သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မှုတွေနဲ့ကြုံ


စစ်ရေးပဋိပက္ခဖြစ်ပွားဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို၊ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေနဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။ ဒီနေ့အစောပိုင်းမှာ လည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ထိခိုက်မှုတချို့ရှိခဲ့ကြောင်း၊ တပ်မတော်နဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့တုန်းကလည်း ကျောက်တော်မြို့မှာ ရဲအရာရှိတဦး ဓားထိုး တိုက်ခိုက်ခံခဲ့ရသလို၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က အပြည့်အစုံပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒီရက်တွေမှာ တိုက်ပွဲတွေ လက်နက်ကြီးပစ်ခတ်မှုတွေ ဗုံးပေါက်ကွဲမှုတွေအပြင်၊ ရဲအရာရှိတဦး ဓားထိုးတိုက်ခိုက်မှု တခုနဲ့လည်း ကြုံခဲ့ရပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ပုဏ္ဏားကျွန်းမြို့နယ် ပျဉ်းတောနဲ့ဗန်ဗွေးရွာအကြား ရဲယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့လည်း ဗန်ဗွေးရွာသားတဦးက ပြောပါတယ်။

“ပုဏ္ဏားကျွန်းနယ် ပျဉ်းတောအနားမှာ။ မိုင်းခွဲတာလေ။ တလုံးခွဲတာ။ ထိခိုက်မှုက ဒဏ်ရာနှစ်ယောက်ရတယ်တဲ့။ ရဲကားဘဲ (၇)စီး။ သူတို့က ကားသွားရင် ရွေးဖောက်တာမဟုတ်လား။ အဲတာဖြစ်မှာပါ။”

စစ်တွေမြို့ကိုအပြန် ပုဏ္ဏားကျွန်းအဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ရဲအရာရှိတဦး ကျဆုံးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မိုင်းခွဲတိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗွီအိုအေကို အတည်ပြုခဲ့ပါတယ်။

“မိုင်းခွဲတာတော့ ဒီနေ့(၁၀)နာရီခွဲမှာ ကျောက်တော်အထဲကိုသွားတဲ့ ရဲတွေယာဉ်တန်းမှာ ဗုံးခွဲခံရတာရှိတယ်။ ကားတော့နည်းနည်း ပျက်စီးသွားတယ်။ ရဲကစစ်သည်တချို့ ဒဏ်ရာရသွားတာရှိတယ်။”

မနေ့ညနေပိုင်းမှာလဲ ကျောက်တော်မြို့ ဆိပ်ကမ်းရုံးအနီး ကမ်းနားလမ်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး စောသန်းလွင် ဓားထိုး တိုက်ခိုက်ခံခဲ့ရကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့ကကျောက်တော်သင်္ဘောဆိပ်မှာ သူတို့ကိစ္စတခုသွားရင်းနဲ့ အင်ဂျင်နီယာ အဖွဲ့တွေ ပြန်လာတာကိုသွားကြိုရင်းနဲ့ အဲဒီမှာ တယောက်ကဒါးနဲ့နောက်ကြောကိုထိုးတယ်။ (၃)ချက်။”

ဓားထိုးတိုက်ခိုက်သူကို လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့လည်းဆိုပါတယ်။ ဓားထိုးခံခဲ့ရတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ကတော့ လတ်တလော စစ်တွေဆေးရုံမှာ ဆေးကုသမှုခံနေရကြောင်း ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်း ကပြောပါတယ်။

“စခန်းမှူးနဲ့ကျွန်တော်အဆက်သွယ်လုပ်ကြည့်တဲ့အခါမှာ စစ်တွေဆေးရုံမှာရှိနေတယ်။ ဆေးကုသမှုခံနေတယ်ပေါ့။ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ပြောတယ်။ ကျောက်တော်စခန်းမှူးနဲ့ကျွန်တော် ဆက်သွယ်ပြီးတော့ သတင်းမေးကြည့် တာလေးပေါ့။”

မနေ့ကလဲ မင်းပြားမြို့အတွင်း လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့ရာက တဦးသေဆုံး၊ တဦးဒဏ်ရာရခဲ့ကြောင်း မင်းပြားမြို့ကျန်းရိပ်ကရုဏာ ဖေါင်ဒေး ရှင်း တာဝန်ခံဦးသိန်းထွန်းက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ မင်းပြားမြို့ ဆင်ကြီးပြင်တောင်ကျော်လမ်းဘုန်းကြီးကျောင်းနားမှာ အဲဒီမှာအိမ် လေးငါးခြောက်ဆောင် ခုနှစ်ဆောင်ရှိတယ်။ အဲတာမှာညတုန်းက စစ်တပ်ကပစ်လို့ကျတယ်ဆိုပြီး သူ့ယောကျ်ားက ဆုံးသွားတယ်။ မိန်းမက တော့ဒဏ်ရာရတယ်။”

သေဆုံးသွားတဲ့သူဟာ ခွင့်ပြန်လာတဲ့ စစ်တပ်ကတပ်ကြပ်ကြီးတဦးလို့ သတင်းထွက်ပေါ်နေသလို မှန်မမှန် စီစစ်နေ ဆဲ လို့မင်းပြား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။

“ကြားသတင်းကတော့ တယောက်ဆုံးပါတယ်လို့ ပြောပါတယ်ခင်ဗျ။ ယောကျ်ားလေး ဆုံးတယ်လို့ပြောပါတယ်။ အခုသွားပြီး စီစစ်အတည်ပြုနေကြတုန်း။ သက်ဆိုင်ရာသူတို့ အဖွဲ့အစည်းတွေ နဲ့ အတည်ပြုနေတုန်းဗျ။”

ဒီကနေ့မှာ မင်းပြားမြို့နယ် တံခွန်တိုင်နဲ့ ကုလားမတောင်အကြားမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက် ကိုင်AAအဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားနေဆဲလို့လဲဒေသခံတွေကပြောပါတယ်။

AAပြန်ကြားရေးတာဝန်ခံခိုင်သုခကတော့မင်းပြားမြို့နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်ဖက်မှာတိုက်ပွဲဖြစ်ခဲ့ကြောင်းအတည် ပြုပေမဲ့အသေးစိပ်မခြေအနေမသိရှိသေးကြောင်းပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာတပ်မတော်နဲ့ AAအဖွဲ့တို့တိုက်ပွဲတွေကျယ်ပြန့်စွာဖြစ်လာနေ သလို တိုက်ပွဲစဉ်အတွင်း ဒေသခံ(၆၁၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG