သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး TV သတင်းထောက် နန္ဒ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို CPJ တောင်းဆို


ဖမ်းဆီးခံသတင်းထောက် နန္ဒ (ဓာတ်ပုံ Channel Mandalay TV)
ဖမ်းဆီးခံသတင်းထောက် နန္ဒ (ဓာတ်ပုံ Channel Mandalay TV)

ပုဂ္ဂလိကပိုင် Channel Mandalay TV သတင်းဌာန အသံလွှင့်သတင်းထောက် နန္ဒကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ မြန်မာအာဏာပိုင်တွေအနေနဲ့ ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ပေးရေး အဖွဲ့က မေလ ၂၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ မန္တလေးရှိ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးသုံး အင်္ဂတေ ထုတ်လုပ်တဲ့ စက်ရုံအပေါ် မြေယာသိမ်းဆည်းခံရမှု ဆန္ဒပြတာကို သတင်းယူခဲ့မှုကြောင့် မေလ ၁၅ ရက်နေ့ မနက်မှာ ရဲက နန္ဒကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်ကြောင်း သူ့ကို ရဲ က စွပ်စွဲခဲ့ပြီး မန္တလေးရဲ့ အိုးဘိုထောင်မှာ စွဲချက်မတင်ဘဲ ထိန်းသိမ်းထားတယ်လို့ Channel Mandalay TV ရဲ့ အမှုဆောင်အရာရှိ ဦးမင်းဒင်က CPJ ကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့တယ်လို့ CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှရေးရာ အဆင့်မြင့်အရာရှိ Shawn Crispin က ဆန္ဒပြမှုကို သတင်းယူခဲ့တဲ့ သတင်းထောက်ကို မြန်မာအာဏာပိုင်တွေ အနေနဲ့ ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီကို အလေးထားမယ်ဆိုရင် သတင်းမီဒီယာကို လိုက်လံ ဟန့်တားနှောင့်ယှက် နေတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ဆန္ဒပြမှုကို ရဲက နှိပ်ကွပ်စဉ် ဖမ်းဆီးခံခဲ့ရတဲ့လူ ၄ ဦးအနက် သတင်းထောက် နန္ဒလည်း ပါဝင်ပါတယ်။

လုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေကို ရာဘာ ကျည်ဆံတွေ အပြင် မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲခဲ့တာ ဖြစ်ပါ တယ်။ သူ ဖမ်းဆီးခံရစဉ် နန္ဒဟာ Channel Mandalay TV Facebook စာမျက်နှာကတဆင့် ဆန္ဒပြမှုကို တိုက်ရိုက် ထုတ်လွှင့်ခဲ့တာ ဖြစ်တယ်လို့လည်း ဦးမင်းဒင်က CPJ ကို ပြောခဲ့ပါတယ်။ နန္ဒ အနေနဲ့ ဆန္ဒပြသူတွေနဲ့ ရဲကြားမှာ ရှိနေတာဖြစ်ပြီး အာဏာပိုင်တွေ စွပ်စွဲသလို ဆန္ဒပြမှုမှာ မပါဝင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။ CPJ က မန္တလေးရဲဌာနကို တယ်လီဖုံးနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ နန္ဒအနေနဲ့ ရာဇဝတ်မှု ကျူးလွန်ရာမှာ ပါဝင်မှု၊ စစ်အရာရှိတွေကို ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု စသဖြင့်တို့အပေါ် အခြေခံပြီး ပုဒ်မ ၁၁၄၊ ၃၃၃၊ ၄၃၅ နဲ့ စွဲချက်တင်ခံရဖွယ် ရှိတယ်လို့လည်း ဦးမင်းဒင်က CPJ ကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG