သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြား၊ ပန်းမြောင်းရွာ လက်နက်ကြီးကျ လူသေဆုံးဒဏ်ရာရ


မြန်မာစစ်သားတချို့ ရခိုင်ဒေသ ကင်းလှည့်စဉ်။ (မှတ်တမ်းဓာတ်ပုံ)
မြန်မာစစ်သားတချို့ ရခိုင်ဒေသ ကင်းလှည့်စဉ်။ (မှတ်တမ်းဓာတ်ပုံ)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲရက်ဆက် ဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်အတွင်း ဒီကနေ့ ပန်းမြောင်းကျေးရွာအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတချို့ သေဆုံးပြီး လူကြီးတချို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်က ရခိုင်လက်နက်ကိုင်အဖွဲ့ကို စွပ်စွဲထားပြီး ဒေသခံတွေကတော့ မြန်မာစစ်တပ်ဘက်က ပစ်တာဖြစ်တယ်လို့ အခိုင်အမာပြောနေတာပါ။ VOA သတင်းထောက် နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ ဒီနေ့မနက် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသားတွေနဲ့ အမျိုးသမီးတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“တို့ပန်းမြောင်းရွာ အလယ်လောက်မှာပေါ့။ အဲဒီဘုရားစေတီပေါ်မှာ လက်နက်ကြီးအထိုင်ချပြီးတော့ ပစ်နေတာ မြန်မာစစ်တပ်ကပေါ့။ ရွာရဲ့အပြင်ဘက် တောတန်းတွေကို ပစ်နေတာ။ မနက်ကတည်းက ပစ်နေတာ။ အဲဒါ ဒီနေ့မနက် (၁၀) နာရီခွဲလောက်မှာ ပစ်လိုက်တဲ့ လက်နက်ကြီးတလုံးက ရွာအပြင်မထွက်ဘဲ ရွာထဲကိုကျတာ။ ပြီးတော့ ကွဲတာပေါ့။ ရွာထဲမှာ မိသားစု ထမင်းစားနေတာ အဲဒီအိမ်မှာထိတာ။ ကလေး (၃) ယောက်ဆုံးသွားပြီး။ ကျောင်းသူ (၁၀) တန်း တယောက်ပေါ့။ ပြီးတော့ (၄) တန်းကျောင်းသားတယောက် မူကြိုကျောင်းသားတယောက် နောက် လူကြီး (၃) ယောက်ကတော့ အခုဒဏ်ရာပြင်းလို့ မြောက်ဦးဆေးရုံ သွားနေတယ်ခင်ဗျ။”

ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာဘုရားတောင်ကုန်းပေါ်မှာ အထိုင်ချထားတဲ့ မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေမှုအတွင်း ချိန်သားလွဲသွားတဲ့ လက်နက်ကြီးကျည်တလုံး ရွာအတွင်း ကျရောက်ပေါက်ကွဲသွားလို့ ကျောင်းသား (၃) ယောက်သေဆုံးပြီး အမျိုးသမီး (၃) ဦး အပါအဝင် စုစုပေါင်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ကြာသပတေးနေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေသလို AA အဖွဲ့ရှိမယ်လို့ ထင်ရတဲ့ တောင်တွေအပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံရွာသားတွေကတော့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကျည်လို့ ပြောဆိုနေပေမယ့် မြန်မာစစ်တပ် နေရာယူထားတဲ့ ပန်းမြောင်းရွာအတွင်း AA အဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ နယ်မြေရှင်းတဲ့တပ်က အဲဒီ ပန်းမြောင်းရွာ ဘုန်းကြီးကျောင်းမှာ လောလောဆယ် အဲဒီမှာ တောင်ကုန်းပေါ်ကနေ အဲဒီမှာနေတာ။ပန်းမြောင်းရွာဆိုတာ AA ရဲ့ အခြေခံ တည်ဆောက်ထားတဲ့ ရွာပဲလေ။ ပန်းမြောင်းရွာထဲကို ကျွန်တော်တို့တပ်ကို ယာယီလှုပ်ရှားအနေနဲ့ အဲဒီနားမှာထားလိုက်တာ။ ထားတဲ့အခါကျတော့ သူတို့ရဲ့ အဓိကပင်မ နေရာကြီးကို ကျွန်တော်တို့ ထိန်းချုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ တော်တော်အခက်ခဲဖြစ်သွားတဲ့သဘောရှိတယ်။ AA သောင်းကျန်းသူတွေက အရှေ့ဘက်ကနေပြီးတော့မှ အဲဒီလုံခြုံရေးတပ်ဖွဲ့တွေရှိတဲ့ရွာထဲကို လှမ်းပစ်တာ။ ပစ်တဲ့အခါကျတော့ AA ပစ်တဲ့ဒုံးက ရွာအစပ်မှာကျပြီးတော့ (၃) ယောက်သေတယ် (၃) ယောက် ဒဏ်ရာရတယ်။”

ပန်းမြောင်းရွာအတွင်း ပစ်ခတ်မှုဟာ AA အဖွဲ့ရဲ့လက်ချက်လို့ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်အပေါ် AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလို ငြင်းဆန်ခဲ့ပါတယ်။

“ဗမာစစ်တပ်ကနေပြီးတော့ ဒါ အရှက်သိက္ခာမဲ့စွာနဲ့ ပြောင်လိမ်တာလို့ ပြောလို့ရတာပေါ့ဗျာ။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘူး ဒီမနက်မှာ။ ဗမာစစ်တပ်ကနေပြီးတော့ ပန်းမြောင်းရဲ့ရွာဘေးက တောင်ပေါ့။ အောင်မင်္ဂလာတောင်ဆိုတာ။ အဲဒီ စေတီတောင်ပေါ်ကနေပြီးတော့မှ သူတို့ လက်နက်ကြီးနဲ့ နေပြီးတော့ ရွှေကျင်ဘက်တောင်ကုန်းတွေ နောက်တခြားနေရာတွေ အဲဒီဘက်ကို လှမ်းပြီးတော့ သူတို့ပစ်နေတာ။ ပန်းမြောင်းရွာထဲကို လာထိတာပေါ့နော်။ သူတို့ ဒီရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာလို့ ပြောလို့ရတယ်။ ဗမာစစ်တပ်ကနေပြီးတော့ ပြည်သူတွေကိုအကြောက်တရားတွေ လွှမ်းမိုးလာအောင် နောက် လူမျိုးရေးအရနေပြီးတော့ သူတို့ အမုန်းတရားတွေအပေါ်မှာ အခြေခံပြီးတော့မှ ဒါ ရွာသားတွေကို သေကျေ အနာတရဖြစ်အောင် တမင်သက်သက်ရည်ရွယ်ပြီးတော့မှ ပစ်ခတ်တယ်လို့ ကျွန်တော်တို့ဘက်ကတော့ အဲဒီလိုပဲမြင်တယ်ဗျ။”

ပန်းမြောင်းကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်နေတဲ့အပေါ် ပန်းမြောင်းရွာ ရွှေဖောင်တင်ကျောင်းဆရာတော် ဦးပညာဝံသက အခုလိုမိန့်ပါတယ်။

“ဘုန်းဘုန်းတို့တော့ စိတ်မကောင်းဘူးပေါ့။ လက်နက်တွေက မလိုအပ်ဘဲလုပ်တာ။ လိုအပ်တယ်ဆိုရင် ကိစ္စမရှိဘူး။ တပ်မတော်က ကျည်ဆန်ကို အလကားရသလို ပစ်နေတယ်။အလကားလျှောက်ပစ်နေတယ်။ လူ (၇) ယောက် ဒဏ်ရာ ရသွားတာ (၃) ယောက်သေပြီး။ တိုက်ပွဲဖြစ်ချိန်မို့ ပစ်ရင်ကိစ္စမရှိဘူးလေ။”

တခြား ပန်းမြောင်းရွာသားတဦးကတော့ မြန်မာစစ်တပ်ကနေ ပစ်ခတ်တာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ကျွန်တော်တို့ ပန်းမြောင်းရွာထဲမှာ AA တွေမရှိပါဘူး။ AA ကိုပစ်တာက သူတို့က AA ရှိတဲ့နေရာကို မသွားဘူးလေ။ ရွာထဲမှာ ရွာသားတွေကို ခုတုံးလုပ်ပြီးမှ ဒီလိုလုပ်ခဲ့တာ။ တပ်မတော်က ပစ်တာပါခင်ဗျာ။ တပ်မတော်။”

စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပေါ် မဖြစ်သင့်ကြောင်း မင်းပြားမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လအထိ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံးကနေ စာရင်းကောက်ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG