သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသ ဝက်သက်ကြောင့် ၄၂ ဦး သေဆုံး


နာဂဒေသ ဝက်သက်ဖြစ်ပွားရာ နေရာများ (MOI)
နာဂဒေသ ဝက်သက်ဖြစ်ပွားရာ နေရာများ (MOI)

အသက်(၆)နှစ်အရွယ် နာဂကလေးငယ်တစ်ဦး ထပ်မံ သေဆုံးသွားတဲ့အတွက် အခုဆိုရင်တော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဝက်သက် ကူးစက်ရောဂါကြောင့် သေဆုံးသူပေါင်း ၄၂ဦး ရှိသွားပြီဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ဝက်သက်ရောဂါကို ထိန်းချုပ်လိုက်နိုင်ပြီ ဆိုပေမဲ့လို့ ရောဂါအခြေအနေဆိုးဝါးလို့ နောက်ထပ် အသက်အန္တရာယ်စိုးရိမ်နေရဆဲ ကလေးငယ်တွေလည်း ရှိနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုတွေနဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကြောင့် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ အရေးပေါ် လိုအပ်နေတဲ့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးတကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ နာဂအမျိုးသားရေးရာကောင်စီက တောင်းဆိုလိုက်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

နာဂဒေသ ဝက်သက်ရောဂါကုသနေစဉ် (MOI)
နာဂဒေသ ဝက်သက်ရောဂါကုသနေစဉ် (MOI)

ပြီးခဲ့တဲ့ဇွန်လဆန်းကစလို့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေထဲက ကျေးရွာအချို့မှာ ဝက်သက်ကူးစက်ရောဂါကြောင့် အသက်တစ်နှစ်သားအရွယ်ကလေးငယ်ကစလို့ အသက်(၉၄)နှစ်အရွယ် လူကြီးအထိ သေဆုံးသူပေါင်း ၄၀ကျော်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အသက်(၆)နှစ်အရွယ် နာဂကလေးငယ်တဦး ထပ်ပြီး သေဆုံးသွားခဲ့ရတဲ့အတွက် အခုဆိုရင်တော့ သေဆုံးသူဟာ (၄၂)ဦးရှိသွားပြီဖြစ်ပြီး အခုဆိုရင် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ရောဂါပြင်းထန်နေတဲ့ ကလေးငယ်က အနည်းဆုံးသုံးဦးလောက်ရှိနေတယ်လို့ နာဂအမျိုးသားရေးရာကောင်စီ သတင်းပြန်ကြားအဖွဲ့က ဦးကဲယုန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ကပဲ ကလေးတယောက်ဆုံးသွားတယ်ပေါ့။ ကျနော်တို့ အဲ့ဒီ့ကလေး ဆုံးသွားတဲ့နောက်ပိုင်းမှာ အစိုးရကတော့ ဒီအခြေအနေကို ထိန်းချုပ်နိုင်ပြီ လို့ ကြေညာတယ်ပေါ့နော်။ ကြေညာပေမဲ့လို့ ဆက်ပြီးတော့မှ ရောဂါအခြေအနေက ဆိုးနေတဲ့သဘောမျိုးမှာ ရှိတယ်။ ဒီနေ့ဆိုရင်လည်း ထန်ခေါ်လာမားကျေးရွာမှာ ကလေးသုံးယောက်က အသည်းအသန်ဖြစ်နေတယ်။ အခု အရေးပေါ် ကျနော်တို့ လိုအပ်နေတာကတော့ နံပတ်တစ်တချက်က ကျနော်တို့ ဒီရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ရန်အတွက် ကူးစက်ရောဂါထိန်းချုပ်နိုင်တဲ့ ထိန်းချုပ်ရေးမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆရာဝန်တွေ လိုအပ်တယ်။ လိုအပ်တဲ့ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက အပြည့်အဝ ရရှိဖို့ လိုအပ်နေတယ်ပေါ့။

တချိန်တည်းမှာပဲ ဒီဒေသတွေက လွန်ခဲ့တဲ့ သုံး၊လေးလကတည်းက စားနပ်ရိက္ခာပြတ်တောက်နေတဲ့အခါမှာ သူတို့တွေဟာ Nutrition မကောင်းဘူးပေါ့နော်။ Imu တွေ မကောင်းတဲ့ အခါမှာ ကူးစက်ရောဂါတွေကို ကူးစက်ဖို့ မြန်ဆန်စေတယ်။ ပြီးတော့ သူတို့ခုခံအားမရှိတဲ့အခါမှာ သူတို့အတွက် စိုးရိမ်ရတဲ့အခြေအနေမျိုးမှာ ဖြစ်သွားတာပေါ့။ သူတို့အတွက် စားနပ်ရိက္ခာတွေ အမြန်ဆုံးပေးပို့ဖို့ လိုအပ်နေတယ်။”

တနင်္ဂနွေနေ့ကတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဝက်သက်ကူးစက်ရောဂါကြောင့် လူအများပြားသေဆုံးနေရပြီး ကျန်ရှိနေတဲ့ ကျေးရွာသူကျေးရွာသူတွေအတွက် စိုးရိမ်ရတဲ့ အနေအထားမှာရှိနေလို့ ပြည်ထောင်စုအစိုးရအနေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ အတွက် ဒုသမ္မတ(၂) ကို နာဂအမျိုးသားကောင်စီဘက်က တောင်းဆိုခဲ့တယ်လို့လည်း ဦးကဲယုန်းကပြောပါတယ်။

“ မနေ့ကလည်း နိုင်ငံတော်ဒုတိယသမ္မတ(၂) ကို တွေ့တယ်။ တွေ့ပြီးတော့မှ ကျနော်တို့လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို ပံ့ပိုးပေးဖို့ ကျနော်တို့ သူ့ကိုတောင်းဆိုတယ်။ သူကလည်း သူတတ်နိုင်တဲ့ သူ လုပ်လို့ရတဲ့လမ်းကြောင်းတွေနဲ့ အမြန်ဆုံးကူညီပံ့ပိုးပေးမယ်လို့ ကျနော်တို့ကို ကတိပေးသွားတယ်။ ပြီးတော့ တချို့ကိစ္စတွေကို ကျနော်တို့ ဒီကက်ဘိနက်အစည်းအဝေးကို တင်ပြပြီးတော့မှ လိုအပ်တဲ့အခြေအနေ၊ လိုအပ်တဲ့ပံ့ပိုးမှုတွေကို ကူညီဆောင်ရွက်ပေးဖို့ပြောတယ်။ နောက် ချက်ခြင်းပဲ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးပေါ့နော်၊ နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးတွေကို သူတို့ ချက်ခြင်းဖုန်းဆက်ပါတယ်ဗျ။ ဆိုတော့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို သူပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ် ကျနော်တို့ စောင့်မျှော်နေတယ်။”

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါကို ကွင်းဆင်းကုသ ထိန်းချုပ်နိုင်ပြီး ရောဂါဖြစ်နေတဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသတွင်း အရေးပေါ်ဆေးဝါး ကုသမှုလုပ်ငန်းတွေနဲ့ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက သက်ဆိုင်ရာ တာဝန်ရှိ သူတွေက အရေးတကြီးဆောင်ရွက်ပေးနေကြတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အစိုးရပြန်ကြားရေးကတဆင့် ပြောဆိုထားပါတယ်။

ဒါပေမဲ့လို့ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ရာသီဥတုဆိုးဝါးနေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ နာဂပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်)ရဲ့ ဒုဥက္ကဋ္ဌ ကိုဌေးတင့်( Htay Kyulzdap) က ပြောပါတယ်။

“အဓိကကတော့ ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်။ အထူးသဖြင့် ကျနော်တို့ လမ်းပမ်းဆက်သွယ်ရေးက မကောင်းဘူးပေါ့နော်။ လမ်းက မကောင်းတော့ နိုင်ငံတော်ကနေပြီးတော့ အရေးတယူဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေဆုံးသူဦးရေက တဖြေးဖြေးတိုးလာပြီပေါ့နော်။ အဲ့ဒီ့လိုအခြေအနေမှာ အစိုးရဘက်က တကယ့် Emergency Response တွေပေးသင့်တာပေါ့နော်။ ဥပမာ ရဟတ်ယာဉ်နဲ့ အာဟာရတွေ ဆေးဝါးတွေ ရိက္ခာတွေ ပို့ဖို့လိုတယ်။ အခုက အာဟာရပြတ်လပ်မှုတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ အာဟာရမရှိတော့ ရောဂါခုခံနိုင်စွမ်းလည်း မရှိဘူး မရှိတော့ အဓိက ကတော့ အာဟာရနဲ့ပတ်သက်ပြီး ဒီဆန်တို့ နောက်ပြီးတော့ တခြား ဒီအာဟာရမှုန့်တွေပေါ့နော် အများကြီးလိုအပ်နေပါတယ်ခင်ဗျ။”

သြဂုတ်လ(၁၆)ရက်နေ့ မနက်ဖြန်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါအခြေအနေ၊ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးတွေမှာ ကြုံနေရတဲ့အခက်အခဲတွေနဲ့ လက်ရှိအနေအထားတွေနဲ့ပတ်သက်လို့ နာဂအရပ်ဖက်အဖွဲ့အစည်းတွေဘက်က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ကျင်းပဖို့လည်း ရှိနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ခေါ်လာမား ကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လဆန်းကစပြီး ၁၅ နှစ် အောက်ကလေးငယ်လေးတွေမှာ အဲ့ဒီ့ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာပါ။ လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲ က ကဲဆန်နုတ်ညို၊ ကဲဆန်ဆာလင်၊ ကဲဆန်ကာလန်၊ ကဲဆန်ဘောက်လွန်း၊ ကဲဆန်လုံကျန်း ကျေးရွာတွေမှာလည်း အဲ့ဒီ့ ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့တာဖြစ်ပါတယ်။

နာဂဒေသ ဝက်သက်ကြောင့် ၄၂ ဦး သေဆုံး
please wait

No media source currently available

0:00 0:04:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG