်လို့ ဖျက်ချင်ရင် သူတို့ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ပြန်လျော်ပေးဖို့။ ကျနော်တို့ဘက်ကလည်း ဒေါ်လာသန်း ၅၀၀- ၆၀၀လောက်ကို ပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်။ တစ်နှစ်ချင်း ဘဏ်တိုးနှုန်းပေးဖို့ ကိစ္စမှာလည်း အခက်အခဲရှိနေတယ်။ အဲတော့ ပြည်သူတစ်ရပ်လုံးကတော့ မြစ်ဆုံမှာ ရေကာတာဆောက်တာကို ဝိုင်းဝန်းပြီး ကန့်ကွက်နေကြတယ်။ ဒါပေမဲ့ အစိုးရအကျပ်အတည်းက အဲလို ရှိနေတယ်။ ဗမာပြည်ဘက်ကလည်း ဗမာပြည်အကျပ်အတည်း။ တရုတ်ကလည်း သူ့ အကျပ်အတည်းသူ ပြောတာပေါ့ဗျာ။ အဲတော့ အဲဒီကိစ္စမှာ မြစ်ဆုံမှာတော့ မလုပ်နဲ့ တခြားသော အစိတ်အပိုင်းလေးတွေနဲ့ အစားထိုး ဖြေရှင်းတာမျိုး အဲလိုပုံစံတော့ ရှိလာနိုင်မယ်လို့ ကျနော်ကတော့ မှန်းဆကြည့်မိပါတယ်။”

ဧရာဝတီမြစ်ဆုံဟာ ကချင်အမျိုးသားတွေရဲ့ သဘာဝယဉ်ကျေးမှုအမွေအနှစ်တခုဖြစ်သလို စီမံကိန်းတည်ဆောက်မယ့်နေရာဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ နီးစပ်နေပြီး ငလျင်လှုပ်ခတ်လို့ ဆည်ကျိုးပေါက်ရင် ဧရာဝတီမြစ်အောက်ပိုင်းမှာ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်ပေါ်နိုင်တယ်ဆိုပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက သတိပေး ပြောဆိုထာပါတယ်။ တရုတ်ကုမ္မဏီတွေဘက်ကတော့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ တရုတ်-မြန်မာ ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲမှာ မကြာခဏဆိုသလို ဆွေးနွေး တောင်းဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG