သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်း တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင်များ
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင်များ

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲမှာ မနေ့ကနဲ့ ဒီကနေ့အထိ စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ရတဲ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှုတွေ ရှိနေတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ မြန်မာစစ်တပ်ဘက် ကတော့ ထိခိုက်မှု အခြေအနေကို ပြောဆိုတာ မရှိခဲ့ပါဘူး။ တချိန်ထဲမှာပဲ ဒီကနေ့ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အရပ်သားတွေထိခိုက်မှုရ ှိနေသလို ရွာသားတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအရှေ့ဘက် တောင်ဖြူတောင်ဘက်မှာ ဒီမနက်ပိုင်းကစပြီး မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးနေတယ်လို့ ဒသခံတွေကပြောပါတယ်။

ဒီနေ့တိုက်ပွဲမှာမြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒေသခံရွာသားတချို့ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကျန်းရိပ်ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံဦးသိန်းထွန်းက ပြောပါတယ်။

“ဒီမနက် ၈ နာရီကတော့ ပန်းမြောင်းအထက်ဘက်မှာ ဖြစ်တယ်။ ရဟတ်ယာဉ် နှစ် စီးနဲ့ လာပစ်တာ ရှိတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ နီးတဲ့ရွာတွေကတော့ နည်းနည်း ထွက်ပြေးကြတယ်။ ဒါပေမဲ့ရွာတွေဘက်ကိုတော့ ထိခိုက်မှု မရှိဘူးလေ။”

ဒါ့အပြင် မြောက်ဦးမြို့နယ် ရဲတပ်ရင်းဘက်ကလည်း တိုက်ပွဲဖြစ်ပွားရာ နေရာကို လက်နက်ကြီးတွေနဲ့ အကူ ပစ်ပေးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီမနက် ပန်းမြောင်းရွာအထက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပေမဲ့ အခြေနေအသေးစိတ်ကို မသိရသေးဘူးလို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“ဒီနေ့မှာလည်း မင်းပြားမြို့နယ်ဘက် ဖြစ်နေတယ်လို့တော့ ကျနော်လည်း ကြားတာပေါ့နော်။ ဒါပေမဲ့လို့ အသေးစိတ်ကတော့ ဘာမှမရောက်လာသေးဘူး။”

မနေ့ကလည်း မင်းပြားမြို့နယ် ရွှေကျင်နှင့် ဒိုင်းသားရွာအကြားမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ဆက်ပြောပါတယ်။

“မနေ့က တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်တာ ရှိတယ်ဗျ။ မင်းပြားမြို့နယ် ဒိုင်းသားရွာရဲ့ အရှေ့တောင်ဘက်ပေါ့နော် အဲဒီမှာ တနေကုန်ဖြစ်နေတာဗျ တိုက်ပွဲက။ မနက် ၉ နာရီခွဲလောက်က စပြီးတော့ ည ၇ ရောက်မှပဲ ပစ်တာခတ်တာတွေ ရပ်သွားတာပေါ့နော်။ ညနေ ၃ နာရီလောက်မှာတော့ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပြီးတော့ ဒါ ၁၅ မိနစ်လောက်အထိပေါ့နော်။ စက်သေနတ်တွေနဲ့ ပစ်တာ ရှိတယ်။ နောက်ရော့ကက် တွေနဲ့ ပစ်တာ ရှိတယ်။ မနေ့က တိုက်ပွဲဖြစ်စဥ ်တလျှောက်လုံးမှာတော့ ဗမာစစ်တပ်ဘက်က နေပြီးတော့ ၄၀ အထက် ကျဆုံးတာ ရှိတယ်။ ကျနော်တို့ ရခိုင်တပ်တော်ဘက်ကတော့သုံး ဦး ကျဆုံးတာ ရှိတယ်။ နောက် နှစ် ဦး ဒဏ်ရာရတာ ရှိတယ်။”

မနေ့က မင်းပြားမြို့နယ် တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ကျဆုံးတာ များပြားတယ်လို့ AA ဘက်က ပြောဆိုနေသလို သီးခြား အတည်မပြုနိုင်သေးပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ မနေ့ကနဲ့ ဒီကနေ့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့ဒီနေ့ ပန်းမြောင်းရဲ့ အရှေ့ဘက်မှာ ထိတွေ့မှု ဖြစ်တာရှိတယ်။ တိုက်ပွဲအထဲက သူပစ်ကိုယ်ပစ်ပေါ့။ လေယာဉ်ကတော့ လေယာဉ်တော့သုံးမှာပေါ့။ မနေ့ကလည်း ဖြစ်တာပဲ။ ဒီနေ့လည်း ဖြစ်တာပဲ။"

မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ဒီမနက်မှာလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရသေ့တောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။

“အဲဒီမှာဖြစ်တာနဲ့ ရွာသားတွေက ထွက်ပြေးနေကြပြီ။ ပေါက်တောကြီးဘက်ကို ပြေးနေပြီ။ အဲဒီမှာအမျိုးသမီးတယောက် ဒဏ်ရာရတာ ရှိတယ်ဗျ။ သူရွာကနေ ထွက်ပြေးတော့ အဲဒီမှာ ပစ်ခတ်မှုကြောင့်ပဲ ဒဏ်ရာရတယ်။ သူကစစ်တွေရောက်နေပြီ။ စစ်တွေ ဆေးရုံရောက်နေပါတယ်။ ကျည်ထုတ်ဖို့တော့ လုပ်နေပါတယ်။”

ရခိုင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနေခဲ့တာ ၁၀ လ ကျော်ရှိလာနေပြီ ဖြစ်သလို နှစ်ဘက် တိုက်ပွဲလျော့ချလာမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦး ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ ကောက်ယူထား တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG