သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ဆက်သွယ်မှုသံသယနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးပါ ၃ ဦး အဖမ်းခံရ


ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ရခိုင်လူမျိုးစုလက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်သွယ် တယ်ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ကပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေဆဲ ရခိုင်ပြည်နယ်တွင်းမှာ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒေသခံတွေ ဖမ်းဆီးခံနေကြရတာမှာ သိရတဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေဆဲပါပဲ။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် လူ(၃)ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်သွယ်ကြောင်းစီစစ်တွေ့ရှိပြီး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ထိန်းသိမ်း ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးအပါဝင်ပါ အဲဒီမှာ(၃)ယောက် စစ်ဆေးနေတာရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ကျောင်းဆရာတယောက်ရယ် နောက်တယောက်ရယ် ကျွန်တော်တို့ ခေတ္တထိန်းသိမ်းထားတာရှိပါတယ်။ သူတို့ဆီက နေပြီးတော့AAနဲ့ဆက်သွယ်ထားတဲ့ဟာ အဆက်သွယ်တွေ ကျွန်တော်တို့တွေ့ရှိတဲ့အတွက် ခေတ္တထိန်းသိမ်းထား တာရှိပါတယ်။ ရဲစခန်းကိုအပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီဘဲဆောင်ရွက်သွားပါမယ်။”

ပြီးခဲ့တဲ့သြဂုတ်လ(၉)ရက်နေ့က မြန်မာစစ်တပ်ကနေ ကျောက်ရန်ကျေးရွာအတွင်း သတင်းအရ ရှာဖွေစစ်ဆေးရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးစံမောင် ကျေးရွာ မူလတန်းပြဆရာဦးနိုင်အောင်ထွန်းနဲ့ တံငါလုပ်ငန်းလုပ်ကိုင်သူ ကျော်သူစိုးတို့ကို AA အဖွဲ့နဲ့အပြန်အလှန်ပြောဆို ဆက်သွယ်ထားတဲ့အထောက် အထားတွေ့ရှိရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတချို့ကို AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး အရင်ကလည်း ဖမ်းဆီးတာတွေရှိဖူးပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့ အခြေအနေကြောင့် တာဝန်က နုတ်ထွက်သွားတဲံ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အရေအတွက်ဟာလည်း ၁၀၀ ထက်မနည်း ရှိပါတယ်။

ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်းရွှေကတော့ မြန်မာစစ်တပ်ကနေ မနေ့ကရွာသား(၁၃)ဦးကိုဖမ်းဆီးထားပြီး ဒီကနေ့မှာ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲက(၅)ဦးကို ဖမ်းဆီးထားတယ်လို့ပြောပါတယ်။

“နောက်ဆုံးအခြေအနေက မနေ့ကဖမ်းသွားတဲ့လူတချို့ ပြန်လွတ်လာပါတယ်။ အကုန်လုံးတော့ ကျွန်တော်ကိုပို့တဲ့ စာရင်းထဲမှာတော့ (၁၃)ယောက်လောက်ပါတယ်။ တချို့ပြန်လွှတ်လာပြီးတော့ အဲဒီမှာ ကျန်ခဲ့တဲ့လူက (၅)ယောက် ဘဲကျန်ပါတယ်။ ကျန်တဲ့လူကိုလွှတ်ပေးလိုက်ပါတယ်။”

ပြီးခဲ့တဲ့သြဂုတ်လ(၅)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာမှာ တာဝန်ထမ်းဆောင် နေတဲ့ မူလတန်းပြ ကျောင်းဆရာတဦးကို မြန်မာစစ်တပ်ကနေ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက် သွယ်နေတယ်ဆိုတဲ့ အချက်လက်ကိုတွေ့ရှိရလို့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

လက်ရှိအချိန်ထိကတော့ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွါးနေတာပါ။

မနေ့ကစနေနေ့မှာ ကျောက်တော်မြို့နယ်၊ "အပေါက်ဝရွာ"နှင့် "ခွဆုံရွာ"အကြားမှာ AAအဖွဲ့နဲ့မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မနေ့က ကျောက်တော်မြို့နယ်အပေါက်ဝနဲ့ခွဆုံရွာကြားမှာ မနက်(၉)နာရီနဲ့(၅)မိနစ်မှာ အဲဒီမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ဗမာစစ်တပ်ရဲ့တပ်မ(၅၅)လက်အောက်ခံ အင်အား(၈၅) ယောက်လောက် ပါတဲ့စစ်ကြောငိးတခုကို ကျွန်တော် တို့ရခိုင့်တပ်တော်ဖက်ကနေပြီးတော့တိုက်ခိုက်တယ်။ ရန်သူဖက်က(၅)ဦး ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူလဲရှိတယ်။”

တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောဆိုခဲ့သလို မနေ့ကမြောက်ဦးမြို့နယ် ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်ဖက်မှာ တိုက်ပွဲနဲ့ဗုံးပေါက် ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

“ကျောက်တော်ဖက်မှာတော့မရှိပါဘူးဗျာ။ ကျွန်တော်တို့ မြောက်ဦးအရှေ့ခြမ်းမှာ ဖြစ်ပွားခဲ့တယ်။ မြောက်ဦးက ကျွန်တော်တို့ရွှေကျွန်းကျေးရွာအရှေ့ဖက်လောက်မှာဖြစ်တာဗျ။ ရွာနဲ့တော်တော်ဝေးပါတယ်။ (၃)မိုင်လောက်တော့ ဝေးတယ်။ နှစ်ဖက် ထိခိုက် ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ ကျွန်တော်တို့ မောင်းတောဖက်မှာတော့ မနက်ပိုင်း(၁၀)နာရီလောက်မှာ ရီမုမိုင်းတလုံးပေါက်တာရှိတယ်။ ရွှေရင်အေး ကျေးရွာ အနားလေးမှာပေါ့။”

မောင်တော ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်မှုမရှိပေမယ့် ဘယ်အဖွဲ့လက်ချက်ဆိုတာ စုံစမ်းနေဆဲလို့သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြားတိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေကလည်း တနေ့တခြားတိုးလာနေပြီး အခုဆိုရင် ၆၀၀၀၀ လောက် ရှိလာနေပြီးလို့ အကူညီပေးအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်စဉ်အတွင်း AA နဲ့ပက်သက်နေတယ်ဆိုပြီး မသင်္ကာမှုနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်ဟာလည်း (၂၀၀) နီးပါး ရှိ လာနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG