သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲတွေဆက်ရှိ


စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင်မြို့နယ် (၃)ခုမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့AAတို့ အကြားတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AAတာဝန်ရှိသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဖက်ကတော့ မနေ့က ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်သိမ်းဆီးရရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေခဲ့တယ်လို့ AAဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနေ့ကတရက်ထဲမှာဘဲ ရသေ့တောင်၊ မြေပုံနဲ့ဘူးသီးတောင်မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“မနေ့ကသြဂုတ်လ(၁၈)ရက်နေ့မှာ ရသေ့တောင်မြို့နယ်ထဲမှာတော့ မညှင်းတောင်ရွာနဲ့ပြိန်းတောရွာအကြားမှာ တကြိမ်။ နောက်ပြီးတော့ အမျက်တောင်ရွာနဲ့ ငစံဘော်ရွာအကြားမှာတကြိမ်ပေါ့နော်။ နောက်ပြီးတော့(၁၈)ရက်နေ့မှာဘဲ မြေပုံမြို့နယ ်၊ ရှောက်ခြုံရွာရဲ့ အနောက်ဖက်ပေါ့နော်။ ခမရ(၅၅၆) သံတွဲအခြေစိုက်တပ်နဲ့ ကျွန်တော်တို့ ရခိုင့်တပ်တော် လှုပ်ရှားစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဒီသြဂတ်(၁၈)ရက်နေ့မှာဘဲ ဘူးသီးတောင်မြို့နယ် ဂေါင်းတိုက် ကုလားရွာရဲ့အရှေ့ဖက် ဒီဗမာစစ်ကြောင်း တခုကို ကျွန်တော်တို့ရခိုင့်တပ်တော်ရဲ့ ကွန်မန်ဒိုတွေကနေပြီးတော့ စီးနင်း တိုက်ခိုက်ခဲ့တာရှိတယ်။ (၁၈)ရက်နေ့ တရက်ထဲမှာ မြို့နယ်(၃)ခုမှာ ဖြစ်တဲ့တိုက်ပွဲတွေ ဖြစ်စဉ်တလျှောက်မှာလဲ ရန်သူ ဖက်ကနေ(၂၅)ဦး ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေအများအပြားရှိတယ်။”

မနေ့က ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ များပြားတယ်လို့AAဖက်က ပြောနေသလို သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ကတိုက်ပွဲဖြစ်ပွား ခဲ့တဲ့ရသေ့တောင်မြို့နယ် မညင်းတောင်ရွာနဲ့ပြိန်းတောရွာဟာ လုံခြုံရေးစိုးရိမ်နေရတဲ့ဒေသဖြစ် လို့ ရွာသားအများအပြားဟာ စစ်ဘးတိမ်းရှောင်နေကြရပြီး ရွာတွေထဲမှာတော့ သက်ကြီးရွယ်အိုတွေသာ ကျန်ရှိနေ တယ်လို့ ပြိန်းတောရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

“အဲဒီဖက်ကရွာတွေမှာ အကုန်လုံးက ရွာမှာကအိမ်စောင့် သက်ကြီးရွယ်အိုတွေ အသက်(၅၀)ကျော်အရွယ် အဲဒီလောက် ဘဲကျန်တယ်။ ရွာမှာကလေ။ လုံခြုံရေးကအဲဒီဖက်မှာ မကောင်းလို့ မြို့ပေါ်မှာဘဲ နေတာများတယ်။”

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုနဲ့ပက်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျွန်တော်တို့ဖုံညိုလိတ်ဖက်မှာတော့ နေ့လည်ပိုင်းလောက်မှာ ထိတွေ့မှု တခုဖြစ်ခဲ့တယ်။ ရန်သူ့ဆီက လက်နက်တလက် ရလိုက်တာတော့ရှိတယ်။ အဲတာဘဲရှိတယ်။”

ဘူးသီးတောင်မြို့နယ်ဖုံညိုလိတ်ဖက်မှာသာတိုက်ပွဲဖြစ်ပွားတာရှိပြီး တခြားနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့တပ်မ တော်ဖက်ကပြောပါတယ်။

မနေ့ကမြေပုံမြို့နယ် ရှောက်ခြုံရွာဘက်မှာ မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား ခဲ့တယ်လို့ ကမ်းထောင့်ကြီး ဒေသခံတဦးကပြောပါတယ်။

“မနေ့ကကမ်းထောင့်ကြီးဘက်မှာ တပွဲတော့ ကြမ်းခဲ့တယ်။ မြေပုံမြို့နယ် ရှောက်ခြုံတောင်နားမှာ။ ကမ်းထောင့်ကြီး မြို့ရဲ့အဝင်လမ်းပေါ့။ ရှောက်ခြုံတောင်။ ထိခိုက်တာတော့မပြောတတ်ဘူး။ အကျဆုံးတာတွေရှိတယ်။ တိုက်ပွဲ ကနည်းနည်းပြင်းတယ်။”

သြဂုတ်လ(၁၅) ရက်နေ့တုန်းက ကျောက်တော်မြို့နယ်၊"ဂျင်းခါးစေ့ရွာ" အနောက်တောင်ဖက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ မှာတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

“သြဂုတ်လ(၁၅)ရက်နေ့မှာ ကျောက်တော်မြို့နယ် ဂျင်းခါးစေ့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲမှာ တော့ ဗမာစစ်တပ်ဖက်ကနေပြီးတော့ (၄)ဦးကျဆုံးတာရှိတယ်။ နောက် ကျွန်တော်တို့ရခိုင်တပ်တော်ဖက်ကလဲဘဲ စစ်သည်တော်(၃)ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတာရှိတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲတွေကလဲ ကျယ်ပြန့်စွာ ဖြစ်နေပါတယ်။နှစ်ဖက်တိုက်ပွဲကြောင့် စစ်တွေမြို့အပါအဝင် မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ဘေးသင့်ပြည်သူ စုစုပေါင်း ၆၁၀၀၀ကျော် ရှိနေပြီးလို့ စစ်တမ်းကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ဒီကနေ့မှာ သတင်း ထုတ် ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG